နှစ်ဖွဲ့အကြား လက်နက်ကိုင် ပဋိပက္ခလျှော့ချရေးအတွက် မွန်နှင့်ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များသည် ၎င်းတို့အကြား နယ်နိမိတ် အငြင်းပွားနေသော နေရာသို့ အင်္ဂါနေ့က သွားရောက်ခဲ့ကြသည်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၆ နှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA) တို့မှ ကိုယ်စားလှယ်များသည် MNLA ဒုတိယအကြီးအကဲ ဗိုလ်ချုပ် နိုင်ဗညားမစံ ဦးဆောင်ပြီး ဘုရားသုံးဆူမြို့နယ်မှ ထီးဘဒေါ့ကျေးရွာသို့ သွားရောက်ခဲ့သည်။
“တိုက်ခိုက်မှုတွေ ရပ်ဖို့အတွက် အငြင်းပွားနေတဲ့နေရာကို စစ်ဆေးဖို့ သူတို့ သွားရောက်ကြတယ်” ဟု KNLA ပြောခွင့်ရသူ စောအက်ဒဝပ်က ဧရာဝတီ သို့ပြောသည်။
လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့တို့သည် ၎င်းတို့ပိုင်နက် နယ်စပ် အတိအကျကို ညှိနိုင်းမည်ဟုလည်း သူကပြောသည်။
KNLA နှင့် MNLA ခေါင်းဆောင်များသည် ဘုရားသုံးဆူ တောင်ကြား ဆွေးနွေးပွဲတခုတွင် နယ်စပ်တလျှောက်တင်းမာမှုကို အတူတကွသွားရောက်စစ်ဆေးရန် သဘောတူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ခေါင်းဆောင်များထိုနေရသို့ သွားရောက်စဉ် လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့စလုံးသည် အငြင်းပွားနေသော နယ်စပ်မှ ဆုတ်ခွာထားသည်။
တိုက်ခိုက်မှုရပ်ရန် ခေါင်းဆောင်များအကြား သဘောတူထားသော်လည်း တနင်္လာနေ့နံနက် ၇ နာရီက ထီးဘဒေါ့ ကျေးရွာအနီးတွင် ထိုအဖွဲ့နှစ်ခုအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှု ရှိသော်လည်း နှစ်ဖက်စလုံးက ကြေညာချက်ထုတ်ပြန်ခြင်းမရှိပေ။ တိုက်ပွဲအတွင်း MNLA တပ်ဖွဲ့ဝင်တဦးသေဆုံးသည်ဟု ထိုအဖွဲ့နှင့် ပတ်သက်သည့် သတင်းရင်းမြစ်တခု၏ အဆိုအရ သိရသည်။
ထိုခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး အောက်ခြေမှ အသေးစိတ်များ မရသေးကြောင်း စောအက်ဒဝပ်က ပြောသည်။
တိုက်ပွဲအတွင်း KNLA တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရကြောင်း ကော်သူလေး လက်နက်ကိုင်တပ်များ (KAF) သတင်းနှင့် ကရင်သတင်းထူး Karen Breaking News တို့ကဖော်ပြသည်။ KNLA တပ်ဖွဲ့ဝင်တဦးနှင့် အရပ်သားတဦးသေဆုံးသည်ဟု KAF News ကဖော်ပြသည်။
ကရင်အဖွဲ့ထောင်ထားသော အလံကို မွန်အဖွဲ့ ကဖျက်ဆီးရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားကြောင်း Karen Breaking News ကဆိုသည်။ ထိုအလံကို ကရင်နှင့်မွန်ပိုင်နက်အကြာ ထီး ဘဒေါ့ရှိ MNLA စခန်းရှေ့တွင် KNLA က ထောင်ခဲ့သည်ဟု ဆိုသည်။
ထိုပိုင်နက် နယ်နိမိတ် အငြင်းပွားနေသော နေရာတလျှောက်တွင် အောက်တိုဘာလအတွင်း တိုက်ပွဲ အနည်းဆုံး ၃ ကြိမ်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲကြောင့်မွန်တိုင်းရင်းသား ၃၀၀ ခန့်နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်းလည်း ဒေသသတင်းရင်းမြစ်များကဆိုသည်။ ထိုစစ်ဘေးရှောင်များသည် ဘုရားသုံးဆူတောင်ကြားမြို့ရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် ခိုလှုံနေကြသည်ဟု သိရသည်။
ထို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ခုအကြားတင်းမာမှုသည် မတည်မငြိမ်ဖြစ်စေသောကြောင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ မွန်အမျိုးသားပညာရေး ကျောင်းတချို့ကို ယာယီပိတ်ခဲ့သည်။
You May Also Like This Story:
ထိုင်း-မြန်မာ နယ်စပ်မှာ မွန်ကို ကရင်က ဝင်တိုက်၊ တဦးသေ
ကျောက်တော် အမြောက်တပ်ကို AA တိုက်ခိုက်