၂၀၁၈ ခုနှစ် အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တလျှောက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိကြောင်း နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက သတင်း ရရှိသည်။
အဆိုပါ ယာဉ်မတော်ဆမှု အများစုမှာ အရှိန်လွန် မောင်းနှင်မှုကြောင့် ဖြစ်ရကာ ၂၀၁၈ ခုနှစ်၌ အမှု စုစုပေါင်း ၄၇၃ မှု ဖြစ် ပွားခဲ့ပြီး၊ ၁၀၃ ဦး သေဆုံး၍ ၈၇၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တဦးက ပြော သည်။
“ဒီနှစ်အမှုမှာ ဖြစ်စဉ် ကြီးတာ မရှိဘူး။ သာမန် ရိုးရိုး ဖြစ်စဉ် များတယ်။ အရှိန်လွန်မောင်းတဲ့ ကားတွေ၊ ကားဘီးပေါက် လို့ ဖြစ်တဲ့ အမှုတွေ အများဆုံး ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း အချက်အလက်များ အရ ၂၀၁၆ ခုနှစ်၌ အမှုပေါင်း ၇၇၄ မှု ဖြစ်ပွားခဲ့ကာ၊ ဒဏ်ရာ ရရှိ သူ ၁၃၀၄ ဦး၊ ၁၇၀ သေဆုံးခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် အမှုပေါင်း ၅၅၅ မှု ဖြစ်ပွားကာ ဒဏ်ရာရရှိသူ ၈၆၃ ဦး ရှိခဲ့ပြီး ၊ ၁၁၆ ဦး သေဆုံးခဲ့သည့် အတွက် ၂၀၁၆ ခုနှစ်ထက် သေဆုံးသူဦးရေ လျော့ကျခဲ့ကြောင်း အဆိုပါ အချက်အလက်များ၌ ဖော်ပြထားသည်။
ယာဉ်တိုက်မှု အများဆုံးမှာ အိမ်စီးကားများ ဖြစ်ပွားခြင်း ဖြစ်ပြီး အမြန် လမ်းမကြီးပေါ်၌ သတ်မှတ် အရှိန်နှုန်းထက် ပို၍ မောင်းနှင်သူများကို ဒဏ်ကြေး အဖြစ် ၅ သောင်း၊ ထိုင်ခုံခါးပတ် မပတ်သူများကို ၃ သောင်း သတ်မှတ်ထားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်မှ စတင်၍ ဖြတ်သန်း မောင်းနှင်သည့် ယာဉ်များ အားလုံး ထိုင်ခုံ ခါးပတ် မပတ်သူများကို ဖမ်းဆီး အမှုဖွင့် အရေးယူမှုများ ပြုလုပ်ခဲ့ကာ ၂၀၁၈ ခုနှစ် အတွင်း အရေးယူ ခံရသည့် ယာဉ်အစီးရေ ၁၀၀၀ ကျော် ရှိကြောင်းနှင့် ဖမ်းဆီး အရေးယူခံရသည့် ယာဉ်များအား သက်ဆိုင်ရာ မြို့နယ် တရားရုံး၌ ဒဏ်ငွေကျပ် ၃ သောင်း ပေးဆောင်ရသည် ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။
ထိုင်ခုံခါးပတ် မပတ်ဘဲမောင်းနှင် ယာဉ်များကို ဖမ်းဆီးသည့် နေရာများမှာ တိုးဂိတ်များ ဖြစ်သည့် ရန်ကုန်တွင် အမှတ် ၃ လမ်းဆုံ၊ ဖြူး ၊ နေပြည်တော်၊ မိတ္ထီလာမြို့ရှိ သီးကုန်း၊ မန္တလေးမြို့ တံတားဦး မြို့နယ်မှ စကားအင်း တိုးဂိတ် စသည့် ၅ နေရာ တို့၌ ဖမ်းဆီး စစ်ဆေးခြင်း ဖြစ်သည်။
ယခင်က အမြန်လမ်း တလျှောက်တွင် ယာဉ်မတော်တဆမှု အဖြစ် အများဆုံးမှာ လိုက်ထရပ် ယာဉ်များ ဖြစ်ပြီး၊ အရှိန် လွန် မောင်းနှင်မှုနှင့် ထိုင်ခုံခါးပတ် မပတ်ပါက ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင် ယာဉ်တိုက်မှုများ လျော့ကျ လာကြောင်း ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ဆိုသည်။
“အမြန်လမ်းလို့ နာမည် ပေးထားတာ။ အမြန်လမ်း မဟုတ်သေးဘူး။ ရိုးရိုးလမ်းပဲ။ အမြန်လမ်း အတွက် လုပ်ရမယ့် အချက် ပြတွေ၊ လမ်းရဲ့ အရည်အသွေးပိုင်း ဆိုင်ရာတွေကို အဆင့်မြှင့်တင်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးသည် အရှည်မိုင် ၄၀၀ ရှိပြီး၊ နေ့စဉ် ယာဉ်အစီးရေ ၂ သောင်းကျော် ဖြတ်သန်း မောင်း နှင်လျက်ရှိကာ တရက်လျှင် ပျမ်းမျှ အားဖြင့် ခုနှစ်မှုခန့် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက သိရ သည်။
အမြန်လမ်း အသုံးပြုသူ တဦး ဖြစ်သည့် ဦးဝင်းဇော်ဦးက“အခုနောက်ပိုင်းမှာ အချက်ပြတွေ ပိုကောင်းလာတာ တွေ့ရ ပါတယ်။ နောက်ပြီး ညပိုင်း မောင်းတဲ့အခါ ကားဘီး ပေါက်သွားတာတို့ ဘာတို့ ဖြစ်ပေါ်ခဲ့ရင်လည်း လှည့်ကင်းရဲတွေ ရှိနေတဲ့ အတွက် လုံခြုံ တယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် ညဘက် မောင်းတဲ့အခါ လမ်းမှာ ရှိတဲ့ အဝါရောင် လိုင်း မျဉ်း တွေ ပျောက်နေတဲ့ နေရာတွေ ရှိတယ်။ အဲဒီနေရာတွေကို ထင်ထင်ရှားရှား ရှိစေဖို့ ပြန်ပြင် ပေးရင်တော့ အန္တရာယ် ပိုကင်း နိုင်ပါတယ်”ဟု ဆိုသည်။
အမြန်လမ်းမကြီး၏ ပေ ၂၀၀ အတွင်း ဖြစ်သည့် အမှုများကို အမြန်လမ်းမကြီး ရဲစခန်းတွင် အမှု ဖွင့်လှစ်ပေးပြီး ၂၀၁၈ ခုနှစ် အတွင်း လူသတ်မှု ၂ မှု၊ ယာဉ်တိုက်မှု ၄၇၂ မှု ၊ နာကျင် ရိုးရိုးအမှု ၇ မှု၊ ကျန် အခြားမှု ၉၈၀၊ ယာဉ် အရှိန် နှုန်းမြင့် နှင့် ခါးပတ် မပတ်ဘဲ မောင်းနှင်သည့် အခြား အမှုပေါင်း ၁၆၄၈၃ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၇ ခုနှစ် အတွင်း ၌မူ အမှုပေါင်း ၂၁၄၆၉ မှု ဖြစ်ပွားခဲ့သည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှုှုးရုံးမှ သိရသည်။