Entertainment

စိတ်မတည်ငြိမ်သေးလို့ တရားစခန်း ဝင်ဦးမယ့် သရုပ်ဆောင် မိုးအောင်ရင်

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ ခင်စောမျိုး ရိုက်ကူးတဲ့ “သုံးယောက်ပေါင်းလောင်းကျော်” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မိုးအောင်ရင်က အချိန် ၃ နှစ် လောက် ကြာသွားတော့ ပရိသတ်အားမပေးမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

“ဒီဇာတ်ကားက နည်းနည်း ကြာသွားပြီ။ ဒီကြားထဲမှာ ကျနော် ၃ နှစ်လောက် ကြာသွားတော့ နည်းနည်း မမှတ်မိတော့ဘူး။ ကျနော် တခုစိုးရိမ်တာက အခုပုံနဲ့ အရင်ပုံ ကွာသွားတော့ ပရိသတ် အားမပေးမှာကိုပေါ့။ အရမ်းတော့ ရင်ခုန်ပါတယ်။ ရိုက်ကွင်း အမှတ်တရတွေလည်း ရှိခဲ့ပါတယ်။ အန်တီ မေသန်းနုကို နမ်းရတဲ့အခန်း ပါတယ် ပြောတယ်။ အဲ့အခန်းလည်း ဆင်ဆာထိတယ်တော့ ပြောတယ်။ ဆင်ဆာကိုပြောချင်တာလည်း ကျနော်တို့က အနုပညာအရ လုပ်တာပါ။ တဏှာစိတ်တွေ ရှိလို့ မဟုတ်ပါဘူး”လို့ မိုးအောင်ရင်က ပြောပါတယ်။

ဆက်လက်ပြီး မိုးအောင်ရင်က မူးယစ်ဆေးဝါး လတ်တလောမှာတော့ စိတ်မတည်ငြိမ်သေးတဲ့ အတွက် စိတ်ကို ပြန်ပြုပြင်ပြီး တရားစခန်းဝင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

“ကျနော့် စိတ်က အရမ်း မတည်ငြိမ်သေးဘူး။ အနာ မကျက်သေးတဲ့ သဘောပေါ့။ အဲဒါကို ဖျောက်ချင်တယ်။ အမာရွတ် ကျန်တာ ပြဿနာ မဟုတ်ဘူး။ အနာ ကျက်ချင်တယ်။ အဓိကက စိတ်ပဲ။ စိတ်ကိုပြန်ပြီး ပြုပြင်ပြောင်းလဲတာက တရားစခန်းဝင်တာ အကောင်းဆုံးပဲလို့ ဆရာမက ပြောလို့၊ အဖေနဲ့ အမေကလည်း တိုက်တွန်းလို့ ဝင်ဖြစ်တာပါ။ ကျနော်ကို ဘယ်လိုပုံစံ၊ ဘယ်လို ဆိုတာကို အဖေတို့က မကန့်သတ်ထားဘူး”

“မင်းရဲ့ ရွေးချယ်မှု၊ မင်းနဲ့ တဘဝလုံး ပတ်သက်မှာ မင်းရွေးချယ်တာ ကောင်းရင် မင်းစံရမယ်။ မကောင်းရင် မင်းခံရတယ်။ အဲ့ဒါကြောင့် အဖေက ကျနော့်ကို ရွေးချယ်မှု ပေးပြီးသား၊ ကျနော် ရွေးချယ်မှု မှားမှာကိုတော့ အဖေက စိတ်ပူတယ်။ ရွေးချယ်မှု မမှားအောင်တော့ အဖေက ဆုံးမတယ်”လို့ မိုးအောင်ရင်က ပြောပါတယ်။

အဆိုတော် အောင်ရင်နဲ့ သားဖြစ်သူ မိုးအောင်ရင် (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

ဖခင်ဖြစ်သူ အဆိုတော် အောင်ရင်ကတော့ သားဖြစ်သူ မိုးအောင်ရင်ကို ဒီထက်ပိုပြီး တည်ငြိမ် ရင့်ကျက်သူ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

“ကျနော်က သားကိုတော့ အနုပညာနဲ့ ပတ်သက်ရင် အမြဲ ကြိုးစားခိုင်းပါတယ်။ သားက ပြောင်းလဲလာတာကတော့ တည်ငြိမ်လာပါတယ်။ ဒီထပ်ပိုပြီး တည်ငြိမ်ရင့်ကျက်ပြီး၊ အသိတရားရှိပြီး သတိ အမြဲကပ်နေတဲ့ သူတယောက် ဖြစ်စေချင်တယ်။ လောလောဆယ်တော့ ကြည့်ရတာ ကောင်းတယ်။ လာမယ့် နိုဝင်ဘာလမှာ သူ တရားစခန်း ဝင်မယ်”

“သားက အိမ်ထောင်ပြုရမယ့်အရွယ် ရောက်နေပြီ။ အိမ်ထောင်ပြုရင်လည်း ပြုလို့တော့ ပြောထားတယ်။ ဘယ်လို မိန်းကလေးကို ရွေးရမယ်၊ မရွေးရဘူးလို့ မရှိပါဘူး။ သူစိတ်ကြိုက် ရွေးဖို့ပါပဲ။ ကျနော်ကတော့ သားနဲ့အတူတူ အားတဲ့ အချိန်လေးမှာ အတူတူနေချင်တယ်ဆိုတော့ ၃ လ ပြန်လာတယ်။ သမီးဆီသွားတုန်းကလည်း ၃ လ နဲ့ တပတ်ကျော် သွားတယ်”လို့ အောင်ရင်က ပြောပါတယ်။

လတ်တလော အနုပညာ လုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးလည်း သီချင်းအသစ်တွေ လုပ်နေပြီး၊ စင်ကာပူမှာ ရှိုးဆိုမယ့် အကြောင်းကိုလည်း အောင်ရင်က အခုလိုပဲ ဆိုပါတယ်။

“ကျနော် သီချင်း အသစ်တွေလည်း လုပ်နေတယ်။ တေးသံသာကနေ ၂ ပုဒ် ထုတ်ဖို့ ရှိတယ်။ အောက်တိုဘာလ ၂၈ ရက်နေ့မှာတော့ အောင်ရင်၊ ဟေမာနေဝင်း ဆိုတဲ့ Show ပွဲလေးကို စင်ကာပူမှာ လုပ်ဖို့ရှိပါတယ်။ သူက ဆိုမယ်ဆိုရင် ကိုယ်ပိုင်သီချင်းလေး ရှိအောင်လုပ်၊ ကိုယ်ပိုင်သီချင်းလေးနဲ့ ဆိုရရင် ပိုပြီးတော့ ကောင်းမယ်ပေါ့။ အဲ့ဒီအတွက် အခု သူ့ကို သီချင်းရှာခိုင်းထားတယ်။ ကျနော်လည်း သူ့ကို သီချင်းရှာပေးမှာပါ။ အခွင့်အရေးပေါ်လာရင်တော့ အတူတူဆိုမှာပါ။ အခုက ဆိုင်ပွဲတွေမှာဆိုရင် သားအဖနှစ်ယောက် အတူတူဆိုဖို့ လာဖိတ်တာတွေ ရှိတယ်”လို့ အောင်ရင်က ပြောပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ရဲက ဖခင်ဖြစ်သူ အဆိုတော် အောင်ရင်ကတော့ ဂီတလောကမှာ အောင်မြင်တဲ့ ဝါရင့် အဆိုတော် တယောက်ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ အမေရိကန်နိုင်ငံမှာ မိသားစုနဲ့ အခြေချ နေထိုင်နေတယ်လို့ သိရပါတယ်။ သားဖြစ်သူ မိုးအောင်ရင်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် အနုပညာ အလုပ်များ ပြန်လည် လုပ်ကိုင်နေတာ တွေ့ရပါတယ်။

You may also like these stories:

သရဲခြောက်ခံခဲ့ရဖူးတဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် မိုးအောင်ရင်

မိသားစုအပေါ် လွမ်းတဲ့စိတ် မေ့ထားပြီး အလုပ်တွေ ကြိုးစားနေတဲ့ မိုးအောင်ရင်

“မိသားစုကို ဒုက္ခပေးခဲ့ရတဲ့အတွက် နောင်တရလို့ မဆုံးပါဘူး”လို့ မိုးအောင်ရင် ပြော

မိုးအောင်ရင် ထောင်က ထွက်လာပြီးနောက် လူမှုရေး အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading