၂၀၁၉ ခု ဇွန်လထုတ် China Today မဂ္ဂဇင်း၏ မန္တလေးနန်းမြို့ရိုးပါ မျက်နှာဖုံးနှင့်ပတ်သက်၍ တစုံ တရာ သတိပေးမှု ပြုလုပ်နိုင်ရန် သူ၏ သဘောထားမှတ်ချက်အား ပြည်ထောင်စု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပေးပို့ထားကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က ဧရာဝတီကို ပြောသည်။
“ကျနော်သိသိချင်း ချက်ချင်းလက်ငင်း ပြည်ထောင်စုကို တင်လိုက်ပြီ။ မူ အရရော၊ ကျနော် ဘယ်လို သဘောထား ရှိတယ်ဆိုတာကို တင်လိုက်ပြီ။ ကျနော်တာဝန်ကျေပြီ” ဟု ၎င်းက ပြောသည်။
သို့သော် ယင်း၏ သဘောထားမှတ်ချက်တွင် မည်သည့်အကြောင်းအရာများ ပါဝင်သည်ကိုမူ အသေးစိတ်မဖြေကြား ခဲ့ပေ။
မဂ္ဂဇင်းမျက်နှာဖုံးမှာ မန္တလေးနန်းတော်မြို့ရိုးကို တင်ထားသော်လည်း ကျုံးရေ၌ ရောင်ပြန်ဟပ်ကာ ပေါ်နေသည်ပုံမှာ တရုတ်နန်းမြို့ရိုးပုံဖြစ်နေသည်။ ယင်းပုံမှာ ပြီးခဲ့သည့် တပတ်က လူမှုကွန်ရက် Facebook တွင့် ပျံနှံ့ခဲ့ရာ မြို့ခံအများစု က မန္တလေး၏ အချုပ်အခြာကို တရုတ်က လွှမ်းမိုးလိုခြင်း၊ သြဇာ သက်ရောက်နေသည်ဟု ပြသလိုခြင်း ဖြစ်သည်ဟု ဝေဖန်ကြသည်။
အဆိုပါ မဂ္ဂဇင်းထုတ်ဝေသည့်အဖွဲ့အစည်းကမူ“နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး အရ သုံးလိုက်တာ”ဟု အကြောင်းပြ ဖြေရှင်းချက်ပေးသည်ဟု သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေး နန်းမြို့ကဲ့သို့ တရုတ်တွင်လည်း နန်းတော်ရှိကြောင်း ပြသချင်၍ အသုံးပြုခဲ့ခြင်းလည်း ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ရှင်းလင်းသည်။
သို့ရာတွင် နောင်တွင် ထိုသို့ အကဲဆတ်သော ထုတ်ဝေမှုများနှင့်ပတ်သက်၍ သတိပေးခြင်း၊ အသိပေး ခြင်း များ ပြုလုပ် နိုင်ရန် ပြည်ထောင်စု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံ တင်ပြခဲ့ခြင်း ဖြစ် ပြီး အရေးယူမှုပြုလုပ်မည်၊ မလုပ်မည်မှာ ပြည်ထောင်စုဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ပင်ဖြစ်သည်ဟု သူက ဆိုသည်။
“ဒီလိုကိစ္စမျိုး နောင်မဖြစ်ဖို့ သံရုံးကို ခေါ်သတိပေးချင်တောင် ပြည်ထောင်စုအဆင့်ကပဲ လုပ်လို့ရတာ လေ။” ဟု ၎င်းက ပြောသည်။
မန္တလေးမြို့ခံ စိမ်းရောင်စို အရပ်ဖက်အဖွဲ့အစည်းမှ ဦးမောင်မောင်ဦးက “အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်သင့်တာ၊ မလုပ် သင့်တာဆိုတဲ့ ကျင့်ဝတ်တွေရှိသလို ဒီနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို သူတို့ ကောင်းကောင်းကြီး သိနေတာပဲလေ။ အခုလိုအလွယ်တကူ နားလည်မှုလွဲနိုင်တဲ့ ကိစ္စ တွေမှာ ပိုပြီး ဆင်ခြင် သင့်တယ်။ ပြီးတော့ အခုလိုထုတ်ဝေတာက ကျနော်တို့ နိုင်ငံက ဘယ်အဖွဲ့အစည်းကို တင်ပြ စိစစ်ခံပြီး Approved လုပ်ပြီးမှ ထုတ်ဝေသလဲဆိုတာ မေးခွန်းထုတ်ဖို့ရှိ လာတယ်။” ဟု သူ၏ အမြင်အား ဧရာဝတီကို ပြောသည်။
မန္တလေးမြို့တွင် နေထိုင်၍ ယဉ်ကျေးမှု ဆိုင်ရာ အကြောင်းအရာများ ရေးသားနေသည့် စာရေးဆရာ ဆူးငှက်ကလည်း China Today မဂ္ဂဇင်း မျက်နှာဖုံးကြောင့် မြို့ခံပြည်သူများ စိတ် အနှောက်အယှက် ဖြစ်စေကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေးအတွက် လမ်းကြောင်းတိုင်း အထိခိုက်၊ အတိမ်းစောင်းမခံ သတိကြီး စွာ ဆောင်ရွက်နေသည့် ကာလတွင် အဓိပ္ပာယ်ကောက်ယူမှု လွဲမှားနိုင်သည့် မျက်နှာဖုံးနှင့် ပတ်သက်၍ တာဝန်ရှိ သူများမှ တာဝန်ယူ ဖြေရှင်းပေးခြင်းဖြင့် အစဉ်အဆက်ခိုင်မာခဲ့သည့် နှစ်ပြည်ထောင်ချစ်ကြည်ရေး ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး များ အတွက် မလိုလားအပ်တဲ့ စိတ်အနှောက်အယှက်များက ကင်းဝေးစေမှာဖြစ်ကြောင်း သူ၏ Facebook စာမျက်နှာမှ နေ၍ ရေးသားခဲ့သည်။
China Today မဂ္ဂဇင်းသည် ၁၉၅၂ ခုနှစ်မှ စတင်ကာ တရုတ်၊ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဂျာမန်၊ တူရကီ စသည့်ဘာသာတို့နှင့် လစဉ်ထုတ်ဝေလျက်ရှိပြီး တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေး အစရှိသည့်တို့ကို အကောင်းမြင်ဝါဒီဖြင့် အထူးအသားပေးထုတ်ဝေသည့် တရုတ်အစိုးရပိုင် မဂ္ဂဇင်း တစ်စောင်ဖြစ်သည်။