နိုဝင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သည့် ဟောင်ကောင် ခရိုင်ကောင်စီ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီ လိုလားသည့် ကိုယ်စားလှယ်လောင်းများက နေရာအများစု အနိုင်ရရှိပြီး ဗြိတိသျှ ကိုလိုနီဟောင်း၏ ဒေသတွင်းအုပ်ချုပ်ရေးတွင် တရုတ် ပြည်မကြီး အစိုးရကို ထောက်ခံသည့် အုပ်စု၏ ချုပ်ကိုင်မှုကို ချိုးဖျက်နေသည်။
ဥပဒေပြုရေးကောင်စီ အဖွဲ့ဝင်များနှင့် ခရိုင်ကောင်စီဝင်အဖြစ် ကာလရှည်ကြာဆောင်ရွက်ခဲ့သူများ အပါအဝင် တရုတ်အစိုးရ လိုလားသည့် အုပ်စုမှ လူသိအများဆုံး ကိုယ်စားလှယ်လောင်းအချို့မှာ ဒီမိုကရေစီထောက်ခံသည့် လူငယ်မဲဆန္ဒရှင်များ အကြီးအကျယ် ပါဝင် မဲပေးလာကြခြင်းကြောင့် အတိုက်အခံဘက်မှ စိန်ခေါ်လာသူများကို ရှုံးနိမ့်ခဲ့ကြရသည်။
နောက်ဆုံးသိရှိရသော သိရှိရသော ရလဒ်များအရ မြို့တော်၏ ခရိုင် ၁၈ ခု၌ ရွေးချယ်သည့် ကိုယ်စားလှယ် နေရာ ၄၅၂ နေရာ၏ ၉၀ ရာခိုင်နှုန်းကျော်ကို အနိုင်ရရှိထားပြီး ဖြစ်သည်ဟု အတိုက်အခံ ကိုယ်စားလှယ်လောင်းများက ပြောကြသည်။ ယခု ရွေးကောက်ပွဲမတိုင်မီတွင် ဒီမိုကရေစီ လိုလားသူများ ကောင်စီဝင်နေရာ ၁၁၈ ခုရရှိထားပြီး တရုတ်အစိုးရကို ထောက်ခံသည့် အုပ်စုက ၃၂၇ နေရာနှင့် တသီးပုဂ္ဂလ ၇ နေရာ ရှိခဲ့သည်။
စံချိန်တင်လောက်အောင် အရေအတွက်များပြားသော မဲဆန္ဒရှင်များက အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ စတင်အရှိန်မြင့် လာခဲ့သော ယခုနှစ် ဇွန်လနောက်ပိုင်းတွင် ကျင်းပသည့် ဟောင်ကောင်၏ ပထမဆုံးရွေးကောက်ပွဲတွင် သူတို့၏ ရွေးချယ်မှုများကို ပြုလုပ်ခဲ့ကြသည်။ ပြည်သူ ၂.၉၄ သန်း သို့မဟုတ် မဲဆန္ဒပေးခွင့်ရှိသူများ၏ ၇၁.၂ ရာခိုင်နှုန်းက မဲပေးခဲ့ကြသည်။ ခရိုင်ကောင်စီ ရွေးကောက်ပွဲများကို ၄ နှစ် တကြိမ် ပုံမှန်ပြုလုပ်လေ့ရှိခဲ့သော်လည်း ယခုနှစ် ရွေးကောက်ပွဲများသည် ဆန္ဒပြသူများအပေါ်တွင် ဟောင်ကောင် အာဏာပိုင်များ၏ တုန့်ပြန်မှုအတွက် ဆန္ဒခံယူပွဲ တခုအနေဖြင့် အနီးကပ်စောင့်ကြည့်ခြင်း ခံခဲ့ရသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဟောင်ကောင် အမှုဆောင်ချုပ် Carrie Lam က ရလဒ်များကို အစိုးရက လေးစားကြောင်း ပြောကြားခဲ့သည်။ “ရလဒ်တွေနဲ့ ပတ်သက်လို့ အသိုင်းအဝိုင်းအတွင်းမှာ လေ့လာဆန်းစစ်မှု နဲ့ အဓိပ္ပါယ်ကောက်ယူမှု အမျိုးမျိုးရှိပါတယ်။ ရလဒ်တွေက လက်ရှိ အခြေအနေရဲ့ အပေါ် ပြည်သူတို့ရဲ့ မကျေနပ်မှုနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ပြဿနာတွေကို ရောင်ပြန်ဟပ်တယ်လို့ အများက မြင်ကြပါတယ်” ဟု Carrie Lam က ဆိုသည်။ “ဟောင်ကောင် အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အမြင်ကို ရိုသေစွာ နားထောင်သွားပါမယ်။ အလေးအနက် ရောင်ပြန်ဟပ်သွားပါမယ်” ဟု သူကပြောသည်။
လတ်တလောတွင် အကြမ်းဖက်မှုများ မြင့်တက်လာသော်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် အနီးကပ်ပါဝင်ခဲ့ကြသော လူငယ်တက်ကြွလှုပ်ရှားသူများက ပြည်သူလူထု၏ ထောက်ခံမှု ပိုမိုရရှိလာနေကြောင်း ကိန်းဂဏန်းများက ပြသနေသည်။
ရာဇဝတ်သား လွှဲပြောင်းပေးအပ်ရေး ဥပဒေကို ဆန့်ကျင်သည့် ပြည်သူ သန်းနှင့်ချီ၍ ပါဝင်သော ဆန္ဒပြပွဲများကို စုစည်းခဲ့သော Civil Human Rights Front မှ ဆော်သြသူဖြစ်သည့် Jimmy Sham နှင့် ယခင် Umbrella လှုပ်ရှားမှုမှ ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် Tommy Cheung နှင့် Lester Shum တို့ အားလုံးက တရုတ်အစိုးရကို ထောက်ခံသည့် ကိုယ်စားလှယ်လောင်းများကို အနိုင်ယူခဲ့ကြသည်။
“လူမှုပတ်ဝန်းကျင် အခြေအနေက ဒီရွေးကောက်ပွဲကို ဆန္ဒခံယူပွဲတခုလို ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်” ဟု Jimmy Sham က RTHK အသံလွှင့်ဌာနကို ပြောသည်။ “ဒါက ဟောင်ကောင်ပြည်သူတွေအတွက် အောင်ပွဲတခု ဖြစ်ပါတယ်။” အမှု ဆောင်ချုပ်ရွေးချယ်ရာတွင် စစ်မှန်၍ အားလုံးပါဝင်သည့် မဲပေးပိုင်ခွင့် အပါအဝင် ဆန္ဒပြသူတို့၏ တောင်းဆိုချက် ၅ ခုကို တုန့်ပြန်ရန်လည်း သူက ဟောင်ကောင်အမှုဆောင်ချုပ် Carrie Lam ကို တိုက်တွန်းလိုက်သည်။
တက်ကြွလှုပ်ရှားသူ Joshua Wong ကိုယ်စားလှယ်လောင်း ဖြစ်မလာအောင် တားဆီးခံခဲ့ရပြီးနောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော HSBC မှ စီးပွားရေးပညာရှင်ဟောင်း Kelvin Lam က တရုတ်အစိုးရကို ထောက်ခံသည့် လက်ရှိကောင်စီဝင် Judy Chan ကို Joshua Wong ၏ ခရိုင်တွင် အနိုင်ယူခဲ့သည်။
ဟောင်ကောင်တွင် အကြီးဆုံး တရုတ်ထောက်ခံသည့် ပါတီဖြစ်သော Democratic Alliance for the Betterment and Progress of Hong Kong က အကြီးအကျယ် ရှုံးခဲ့သည်။ ၎င်း၏ ကိုယ်စားလှယ်လောင်း ၈၀ ရာခိုင်နှုန်း ကျော် ရှုံးနိမ့်ခဲ့ရသည်။ ဒုတိယဥက္ကဌ ၂ ဦးဖြစ်သည့် Horace Cheung နှင့် Holden Chow တို့ပင်လျှင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။
ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲခံရသည့် အညင်းပွားဖွယ်ရာ နိုင်ငံရေးသမားတဦး ဖြစ်သည့် Junius Ho က ဒီမိုကရက်တစ် ပါတီမှ Cary Lo Chun-yu ကို ရှုံးနိမ့်ခဲ့သည်။
ဟောင်ကောင် စတော့အိတ်ချိန်းက အခြားဒေသတွင်း စတော့ဈေးကွက်များကို ကျော်တက်နိုင်ခဲ့သည့်အတွက် ဟောင်ကောင်စတော့ အိတ်ချိန်၏ ညွှန်းကိန်းက နိုဝင်ဘာလ ၂၅ ရက်နေ့ အစောပိုင်းအရောင်းအဝယ်တွင် ၁.၉ရာခိုင်နှုန်းမြင့် တက်ခဲ့သည်။
လူ အများစုရရှိထားခြင်းက ဒီမိုကရေစီလိုလားသည့် ပါတီများအတွက် မြို့တော်၏ နောက်လာမည့် အမှုဆောင်ချုပ် ရွေးချယ်ရာတွင် ပြောရေးဆိုခွင့် ပိုမိုရရှိစေလိမ့်မည် ဖြစ်သည်။
ခရိုင် ကောင်စီဝင်များက မြို့တော်၏ ခေါင်းဆောင်ကို ရွေးချယ်သည့် အဖွဲ့ဝင် ၁၂၀၀ ဦးပါဝင်သော ရွေးချယ်ရေးကော်မတီတွင် ၁၁၇ နေရာရရှိသည်။ ဒီမိုကရေစီ လိုလားသူများဘက်မှ လူများစုဖြစ်နေခြင်းက ထို ၁၁၇ နေရာလုံးကို သူတို့ ရရှိလိမ့် မည်ဆိုသည့် အဓိပ္ပါယ်ဖြစ်ပါသည်။ မြို့တော်၏ စနစ်တကျပိုင်းခြားထားသော ဥပဒေပြုရေးအဖွဲ့မှ နေရာ ၇၀ တွင် ၅ နေရာ ကလည်း ခရိုင်ကောင်စီဝင်များ အတွက်ဖြစ်သည်။
ဟောင်ကောင်ရှိ တရုတ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခတဦး ဖြစ်သည့် Ma Ngok က အသိုင်းအဝိုင်း အတွင်းမှ သမရိုးကျ မဲဆန္ဒ ပေးမှုများကဲ့သို့ မဟုတ်ဘဲ ယခုနှစ်ရွေးကောက်ပွဲက ဟောင်ကောင်နေပြည်သူများ နိုင်ငံရေး ရပ်တည်ချက်တခု ရယူရေးအတွက် ပလက်ဖောင်း တခုသဖွယ်ဖြစ်သည်ဟု ပြောသည်။ ဒီမိုကရေစီလိုလားသည့် အဖွဲ့များ အပြတ် အသတ်အနိုင်ရရှိခြင်းက မှန်းဆထားသည်ထက် ကျော်လွန်နေခဲ့ကြောင်း သူကပြောပြီး ထိုရလဒ်ကြောင့် ဆန္ဒပြပွဲများ ခေတ္တမျှ ငြိမ်းချမ်းသွားလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ သို့သော်လည်း ဆန္ဒပြ အကြမ်းဖက်မှုများ နောက်ထပ် ရေချိန်မြင့်တက်လာရေးက အစိုးရ၏ တုန့်ပြန်မှုပေါ်တွင် မူတည်လိမ့်မည်ဟု သူက ဆိုသည်။
အများစုနေရာ ပြတ်ပြတ်သာသား ရရှိလိုက်ခြင်းက အတိုက်အခံအစုအဖွဲ့ကို တရုတ်အစိုးရလိုလားသည့် နိုင်ငံရေးသမားများက ကာလရှည်ကြာစွာ ကြီးစိုးထားခဲ့သော ဟောင်ကောင်၏ ပိုမိုကျယ်ပြန့်သော နိုင်ငံရေးတွင် အခွင့်အာဏာပေးလိမ့်မည်၊ အမှုဆောင်ချုပ် ရွေးချယ်ရာတွင် ဗဟို အစိုးရ၏ သြဇာကို ဟန့်တားနိုင်လိမ့်မည်ဟု Ma Ngok က မျှော်လင့်နေသည်။ “အဲဒါက ဒီမိုကရေစီလိုလားတဲ့ အစုအဖွဲ့တွေအတွက် အရင်းအမြစ်တွေ ပိုပြီး ယူဆောင်လာပါလိမ့်မယ်။ တရုတ် အစိုးရကို ထောက်ခံတဲ့ အဓိက ပါတီတွေရဲ့ တရားဝင်မှုကို လှုပ်ခါပစ်ပါလိမ့်မယ်” ဟု သူက ပြောသည်။
တရုတ်အစိုးရပိုင် သတင်းစာဖြစ်သည့် The Global Times က နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် အယ်ဒီတာချုပ် Hu Xijin ၏ အယ်ဒီတာ့အာဘော်ကို ပုံနှိပ်ဖော်ပြခဲ့ပြီး သူက အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုသည် ၎င်း၏ ကျိုးကြောင်း ဆီလျော်မှုမရှိသော နိုင်ငံရေးစွမ်းအင်ကို ရွေးကောက်ပွဲတွင် သြဇာလွှမ်းမိုးရန် အသုံးပြုခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။
ခရိုင်ကောင်စီ မဲဆန္ဒပေးခြင်းများတွင် “အနောက်တိုင်း အင်အားစုများ”က သြဇာလွှမ်းမိုးခဲ့ကြောင်း Hu Xijin က စွပ်စွဲလိုက် သည်။ “အနောက်နိုင်ငံကြီးတွေနဲ့ ဟောင်ကောင်က ရက်ဒီကယ်အဖွဲ့တွေက ဒီရွေးကောက်ပွဲကို နိုင်ငံရေးလက်နက် အဖြစ် အသုံးပြုချင်ခဲ့ကြတယ်။ ဟောင်ကောင်ရဲ့ အခက်ခဲဆုံးတာဝန် ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ ဥပဒေစိုးမိုးမှု ပြန်လည်ရယူရေးကို ဆန့်ကျင်ခဲ့ကြတယ်”
“ရွေးကောက်ပွဲ သဘောထားတွေအပေါ် ဘယ်လို သြဇာလွှမ်းမိုးမှုတွေ ရှိနေပါစေ ဟောင်ကောင်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အားလုံးက တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ အုပ်ချုပ်ရေးနယ်မြေတခု အတွင်းက ရွေးကောက်ပွဲတွေပါပဲ။ တနိုင်ငံ စနစ် ၂ မျိုး မူဝါဒရဲ့ နိယာမကို သူတို့ တိုက်ခိုက်လို့ မရနိုင်ပါဘူး”ဟု Hu Xijin က ထပ်ပြောသည်။
ကိုးကား ။ ။ Nikkei Asian Review
ဆက်စပ်ဖတ်ရှုရန်
ဟောင်ကောင် ဆန္ဒပြပွဲအတွင်း ခဲထိမှန်သူ အမျိုးသားတဦး အသက်အန္တရာယ် စိုးရိမ်ရ
ဟောင်ကောင် ဆန္ဒပြခေါင်းဆောင်များ ဖမ်းဆီးခံ
ဟောင်ကောင်သို့ တရုတ်စစ်ယာဉ်တန်း ဝင်ရောက်မှုမှာ ပုံမှန်ပြောင်းရွေ့မှုသာဖြစ်ဟု ဆို