ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ ပထမဆုံး လက်တွဲပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် ဂျူးဂျူးကေကတော့ ပညာတွေ အများကြီးရခဲ့တဲ့အတွက် ရှေ့ဆက်မယ့် လမ်းခရီးအတွက် ဝမ်းစာလည်းဖြစ်တယ်လို့ ပြောပါတယ်။
“ပညာတွေ အများကြီး ရပါတယ်။ တိတိကျကျ သေသေချာချာနဲ့ လုပ်တာရော စိတ်ရှည်ရှည်နဲ့ လုပ်တာရော အစုံပါပဲ။ ပညာလည်းရသလို ကိုယ့်ရဲ့ရှေ့ဆက်မှု လမ်းခရီးအတွက် ဝမ်းစာလည်း ဖြစ်တယ်။ ဒီကားရိုက်ဖို့အတွက် မခရစ္စတို့နဲ့လည်း အနီးကပ် သင်ရတယ်။ အိုက်တင် Coach နဲ့လည်း အနီးကပ် သင်ကြားရတယ်။ အချိန်တွေအများကြီးပေးပြီး Train ပြီးလုပ်ခဲ့တော့ အရင်ကမသိတာတွေ သိခဲ့ရတယ်” လို့ ဂျူးဂျူးကေက ပြောပါတယ်။
ဒီကားကတော့ ဂျူးဂျူးကေရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီရဲ့တတိယမြောက် ရုပ်ရှင်ဇာတ်ကားအတွက် Casting ခေါ်ယူရာမှာ သွားရောက် လျှောက်ထားခဲ့တာကြောင့် ပါဝင်ခွင့်ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဒီကားအတွက်ကိုတော့ တတိယမြောက် ရိုက်ကူးမှုအတွက် Casting ခေါ်တော့ ဝင်လျှောက်ဖြစ်ခဲ့တာပါ။ ကိုယ့်ဇာတ်ကောင်အတွက် ကျေနပ်တယ်။ အရမ်းကို ကျေနပ်တယ်။ ကိုယ့်ကိုယ်ကိုယ်လို့တောင် မမြင်ဘူး။ ဒီထဲက ဇာတ်ကောင် တယောက်လိုပဲ စီးမျောမိပါတယ်” လို့ ဂျူးဂျူးကေက ပြောပါတယ်။
ဒီကားထဲမှာတော့ မျိုးမျိုးဝေဆိုတဲ့ အမျိုးသမီးတယောက်အဖြစ် သရုပ်ဆောင်ထားပြီး အခက်အခဲများ ၊ အမှတ်တရများစွာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
“အခက်အခဲတွေကလည်း အများကြီးပဲ အမှတ်တရတွေကလည်း အများကြီးပဲ။ မခရစ္စတို့က တကယ်အစစ်တွေပဲ ရိုက်တာ။ နေ့ဆိုရင် တကယ့်နေ့မှာပဲ ရိုက်တယ်။ ညဆိုရင်လည်း ညမှာ ရိုက်တယ်။ ကိုယ်ပါတဲ့ Scene တွေကလည်း တကယ့် Action တွေ သုံးခဲ့တာပါ။ ဟန်လုပ်တာတွေ မကြိုက်ဘူး။ တကယ့်အစစ်အမှန်တွေပဲ ရိုက်ခဲ့ရတာပါ”လို့ ဂျူးဂျူးကေက ပြောပါတယ်။
ပါဝင်ရတဲ့ အခန်းများမှာလည်း ဇာတ်ကောင်နဲ့ တသားတည်း ကျနေတဲ့အပေါ် ဂျူးဂျူးကေက “Pre Production မှာ သေချာ Prepare (ကြိုတင်ပြင်ဆင်မှု) လုပ်ထားတော့ ဇာတ်ကောင်နဲ့ တသားတည်းဖြစ်နေတာပေါ့။ ကိုယ့်ကိုယ်ကိုယ် ငါဒီလိုကြီး တကူးတက လုပ်လိုက်မယ်လို့ တွေးစရာ မလိုဘူး။ ဇာတ်ကောင်ကတော့ ဒီလိုအချိန်မှာ ဘာ့ကြောင့် ဒီလိုခံစားနေရတယ်ဆိုတာ ရှိနေတာ” လို့ ဂျူးဂျူးကေက ပြောပါတယ်။
“Now & Ever” (ထာဝရနှောင်ကြိုး) ရုပ်ရှင်ဇာတ်ကားကိုတော့ မကြာခင် အောက်တိုဘာ ၃၁ ရက်နေ့မှာ စတင်ပြသသွားမှာပဲ ဖြစ်ပါတယ်။
You May Also Like These Stories:
ပထမဆုံး ရုပ်ရှင်ကားကြီး “Now & Ever” အတွက် ရင်ခုန်နေတဲ့ ဂျူးဂျူးကေ
“Now & Ever” ရုပ်ရှင်အတွက် ဇာတ်ဝင်တေး ၆ ပုဒ် ကိုယ်တိုင် ဖန်တီးထားတဲ့ ဇဏ်ခီ
“Now and Ever” ရုပ်ရှင်နဲ့ ပတ်သက်ပြီး အရမ်းရင်ခုန် မျှော်လင့်နေတဲ့ သရုပ်ဆောင် ဇဏ်ခီ