ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုဇုန်များအတွင်းရှိ လေထုညစ်ညမ်းစေသည့် စက်ရုံအလုပ်ရုံများကို ပိတ်သိမ်းမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ယနေ့ ပြုလုပ်သည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးဖြိုးမင်းသိန်း က “ခေါင်းတိုင်တွေကနေ မီးခိုးတွေ တအားထွက်နေတဲ့ စက်ရုံအလုပ်ရုံတွေကို ကျနော်တို့ warning (သတိပေး) လုပ် ထားပါတယ်။ ဒီစက်ရုံတွေက ပြုပြင်ပြောင်းလဲမှုကို ကာလအပိုင်းအခြား တခုအတွင်းမှာ လုပ်နိုင်ရင်လုပ်။ မလုပ်နိုင်ရင် ဒီစက်ရုံတွေကို ပိတ်ရပါမယ်” ဟု ပြောသည်။
၎င်းကဆက်၍ “အများစု စက္ကူစက်ရုံတွေ တော်တော်များများဟာ ဘွိုင်လာစနစ်တွေကို မီးထိုးတဲ့နေရာ မှာ ရော်ဘာတွေ တာယာတွေ အမှိုက်တွေ ပလတ်စတစ်တွေ။ ဒါတွေကိုပါ မီးထိုးနေတာဖြစ်တဲ့အတွက် ပတ်ဝန်းကျင် ကို ညစ်ညမ်းစေနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်” ဟု ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းတွင် စက်မှုဇုန် ၂၉ ခုနှင့် အထူးစီးပွားရေးဇုန် ၁ ခု ရှိကြောင်း၊ အထူး စီးပွားရေးဇုန်သည် နိုင်ငံတကာ စံချိန်စံညွှန်ဖြင့် ဆောင်ရွက်နေသော်လည်း စက်ွမှုဇုန် ၂၉ ခုသည် ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် အခြေအနေများ ရှိနေသည်ကို တွေ့ရသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ တင်း တင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်နေသည်ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်း က “စက်မှုဇုန်တွေမှာ အခု စက်ရုံ ၂၉ ရုံက မီးခိုးအခြေအနေ မကောင်းပါဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းမှုလည်း ကျနော်တို့ ချမှတ်ထားတဲ့ စည်း မျဉ်းတွေနဲ့အညီ ဆောင်ရွက်မှုလိုက်နာမှု အားနည်းတဲ့အတွက် ဒီစက်ရုံတွေကို စတင်ပြီးတော့ ကိုင်တွယ်ဆောင်ရွက်ဖို့ လုပ်နေပါတယ်။ စက္ကူစက်ရုံတွေ အများအားဖြင့် ပါဝင်ပါတယ်” ဟု ပြောသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ပြ အမွေအနှစ်များကို ထိန်းသိမ်းကာ စိမ်းလန်းပြီး နေချင်စဖွယ် စီးပွားရေး မြို့တော်ကြီးဖြစ်ရန်လည်း ကြိုးပမ်းဟု ရည်မှန်းချက် ချထားသည်ဟုလည်း ထည့်သွင်းပြောကြားသွားသည်။
ဆက်လက်၍ ၎င်းက ကာဗွန်ကို စုပ်ယူနိုင်သည့် သစ်ပင် များများ စိုက်ရမည်ဖြစ်ကြောင်း၊ မြစ်ကြောင်းများ ထိန်းသိမ်း နိုင်ရေး၊ မြေထု၊ လေထု၊ သယံဇာတများကို ထိန်းသိမ်းနိုင်ရေးအတွက် ဒီရေတာများ တိုးမြှင့်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်းကို ဥယျာဉ်မြို့ကြီးတခု ပြန်လည်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ရှင်းလင်းပြောဆိုခဲ့သည်။
ဦးဖြိုးမင်းသိန်း က “၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ ကျနော်တို့ရဲ့ ကတိကဝတ်ဟာ တကယ့် သန့်စင်တဲ့လေကို ရှူ ရှိူက်နိုင်ဖို့အတွက် လေထုညစ်ညမ်းမှုတွေကို ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒီကတိကဝတ်တွေကို ကျနော်တို့ နောင်လာ နောက်သား မျိုးဆက်တွေနဲ့ ကျနော်တို့မြို့၊ နိုင်ငံအတွက် ကတိကဝတ် ပြုရပါလိမ့်မယ်။ ဒီကတိကဝတ်တွေကို လက်တွေ့ ဆောင်ရွက်မှုဖြစ်အောင် ကြိုးပမ်းရပါလိမ့်မယ်” ဟု ပြောသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ၁၉၈၇ ခုနှစ်မှစတင်၍ ဆောင်ပုဒ်များ သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံများတွင် နှစ်စဉ် ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်သည် “သန့် စင်သောလေ ရှူရှိူက်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” ဟူ၍ ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သံအမတ်ကြီး Mr. Kristian Schmidt က “ကျနော်တို့အားလုံးဟာ ဒီလေကိုပဲ ရှူရှိူက်နေကြတာ ဖြစ်ပါတယ်။ လေထုက ညစ်ညမ်းနေတယ်ဆိုရင် ကျန်းမာရေး ဆိုးကျိုးတွေ အများကြီး ခံစားရနိုင်ပါတယ်။ သတင်းကောင်းကတော့ လေထုညစ်ညမ်းမှုဟာ တားဆီးနိုင်တယ်ဆိုတာပါပဲ။ ကျနော်တို့အားလုံး လေထုညစ်ညမ်းမှုကို အတူတကွ ပူးပေါင်းပြီး တိုက်ထုတ်နိုင်ပါတယ်။ လူထုအသိပညာပေးမှု ကနေစပြီး သန့်ရှင်းတဲ့လေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ စံနှူန်းတွေ ချမှတ်ပြဋ္ဌာန်းတာတွေအပြင် လေထုညစ်ညမ်းမှု ကို လျှော့ချပေးနိုင်တဲ့ နည်းပညာတွေကို အသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်” ဟု ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေ့လာတွေ့ရှိချက်များအရဆိုလျှင် ကမ္ဘာတဝှမ်းတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၇ သန်းနီးပါး အရွယ်မတိုင်မီ သေဆုံးလျက်ရှိပြီး ၄ သန်းခန့်မှာ အာရှပစိတ်ဖိတ်ဒေသမှ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိန်းဂဏန်းသည် ၁ နာရီတိုင်းတွင် လူပေါင်း ၈၀၀ သို့မဟုတ် ၁ မိနစ်တိုင်းတွင် လူ ၁၃ ဦး ဆေသုံးသည်နှင့် ညီမျှသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၂၂၀၀၀ ခန့် သေဆုံးနေကြောင်း WHO ၏ စာရင်းများက ဖော်ပြနေသည်။
လေထုညစ်ညမ်းမှုသည် ကမ္ဘာပေါ်က လူသားများ၏ အခြေခံ အခွင့်အရေးများဖြစ်သော အသက်ရှင် နေထိုင်မှု၊ ကျန်း မာ ပျော်ရွှင်စွာ နေထိုင်ရေးနှင့် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး ကိစ္စရပ်များတွင် ထိခိုက်ခံစားနေ ရကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ဝေဖန်ထောက်ပြထားသည်။