ပြည်တွင်းတွင် ဆန်လက်ကျန် နည်းပါးနေသောကြောင့် ဆန်ဈေးနှုန်း မြင့်တက်နေပြီး ယခုနှစ် စပါးပေါ်ချိန်၌လည်း စပါးဈေး မြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
ကမ္ဘာ့ဆန် ဝယ်လိုအား များလာသည့်အပြင် ပင်လယ်ရေကြောင်းဖြင့် ဆန်တင်ပို့မှုသည် ယခင်နှစ်ထက် များလာသော ကြောင့် ဆန်နှင့် စပါးလက်ကျန် နည်းပါးနေ၍ ဆန်ကြမ်းဈေး အနည်းငယ် မြင့်တက်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
‘‘ကမ္ဘာ့ဆန်ဈေးကလည်း တက်တယ်။ ဝယ်လိုအားလည်း များတယ်။ ဒီနှစ်ကတော့ ထူးထူးခြားခြား သီရိလင်္ကာနိုင်ငံလည်း ဆန်စပါး ပြတ်လပ်တာကြောင့် တင်ပို့ထားတယ်။ ပြည်တွင်းဆန်ဈေး တက်တယ်။ ဆန်လက်ကျန်၊ စပါးလက်ကျန် နည်း တယ်။ မနှစ်က မိုးစပါးပေါ်စနဲ့ ဒီနှစ်က ပိုပြီးတော့ မိုးစပါးကောင်းမယ်လို့ ခန့်မှန်းပါတယ်’’ ဟု ပြောသည်။
ထို့ကြောင့် ယခင်နှစ် မိုးစပါးဈေးထက် ယခုနှစ် မိုးစပါးဈေးမှာ ပိုမို မြင့်တက်နိုင်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။
လက်ရှိအချိန်ထိ ပြည်ပသို့ ဆန်တန်ချိန် ၁ သန်းကျော်၊ ၂ သန်းခန့်ကို ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့ထားပြီး ယနှစ်အတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် နယ်စပ်က အဖမ်းအဆီး ကြမ်းသော်လည်း ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှု များပြားနေ၍ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၆ သိန်း ပိုမို တင်ပို့ထားကြောင်း ၎င်းက ဆိုသည်။
တောင်ဒဂုံမြို့နယ် ရွှေပြည်စံ ဆန်ဆိုင်ပိုင်ရှင် ဦးချမ်းက “အိတ်စ်ပို့က အရမ်းသွားနေတော့ ပြည်ပကို အဓိက တင်ပို့နေတဲ့ အကြမ်းဈေးက တက်တယ်။ လက်လီဈေးမှာ တအိတ်ကို ကျပ် ၅၀၀ လောက် တက်တယ်။ အချောကတော့ အိတ် သားတက်လို့ (အရောင်ပြောင်းလို့) တအိတ်ကို ကျပ် ၂၀၀၀ လောက် ကျတယ်။ ဒါက ရှယ်ဆန်အချော ကျတာတော့ မဟုတ်ဘူး။ သာမန် အလယ်အလတ် ဆန်ချောဈေး ကျတာ။ ပင်လယ်ရေကြောင်းက သွားတာများတော့ ဆန်ကြမ်း ကတော့ ဈေးတက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
စပါးလက်ကျန် နည်းနေသည့်အတွက် ဆန်တအိတ်လျှင် ကျပ်၁ထောင်ခန့် ဈေးမြင့်တက်နိုင်ကြောင်းနှင့် မိုးစပါး ပေါ်ချိန်တွင်လည်း ဈေးတက်နိုင်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ ဆန်ဈေးကွက်တွင် ဆန်ကြမ်းတအိတ်လျှင် ကျပ် ၂၁၇၀၀ ဖြင့် ရောင်းဝယ်လျက်ရှိနေပြီး ဆန်လက်ကျန် နည်း ပါးနေကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှ သိရသည်။
ပြီးခဲ့သည့်နှစ် စပါးပေါ်ချိန်တွင် တင်းတရာလျှင် ကျပ် ၅ သိန်း ၅ သောင်းမှ ကျပ် ၆ သိန်းအထိ ဈေးပေါက်ခဲ့ပြီး ယခုနှစ်တွင် လက်ကျန်နည်းသောကြောင့် ဈေးကွက်သဘောအရ ဈေးတက်နိုင်ကြောင်း ဆန်၊ စပါး ကုန်သည်များထံမှ သိရသည်။
မိုးစပါးသည် ရန်ကုန်တိုင်းဒေသကြီး ခရမ်း၊ သုံးခွမြို့နယ်တို့တွင် အစောဆုံးပေါ်ပြီး ဧရာဝတီတိုင်းက ၄၅ ရက်ခန့် နောက် ကျပြီးမှသာ မိုးစပါးပေါ်ကြောင်း ခရမ်းမြို့နယ် လယ်သမားဦးကျော်ခိုင်က ပြောသည်။
ဆန်စပါးပြည်ပ တင်ပို့မှုနှင့် ပတ်သက်ပြီး လက်ရှိ အစိုးရသက်တမ်းတွင် နှစ်နိုင်ငံ သဘောတူညီမှုစာချုပ် (G to G) ရေးထိုး ခြင်း မရှိသေးသော်လည်း ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ တရုတ် နှင့် ဖိလစ်ပိုင် အစရှိသည့် နိုင်ငံများက ဆန်(၂၅ မှတ်တန်) များ ဝယ်ယူရန် ကမ်းလှမ်းထားမှုများ ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
ပြည်ပသို့ အိတ်စ်ပို့ ပြုလုပ်နေသည့် ဆန်စပါးလုပ်ငန်းရှင် တဦးက “ ပြည်ပကို ကုန်သည်ချင်း တင်ပို့တာ များတယ်။ အစိုးရ ချင်း သဘောတူစာချုပ် ချုပ်ဆိုပြီး တင်ပို့တာက မအောင်မြင်ဘူး။ ဘာလို့လဲဆိုတော့ ဆန်ရဲ့ အရည်အသွေးပါသလို၊ ဈေးနူန်းကြောင့် တဖက်နဲ့ တဖက် ညိုနေကြတာလည်း ပါတယ်’’ဟု ပြောသည်။
ယခုနှစ်တွင် ပြည်ပသို့ တင်ပို့နေသည့် ၂၅ မှတ်တန်ဆန်ဈေးသည် ပြီးခဲ့သည့်လ ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ၁၀ ရာခိုင်နှုန်း ခန့် မြင့်တက်လာပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။