ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တရွန်အိုင်ရဲကင်းစခန်းတွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်များ၏ လစာငွေ ကျပ်သိန်း ၄၀ ကျော်ကို ရက္ခိုင့်စစ်တပ် (AA)အဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်နေ့က သိမ်းယူဆောင်သွားကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာ အထက်တန်းကျောင်းခွဲတွင် တာဝန်ကျနေသော ပညာရေးဝန်ထမ်း များသည် ယမန်နေ့ မနက်က လစာငွေ ထုတ်ယူပြီး စက်လှေဖြင့် ပြန်လာစဉ် မောင်နှမကျေးရွာအနီးတွင် AA တပ်ဖွဲ့ဝင် များက တားဆီးပြီး သိမ်းယူသွားခဲ့ခြင်းသည်။
တရွန်အိုင်ရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ဝန်ထမ်းလစာငွေ ကျပ်သိန်း ၂၀ နှင့် လမ်းကြုံ ထည့်ပေး လိုက်သည့် ရဲတပ်ဖွဲ့ဝင်များ၏ လစာငွေ ကျပ်သိန်း ၄၀ ကျော်တို့ ပါဝင်သွားကြောင်း ယင်းကျောင်းမှ အလယ်တန်းပြ ဆရာ ဦးအောင်နေလင်းက ပြောသည်။
“မနေ့က ကျနော်တို့ ပလက်ဝကနေ လစာထုတ်ပြီး စက်လှေနဲ့ ပြန်လာတဲ့အခါ မောင်နှမရွာအနီး အရောက်မှာ လက် နက်ကိုင် လူတစုက တားပြီး စစ်ဆေးတယ်။ ကျနော်တို့ လစာငွေ ကျပ်သိန်း ၂၀ နဲ့ ရဲကနေ ကျနော်တို့နဲ့ ထည့်ပေး လိုက်တဲ့ လစာငွေ သိန်း ၄၀ ကျော်တို့ကို သူတို့ စစ်ဆေးပြီး ယူသွားပါတယ်” ဟု ၎င်းကဧရာဝတီသို့ ပြောသည်။
သို့သော် တရွန်အိုင်ရွာတွင် တာဝန်ကျသော ပညာရေးဝန်ထမ်းများ၏ လစာငွေ ကျပ်သိန်း ၂၀ကို ယနေ့နံနက် ၈နာရီ အချိန်တွင် AAမှ ပြန်ပေးမည်ဟု အကြောင်းကြားလာသဖြင့် ပြန်လည်ရယူခဲ့ကြောင်း ဆရာဦးအောင်နေလင်းက ဆက်ပြောသည်။
၎င်းက “ကျနော်တို့ လစာငွေကိုတော့ သူတို့က ပြန်လာယူဖို့ ပြောတော့ ဒီနေ့ မနက် ၈ နာရီလောက်မှာ ကျနော်တို့ လစာတွေကိုတော့ ပြန်ရပါပြီ။ ရဲတပ်ဖွဲ့ဝင်တွေ လစာကိုတော့ ပြန်မရဘူး။ ရဲကတော့ ကျနော်တို့ ခေါ်မေးတာတော့ ရှိတယ်၊ ကျနော့်က သူတို့ ရဲတပ်ဖွဲ့အတွက် လစာထည့်ပေးကတည်းက အာမမခံနိုင် ဘူးလို့ ပြောပြီးသားပါ” ဟု ဧရာဝတီသို့ ဆက်လက်ပြောကြားသည်။
AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ယမန်နေ့က ပလက်ဝမြို့နယ်အတွင်းက ကျီးလေရွာအနီး တွင် လုံခြုံရေးအရ စက်လှေတချို့ကို စစ်ဆေးခဲ့ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပိုင် ကျပ်ငွေ ၄၃၄၉၀၀၀ ကိုတွေ့ရှိခဲ့သည့် အတွက် သိမ်းယူခဲ့ပြီး ပညာရေး ဝန်ထမ်းများ၏ လစာများကိုတော့ ပြန်ပေးလိုက်ကြောင်း ပြောသည်။
“စစ်ဖြစ်နေတဲ့နေရာမှာ လက်နက်ကိုင်တွေနဲ့ ဆက်စပ်တဲ့ ငွေကြေးပဲ ဖြစ်ဖြစ် ။ ပစ္စည်းပဲ ဖြစ်ဖြစ် ကျနော်တို့ကတော့ သိမ်းသင့်ရင် သိမ်းရမှာပဲ၊ ဖျက်စီးသင့်ရင် ဖျက်စီးရမှာပဲ၊ ကျောင်းဆရာ၊ ဆရာမတွေရဲ့ လစာငွေကိုတော့ ကျနော်တို့ ဘာမှမလုပ်ဘူး။ ပြန်ပေးလိုက်ပြီ ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က လည်း ရသေ့တောင်မြို့နယ် သဇင်မြိုင် နယ်ခြားစောင့် ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၄ ဦးမှာ ၎င်းတို့ စခန်းအတွက် လစာငွေများကို စေတီပြင် နယ်မြေစခန်းမှ ထုတ်ယူပြီး အပြန်လမ်းတွင် AA အဖွဲ့က လူယူသွားခဲ့သည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ကျောက်တော်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ များ သည့် ညနေပိုင်း ဘဏ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီး ဖြစ်သဖြင့် ဆောင်ရွက်နေကျ အတိုင်း ငွေသေတ္တာအား မြို့မ ရဲစခန်းရှိ ဘဏ်တိုက်ခန်း တွင် ထားရှိရန် ဆိုက္ကားဖြင့် တင်ဆောင်ပြီး သွားရောက်စဉ် လမ်းတွင် မျက်နှာဖုံးစွပ် လူ ၂ ဦး၏ လုယူသွားခြင်းကို ခံခဲ့ရသည်။
ထိုသို့ လုယူခံရမှုတွင် ကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ပါရှိသွားသည့်အတွက် ကျောက်တော်ဘဏ်မှ တာဝန်ရှိသူများမှာ ရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးခြင်း ကို ခံခဲ့ရ သလို ရဲတပ်ဖွဲ့အနေဖြင့်လည်း တရားခံအားလည်း ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးပါ။
You may also like these stories:
ဒေါ်နန္ဒမာလာ ဖမ်းဆီး ရမိပြီးနောက် လိမ်လည်မှုနှင့် အမှုများ ထပ်မံဖွင့်နေ
အလုပ်သမားရေးလှုပ်ရှားနေသူများ ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန် လှိုင်သာယာမှာ ဝင်ပြိုင်မည်
တကြောင်းလျှင် ကျပ်သိန်း ၂၀၀ အရှုံးခံ၍ ရန်ကုန်-ကိုကိုးကျွန်း သင်္ဘော ပြေးဆွဲပေး ဟုဆို