သတင်း

ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၅၉ ဦးအထိရှိလာ

ရာသီတုပ်ကွေး ရောဂါကြောင့် တနိုင်ငံလုံးအတာဖြင့် သေဆုံးသူ ၅၉ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။

ယခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှ စ၍ ဇူလိုင် ၁၇ ရက်အထိ ၇၀၇ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင် ရာသီတုပ်ကွေး ဖြစ်ပွား တည်ပြုသူ ၂၉၆ ဦး ရှိခဲ့ပြီး ၅၉ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရာသီတုပ်ကွေးဖြစ်ပွားပြီး သေဆုံးသူ ၅၉ ဦးတွင် ရန်ကုန်တိုင်းမှ ၄၆ ဦး၊ ဧရာဝတီတိုင်းမှ ၄ ဦး၊ ပဲခူးတိုင်းမှ ၂ ဦး၊ စစ်ကိုင်းတိုင်းမှ ၂ ဦး၊ မကွေးတိုင်းမှ ၁ ဦး နှင့် မွန်ပြည်နယ်မှ ၃ ဦး ကချင်ပြည်နယ်မှ ၁ ဦး တို့ဖြစ်သည်။

သို့သော် သေဆုံးသူဦးရေ၏ ၇၈ ရာခိုင်နှုန်းကျော်သည် နာတာရှည် ရောဂါအခံ ရှိသူများဖြစ်ပြီး၊ ၉ ရာခိုင်နှုန်းခန့်သည် အသက် အရွယ်ကြီး ရင့်လွန်းသူ နှင့် ငယ်ရွယ်လွန်းသူ များဖြစ်ကြောင်း ၁၂ ရာခိုင်နှုန်းကျော်သည် Seasonal Influenza A (H1N1) pdm 09 သီးသန့်ဖြစ်ပွားသူများ ဖြစ်သည်ကိုတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည်။

ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က “၅၀ ကျော်တယ်ဆိုတဲ့ ကိန်းဂဏန်းက H1N1 ကြောင့် သေဆုံးတယ်လို့ ပြောနေကြတယ် အဲဒါကတကယ်တော့ မဟုတ်ဘူး။ ရောဂါအခံ ရှိလို့ သေဆုံးတဲ့သူက ပိုများ နေတယ်။ ဆရာတို့ ရန်ကုန်တိုင်းထဲမှာဆိုရင် H1N1 ကြောင့် ဆုံးတဲ့သူက ၇ ဦးပဲ ရှိတယ်။ ရောဂါခံကြောင့် သေဆုံးပြီး တော့မှ ပိုးတွေ့တာ” ဟုရှင်းပြသည်။

တနိုင်ငံလုံး အတိုင်းအတာအနေနှင့်၂၀၁၇ ခုနှစ်တွင် ရာသီတုပ်ကွေး စစ်ဆေးသူ ၁၁၆၅ ဦး ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၄၀၆ ဦး၊ သေဆုံးလူနာ ၃၈ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ရာသီတုပ်ကွေးစစ်ဆေးသူ ၃၆၇ ဦး ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးတွေ့ရှိခဲ့ကာ သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။

You May Also Like These Stories:

ရာသီတုပ်ကွေးဖြင့် သေဆုံးသူ ၄၁ ဦးရှိလာ

ရာသီတုပ်ကွေး ကပ်ရောဂါ အဆင့် မဖြစ်နိုင်ဟု ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးမှူးပြော

Loading