အမျိုးသားပညာရေး မူဝါဒ ကော်မရှင်အနေဖြင့် စစ်ဘေးရှောင် စခန်းများတွင် သောင်းနှင့်ချီ ရှိနေသော စာသင်အရွယ် ကလေးများဆီသို့ ကွင်းဆင်ပြီးလေ့လာပြီး လက်တွေ့ကျသော မူဝါဒများ ချမှတ်ပေးရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုသည်။
ဖေဖော်ဝါရီလ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသား ပညာရေး မူဝါဒ ကော်မရှင်၏ ၆ လတာ (၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ) လုပ်ငန်း ဆောင်ရွက်ခဲ့မှု အစီရင်ခံစာကို ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်ခင်စောဝေက “အမျိုးသား ပညာရေး မူဝါဒ ကော်မရှင်အနေနဲ့ စစ်ဘေးတွေ ကျရောက်နေတဲ့ ဒေသများက စစ်ရှောင် စခန်းကို ရောက်ရှိနေတဲ့ ကလေးတွေအတွက် မူဝါဒ ချမှတ်ပေးဖို့ လိုအပ်ပြီး ဒီကလေးတွေရဲ့ပညာရေးကို ဥပေက္ခာမပြုဘဲ လက်တွေ့ကျကျ မူဝါဒတွေ ချမှတ်ဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
ထိုသို့ မူဝါများကို ချမှတ်နိုင်ရန်အတွက် ပညာရေး မူဝါဒ ကော်မရှင်အနေဖြင့် တိုက်ပွဲများ ဖြစ်နေသည့် ဒေသများနှင့် စစ်ပွဲ ရှောင်စခန်းများကို လက်တွေ့ ကွင်းဆင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့ နေရပ်စွန့်ခွာ၍ တိမ်းရှောင်လာသည့် စစ်ဘေး ဒုက္ခသည်များတွင် လိုအပ်ချက်များစွာ ရှိနေသဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လွှတ်တော်တွင် မေးခွန်းထုတ်ပါက ပေးမည်ဟု ကတိပြုသော်လည်း လက်ဝယ်အတွင်းသို့ မရ ရှိ ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဧရာဝတီသို့ ပြောသည်။
“မိဘတွေ စားဖို့ ဆန်ရိက္ခာတောင် ပုံမှန် မရတာ။ ကလေးတွေ အတွက်ဆို ပြောမနေနဲ့။ အဟာရက နဂိုတည်းက ချို့တဲ့ တာ။ စာကျက်ဖို့ က ရိုးရိုးမီးရော၊ လျှပ်စစ်မီးရော မရှိဘူး။ ကျန်းမာရေး စောင့်ရှောက်မှုက ပိုတောင် ဆိုးသေးတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) လက်နက်ကိုင် အဖွဲ့တု့ိကြား တိုက်ပွဲများ ဖြစ်ပွားနေသည် မှာ ၁ နှစ်ကျော် ကြာမြင့်ပြီ ဖြစ်သဖြင့် တိုက်ပွဲများ ပြင်းထန်လာသည်နှင့် အမျှ စစ်ဘေးရှောင် ၁ သိန်းကျော်ထိ ရှိလာပြီး စစ်ဘေးရှောင် စခန်းများတွင် စာသင်ခွင့် မရသော ကလေးငယ် သောင်းချီ ရှိနေပြီ ဖြစ်ကြောင်း ဒေါ်ခင်စောဝေက လွှတ် တော်သို့ ထောက်ပြ ဆွေးနွေးခဲ့သည်။
ထိုသို့ စာသင်ကျောင်းများစွာကို ပိတ်ထားရသဖြင့် ဆရာ၊ ဆရာမများ ကျောင်းမလာတော့သဖြင့် ယင်းဒေသမှ ကျောင်း သား/သူများကို ကျောင်းပြင်ပ လမ်းမများအပေါ် ရောက်မသွားဘဲ ပညာ ဆက်လက်သင်ကြားနိုင်ရန်အတွက် အထောက် အပံ့ များစွာနှင့် အကူအညီများလိုအပ်နေကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ရသေ့တောင်မဲဆန္ဒနယ် ကျောက်တန်းကျေးရွာ အထက်တန်းကျောင်း အဆောက်အအုံတွင် တပ်မတော်စစ် ကြောင်းတခုက နေရာယူထားစဉ် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သဖြင့် ယင်း အ ထ က ကျောင်းအား ယနေ့အချိန်ထိ ပိတ်ထားခဲ့ရ သည်ဟု ဆိုသည်။
ကျောက်တန်းရွာ အပါအဝင် အနီးအနားရှိ ၂၄ ရွာမှ အမှီသဟဲပြု သင်ကြားနေရသော ကျောင်းသား/သူ ၁ ထောင်ကျော်မှာ ပညာသင်ကြားမှု အခက်အခဲများစွာ ကြုံတွေ့နေရသဖြင့် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို စာသင်ကျောင်းများ တွင် တပ်စွဲ နေရာယူထားခြင်း မပြုလုပ်သင့်ကြောင်းကိုလည်း အကြံပြု တိုက်တွန်းခဲ့သည်။
ဆွေးနွေးမှု အပြီး အစီရင်ခံစာ အကြောင်းအရာနှင့် မသက်ဆိုင်သော တပ်မတော်စစ်ကြောင်းများ စာသင်ကျောင်းမှာ နေရာယူသည်ဟူသော ဆွေးနွေးချက်နှင့် စစ်ဘေးရှောင်ဟူသည့် စကားရပ်များကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက် ပေးရန်နှင့် နောက်နောင် ဆွေးနွေးရာ၌ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉ အရ တိုက်ရိုက် မသက်ဆိုင်သည့် အကြောင်း၊ ကြုံရင် ကြုံသလို တခြားအဖွဲ့အစည်းကို ထိခိုက်စေသော အပြုအမူများကို တားမြစ်ပေးရန် တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ် တဦးက မတ်တပ်ထ၍ ကန့်ကွက်ကြောင်း လွှတ်တော် နာယကထံ တင်ပြခဲ့သည်။
ထိုသို့ တင်ပြမှုကို ပြည်ထောင်စု လွှတ်တော် နာယကက “ပြန်လည် စစ်ဆေးပြီးမှ မသင့်လျော်တဲ့ အပိုင်း၊ ဥပဒေနဲ့ မညီတဲ့ အပိုင်းကို လွှတ်တော်ကနေ နုတ်ပယ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။
ဆက်စပ်ဖတ်ရှု့ရန်
ရခိုင်စစ်ပွဲကြောင့် စစ်ဘေးရှောင် ၁သိန်း ၆သောင်းကျော်ရှိလာဟု REC ထုတ်ပြန်
အတိဒုက္ခရောက်နေတဲ့ ရခိုင်ပြည်နယ်ကို ကုစားဖို့က အထူးစီးပွားရေးဇုန် တခုပဲ ရှိတော့တယ်