Maldives International Challenge 2019 ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာ သည် ဆီမီးဖိုင်နယ်တွင် ပြိုင်ဘက်ဟောင်း ဗီယမ်နမ်မှ ဗူသီထရန်နှင့် ယနေ့တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကမ္ဘာ့အဆင့် ၆၄ရှိသည့် ဗီယက်နမ် ကြက်တောင်မယ် ဗူသီထရန်နှင့် သက်ထားသူဇာတို့သည် နိုင်ဂျီးရီးယားနိုင်ငံတွင် ကျင်းပသည့်ပွဲ၌ တွေ့ဆုံခဲ့ဖူးရာ ထိုစဉ်က သက်ထားသူဇာက ရှုံးသွားသည့် အတွက် ယခုပွဲမှာ မကျေပွဲဟု ပြောနိုင် ကြောင်း ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဧရာဝတီသို့ ပြောသည်။
“ပွဲကတော့ သိပ်အလွယ်ကြီးတော့မဟုတ်ဘူး။ ဒါပေမယ့် သူရိုက်တာ တောက်လျှောက်တော့ ကောင်းလာတယ်။ သူ အဲလိုလေး ကောင်းနေမယ်ဆိုရင် မဆိုးဘူး။ နိုင်ခြေရှိပါတယ်။ အခု သူ့လက်နဲ့ သူ့စိတ်နဲ့က ဟပ်မိနေတဲ့ အတွက် ၅၀-၅၀ပါပဲ”ဟု ဦးထွန်းထွန်းဇော်က သုံးသပ်သည်။
သက်ထားသူဇာသည် ကွာတားဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၄၇ ရှိ ကနေဒါ ကစားသမား ဘရစ်တနီတမ် အား (၂၁-၁၉/၁၄-၂၁/၂၁-၉) ဖြင့် အကြိတ်အနယ်ကစား ပြီး အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက် သွားခြင်း ဖြစ်သည်။
ထိုပွဲတွင် သက်ထားသူဇာအနေဖြင့် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲအတွက် ၃၂ဦးအဆင့် ရှုံးထွက်ပွဲစဉ်မှ စ၍ ယှဉ်ပြိုင် ကစားရသည်။
သက်ထားသူဇာအနေဖြင့် Maldives International Challenge ပွဲအပါအဝင် နိုင်ငံတကာ Challeng ပွဲများကို ၄ကြိမ် မြောက်ဝင် ရောက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ အီရန်၊ ဗီယက်နမ်နှင့်နိုင်ဂျီးယားတို့ တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရာ အီရန်တွင် ကစားသည့်ပွဲ၌ တတိယရရှိခဲ့ဖူးသည်ဟု သိရသည်။
၂၀၂၀ခုနစ် တိုကျိုတွင် ကျင်းပပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲဝင်နိုင်ရန် ရည်ရွယ်ထားသည့် သက်ထားသူဇာသည် ဖိတ်ခေါ်ပြိုင်ပွဲများ၊ နိုင်ငံတကာပြိုင်ပွဲများနှင့် Future Seriesအပါအဝင် ပြိုင်ပွဲပေါင်း ၇၈ပွဲကစားထားရာ ၅၈ပွဲ အနိုင်ရပြီး ပွဲ၂၀ရှုံးထားသည်။
သက်ထားသူဇာသည် လက်ရှိတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)က သတ်မှတ်ထားသည့် World rankings 68 တွင်ရှိနေပြီး အမှတ်ပေါင်း ၂၂၄၃၀ရရှိထားသူဖြစ်သည်။
အိုလံပစ်ပြိုင်ပွဲဝင်နိုင်ရန် သက်ထားသူဇာအနေဖြင့် Grade ၃ခုကို ဖြတ်ကျော်ရမည်ဖြစ်သည်။ Grade 1 မှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁မှ ၁၆အတွင်းရရှိထားသူများအတွက်ဖြစ်ပြီး Grade 2တွင် level 6ခုရှိကာ Grade 3၌ level 3ခု ရှိကြောင်း သိရသည်။
သက်ထားသူဇာ လက်ရှိယှဉ်ပြိုင်ကစားနေသည့် Future Seriesနှင့် International Seriesများက Grade 3၊ level 2အဆင့်တွင်သာ ရှိသေးသည်။ level 3 ဖြစ်သည့် Challengeကို သက်ထားသူဇာ အနေဖြင့် အနိုင်ရ အောင် ရိုက်နိုင်ပါက အိုလံပစ်ဝင်ရန် ပထမအဆင့်အောင်မြင်ပြီဟု ဆိုနိုင်မည်ဖြစ် သည်။
မြန်မာကြက်တောင်လောက အိုလံပစ်ဝင်သည့် ကြက်တောင်အားကစားသမား တဦးတယောက်မျှ မပေါ်သေး သည့်အတွက် သက်ထားသူဇာက မြန်မာ့ကြက်တောင်လောကအတွက် အိုလံပစ်ဝင်ရန် မျှော်လင့်ချက် တခုလည်း ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံအနေဖြင့် အိုလံပစ်ဝင်ရန် အခက်အခဲများစွာရှိသော်လည်း ခြွင်းချက်တခုရှိပါသေး သည်။ White Card ဟု ခေါ်သည့် ဆင်းရဲသော ကြက်တောင်ဖွံ့ဖြိုးစနိုင်ငံများကို ပေးသည့် အထူး အခွင့်အရေးတရပ်ရှိသည်။ ထိုအခွင့်အရေးက မြန်မာ့အားကစားသမားများအနေဖြင့် အိုလံပစ်ဝင်ရန် မျှော်လင့်ခွင့်ရှိနေသေးသည်။
သက်ထားသူဇာအနေဖြင့် အိုလံပစ်ဝင်ရန်အတွက် ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်နေရဦးမည်ဖြစ်သည်။ ၎င်းသည် မော်ဒိုက် ပြိုင်ပွဲပြီးပါက အိန္နိယနှင့် နီပေါတို့တွင် ၂ပွဲဆီ စုစုပေါင်း ၄ပွဲ ဆက်လက်ယှဉ်ပြိုင်ရန် ရှိနေသေးသည်ဟု သိရသည်။
You may also like these stories:
မော်လဒိုက်ကြက်တောင်ပြိုင်ပွဲ၌ သက်ထားသူဇာ အိန္ဒိယကို အနိုင်ရပြီး ဖိုင်နယ်တက်
တရုတ်တိုင်ပေကို အနိုင်ရပြီး ကွာတားဖိုင်နယ်တက်သွားသည့် သက်ထားသူဇာ
သက်ထားသူဇာနဲ့ “ချစ်ချစ်တုံး” ဆိုတဲ့ Music Video ရိုက်ကူးထားတဲ့ အဆိုတော် ရဲလေး
သက်ထားသူဇာ နိုင်ငံတကာပြိုင်ပွဲအတွက် မော်လဒိုက်သို့ ထွက်ခွာ