မြန်မာနိုင်ငံံရှိ ကလေးသူငယ်များ၏ အခွင့်အရေးများ ရရှိရေး အကောင်အထည်ဖော်ရန် ကြိုးစား နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
ကလေးသူငယ်စောင့်ရှောက်မှု ပိုမိုအားကောင်းလာစေရန် စီမံချက်များကို ၄ နှစ်စီမံကိန်းဖြင့် စတင်ဆောင် ရွက်လျက် ရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
ယနေ့ နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ကျင်းပသည့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စီမံချက် အသိပေး မိတ်ဆက်ခြင်း အခမ်းအနား၌ သတင်းထောက်များကို အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “ကလေးသူငယ် အသက်ရှင်သန်ခွင့် ရှိရမယ်။ ကာကွယ်စောင့် ရှောက်ခံ ပိုင်ခွင့် ရှိရ မယ်။ ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ ပါဝင်ခွင့် ရှိရမယ်။ အဲဒီအခွင့်အရေး ၄ မျိုးစလုံးကို ကျနော်တို့ ဝန်ကြီးဌာနက အကောင်အထည် ဖော်ဖို့ ကြိုးစား နေတာပါ” ဟု ပြောသည်။
လုပ်ငန်းစဉ်ကို ၄ နှစ် စီမံချက် ရေးဆွဲထားသော်လည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် လုပ်ငန်း စဉ်ဖြစ်ကြောင်း၊ ကလေးဘဝနှင့် အခွင့်အရေးများဆိုင်ရာ ကာကွယ် စောင့်ရှောက် ပေးနေသည် EU Funded မှ ငွေကြေးနှင့် နည်းပညာများ ထောက်ပံ့လျက် ရှိကြောင်း လူမှုဝန်ထမ်း ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ရင်ခွင်မဲ့ ကလေးများပြားနေခြင်းမှာ ကာမလိမ်လည်မှုကြောင့် ရရှိလာသည့် ကိုယ်ဝန် များကို မွေးဖွားပြီး ပါက မွေးကင်းစ ကလေးများကို ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ စွန့်ပစ်ခြင်း၊ မွေးစားမည့် သူများထံသို့ အလွယ်တကူ ပေးခြင်းတို့မှာ လက်တွေ့တွင် ဖြစ် ပေါ်မှုများ ရှိနေကြောင်း ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဒေါ်အေးအေးက ပြောပြသည်။
အမျိုးသမီးနှင့် ကလေးသူငယ်များဘက်မှ လိုက်ပါ ဆောင်ရွက်နေသူ ဒေါ်အေးအေးက “မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ ရင်ခွင်မဲ့ ဖြစ်နေတာ အများကြီး ရှိနေတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံ အရ အဆင်မပြေတော့ စွန့်ပစ်တာ တွေက တော်တော်များတယ်။ တချို့ကတော့လည်း မိခင် ကိုယ်တိုင်က လိုလိုချင်ချင်နဲ့ ပေးလိုက်တာတွေလည်း ရှိတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ကြမ်းနှင့် ပတ်သက်၍ တပိုဒ်ချင်း အလိုက် အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ သဘောထားကို ရယူခဲ့ရာတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပြီ်ဖြစ်သည်။
ယင်းဥပဒေမှာ အသက်ဝင်နေပြီဖြစ်၍ မိဘများ ကိုယ်တိုင်က မိမိ၏သားသမီးအရင်းကို ရိုက်နှက်သည့် ကိစ္စများ ၊ ကလေး စိတ်ဒဏ်ရာ ရရှိစေမည့် အပြုအမူ၊ အပြောအဆိုများကို ပြုလုပ်၍ မရကြောင်း၊ ကလေးတယောက် မွေးစားမည် ဆိုပါက သားသမီး အရင်းကဲ့သို့ မွေးစားရမည် စသဖြင့် ကလေးများ အား ကာကွယ်ပေးထားသည့် အချက်အလက်များစွာ ပါဝင် ကြောင်း ဥပဒေတွင် ဖော်ပြသည်။
ထို့ကြောင့် ကလေးသူငယ်များ၏ အခွင့်အရေး အပြည့်အဝ ရရှိရန် တိုင်းနှင့် ပြည်နယ် ၇ ခုဖြစ်သော ရန်ကုန်၊ မွန်၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ ၊ တနင်္သာရီ နှင့်မကွေး တို့တွင် ၂၀၁၉ ဖေဖော်ဝါရီမှ စ၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ စီမံချက်ဖြင့် ဆောင် ရွက်မည်ဟု သိရသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့မှုကို ၂၀၁၇ -၂၀၁၈ ခုနှစ်တွင် နိုင်ငံ တကာ အကူအညီများဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် လူမှုဝန်ထမ်း ဦးစီးဌာန၊ ကလေးသူငယ်များ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့၊ သမာဓိ ဖောင်ဒေးရှင်းတို့ နှင့် ပူးပေါင်း၍ ကလေးဘဝနှင့် အခွင့်အရေး ( My Childhood, My Right) စီမံချက်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြည်နယ်နှင့် တိုင်းဒေသကြီး၌ ပုညှက်မှုနှုန်း ရှာဖွေ စစ်တမ်း ကောက်ယူချက်အရ ရာခိုင်နှုန်း များသည့် ကရင်၊ ရခိုင်၊ချင်း၊ နာဂ၊ကယားပြည်နယ်တို့တွင် ငွေကြေး ဆိုင်ရာ ထောက်ပံ့ခြင်းနှင့် အာဟာရအသိ ပညာပေးခြင်းလုပ်ငန်း များကိုလည်း ၂၀၁၇ ခုနှစ်က စတင် လုပ်ဆောင်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
လေးသူငယ်ဆိုင်ရာ ဥပဒေကြမ်း အသက်ဝင်လာတော့မည်
မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုကြောင့် ကလေး ၄ ဦး၌ ၁ ဦး ပုညှက်ဟု ဆို
၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်း ၁၀၀၀ လျှင် ၄၈ ဦးကျော်အထိ ရှိနေ