မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် ၃၅ လမ်း အနောက်ဘက်ထိပ်၊ ကမ်းနားလမ်းပေါ် ဂေါဝိန်ဆိပ်ကမ်း အနီးရှိ စည်ပင် သာယာ အလုပ်သမားတန်းလျားတွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ အသက် ၅ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီသတ်တပ်ဖွဲ့က သိရသည်။
မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက် ဖောင်တော်ရပ် အကွက် ၃၂၃၊ ၃၅ လမ်း အနောက် ထိပ်၊ ဂေါဝိန်ဆိပ်ရှိ စည်ပင်သာယာ လိုင်းခန်းနေ ကိုချစ်မင်းလွင်၏ နေအိမ် လိုင်းခန်းဖြစ်သည့် သွပ်မိုး၊ ထရံကာ ၁ ထပ် မြေစိုက်အိမ်တွင် ထမင်းအိုးတည်ရန် ထင်းဖြင့် မီးမွှေးခဲ့ရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့မှ တိုင်းဦးစီးမှူး ဦးသန်းဇော်ဦး က “မီးလောင်မှုကြောင့် လူသေဆုံးတယ် ဆိုတာ ဟုတ်ပါတယ်။ ကလေးမလေးက အိပ်ပျော်နေတာ၊ မိဘတွေက အပြင်ကို အလုပ် သွားကြတာ။ အဲဒီမှာ အသက် ၉ နှစ် လောက်ပဲ ရှိသေးတဲ့ အစ်ကိုဖြစ်သူက ထမင်းအိုးကို ထင်းမီးနဲ့ တည်တာပေါ့နော်။ မီးက ဘေးမှာရှိတဲ့ ထရံကို ကူးပြီး လောင်ခဲ့တာ။ ထရံတွေဆိုတော့ လောင်တာမြန်တယ်။ ကလေးကလည်း ကြောက်ပြီးတော့ သူ့ ညီမကို သတိမရတော့ဘဲ ထွက်ပြေး တာ ကလေးမလေးက ဆုံးသွားတာပါ” ဟု ပြောသည်။
မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က Level 2 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့်နေအိမ် အတွင်း အိပ်ပျော်နေသည့် အသက် ၅ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ရသလို မီးငြှိမ်းသတ်သည့် အရံမီးသတ် တပ် ဖွဲ့ဝင်တဦးလည်း ဒဏ်ရာရ(မစိုးရိမ်ရ)ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
ထိုကဲ့သို့ မီးလောင်မှုကြောင့် ၈ ပေ× ၁၅ ပေ သွပ်မိုး၊ ထရံကာ မြေစိုက် စည်ပင်သန့်ရှင်းရေး ဝန်ထမ်း ယာယီလိုင်းခန်း ၁၀ ခန်း မီးလောင်ကျွမ်းခဲ့ရပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၃ သိန်းကျော် ရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ကိုချစ်မင်းလွင်(သေဆုံးခဲ့သော မိန်းကလေး၏ ဖခင်)အား အမှတ် (၇) နယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ယခုအခါ မန္တလေးမြို့တွင် မီးလောင်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေမှုကြောင့် မီးသတ်ဦးစီးဌာနက မန္တလေးမြို့ မီး ဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မြို့အနှံ့ လှည့်လည် ပရိတ်ရွတ်ဖတ် ပူဇော်ခြင်းကို ဖေဖော်ဝါရီ ၁၀ ရက်က စတင် လုပ်ဆောင်လျက် ရှိရာ ယခု မီးလောင်မှုဖြစ်ပွားခဲ့သည့် မဟာအောင်မြေမြို့နယ် အတွင်းသို့ ဖေဖော်ဝါရီ ၁၂ ရက်က လှည့်လည်၍ ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခဲ့သည်။
You may also like these stories:
တာချီလိတ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရသူ သေဆုံး
ပုဂံဘုရားတွင် ညစ်ညမ်းဗီဒီယို ရိုက်ကူးသူများအား အရေးယူနိုင်ရေး စုံစမ်း