မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ယခုတကြိမ် ကျင်းပသည့် NCA အပစ်ရပ် လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးအပြီး PPST အဖွဲ့၏ တင်းပြည့် အဖွဲ့ဝင်များအဖြစ် ပါဝင်လာသည်။
“EAOs ရဲ့ NCA ထိုးတဲ့အဖွဲ့အစည်းအနေနဲ့ အပြည့်ပါဝင်လာမယ်။ အတူတူ စဉ်းစားကြမယ်။ အတူတူလုပ်ကြမယ်ဆိုတော့ အရင်က ၈ ဖွဲ့ကနေ အခု ၁၀ ဖွဲ့ဆိုတော့ အများကြီး အားတက်လာတာပေါ့။ ကျနော်တို့ရဲ့ ဖြစ်စဉ်တခုလုံးပေါ့။ မွန်ပြည်သစ်ပါတီ ဖြစ်စဉ်မှာလည်း သူတို့အနေနဲ့ ဝိုင်းကူလို့ရတယ်။ သူတို့ဖြစ်စဉ်အပေါ်မှာလည်း ကျနော်တို့က ဝိုင်းကူလို့ရတယ်။ လုပ်ငန်းတော့ အတော်လေး တိုးတက်လာမယ်။ နောက် တခုက ဆွေးနွေးတဲ့အခါကျရင် တူတူဖြစ်သွားမှာပေါ့။“ ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်အောင်မငေး က ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။
ရပ်ထားနားသည့် PPST အစည်းအဝေးများကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ ယခင်က လေ့လာသူအဖြစ် ပါဝင်ခဲ့သည့် ထို နှစ်ဖွဲ့အား တင်းပြည့်အဖွဲ့ဝင်များအဖြစ် လက်ခံကာ PPST ကို တိုးချဲ့ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် အစိုးရဘက်မှ အပစ်ရပ် EAOs များထံ အဆိုပြုဆွေးနွေးထားသည့် NCA အကောင်အထည်မှုဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ မတိုင်ခင် နှင့် ၂၀၂၀ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူရေးဆွဲရေး ကိစ္စရပ်များနှင့် NCA ထိုးပြီးနောက်ပိုင်း ကြားကာလဆိုင်ရာ ကိစ္စရပ်တို့ အပါအဝင် PPST စုဖွဲ့မှု နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အစိုးရနှင့် ညှိနှိုင်းသွားမည့် အလုပ်အဖွဲ့များ ဖွဲ့စည်းခြင်း စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
သြဂုတ် ၂၅ ရက်နေ့ PPST အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် NCA အကောင်အထည်ဖော်မှုအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများကို ဖြေရှင်းကျော်လွှားနိုင်ရေး NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်တရပ်ကို စနစ်တကျ ရေးဆွဲချမှတ်ပြီး အစိုးရနှင့် ဆွေးနွေး သဘောတူညီမှုရယူရန် ညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။
ထိုအတွက် ထိုမူဘောင် (NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်) ညှိနှိုင်းရေးအဖွဲ့နှင့် အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ဟူသော အလုပ်အဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်းထားသည်ဟုလည်း သိရသည်။
PPST ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလက NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း (EAOs) ၈ ဖွဲ့ဖြင့်သာ ဖွဲ့စည်း ခဲ့ကြပြီး၊ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် လွန်ခဲ့သည့် တနှစ်ကျော်အတွင်း PPST အဖွဲ့ဝင် မဟုတ်သော်လည်း PPST အစည်းအဝေးများကို လေ့လာသူများအဖြင့် တက်ရောက်ခဲ့ကြသည်။
NMSP နှင့် LDU တို့အနေဖြင့် ယခင်ကဲ့သို့ လေ့လာသူ မဟုတ်တော့သည့်အတွက် ညှိနှိုင်းမှုများတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးလာနိုင်ပြီး တင်ပြချင်သည်များ တင်းပြည့် တင်ပြလာနိုင်သည်ဟု LDU အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က ဆိုသည်။
“ကျနော်တို့က မြန်မာနိုင်ငံမှာ ဖယ်ဒရယ်မူ ချမှတ်ရေးကိုပဲ ဦးတည်တယ်။ ပြီးရင် ခိုင်မာတဲ့ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး စာချုပ်အကောင်အထည်ဖော်ဖို့ပေါ့။ အဲဒီက ၂ ချက်ဖြစ်တယ်။ ဖယ်ဒရယ်မူချမယ်။ NCA စာချုပ်အကောင်အထည်ဖော်မယ်။ လက်တွေ့ကျကျပေါ့။ ခိုင်မာတဲ့ စာချုပ် ဖြစ်လာအောင် အကောင်အထည်ဖော်တဲ့နေရာမှာ ပိုပြီးတော့ တိကျမှု လမ်းညွှန်မှုရအောင်၊ ဆွေးနွေးလို့ သဘောတူညီချက်ရအောင်။ ဒါတွေက အဓိက ဖြစ်ပါတယ်“ ဟု ဗိုလ်မှူးကြီး ဆော်လမွန်က ဆိုသည်။
NMSP နှင့် LDU နှစ်ဖွဲ့စလုံးသည် ယခင်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့ပြီး ယခု သြဂုတ်လ ၂ ရက် က UNFC ယာယီ ရပ်ဆိုင်းလိုက်သည့်အတွက် PPST တွင် တင်းပြည့်အဖွဲ့ဝင်များအဖြစ် ပါဝင် ဆောင်ရွက်လာခြင်း ဖြစ်သည်ဟု နှစ်ဖွဲ့စလုံး၏ ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။
UNFC အဖွဲ့ဝင် ၅ ဖွဲ့တွင် NMSP နှင့် LDU တို့က ယမန်နှစ်ဖေဖော်ဝါရီလတွင် NCA လက်မှတ်ရေးထိုးပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP ) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့က နှစ်ဘက်ကြား အပြန်အလှန် သဘောတူညီချက် bilateral agreement ရရန် ဆွေးနွေးဆဲ ဖြစ်သည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC) ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် (PNLO)၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် (DKBA) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ငြိမ်းချမ်းရေး လိုချင်ကြောင်း စစ်ရှောင်ပြည်သူများ ပြော
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျိုင်းတုံမြို့တွင် ဆက်လုပ်မည်ဟု တပ်မတော်ပြော
တိုက်ပွဲရပ်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ် ဖိအားပေး