ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၂၂ ဦးရှိသွားပြီဟု အီရန်ကျန်းမာရေးဝန်ကြီးဋ္ဌာနက ကြာသပတေးနေ့က အတည်ပြုခဲ့ရာ တရုတ်နိုင်ငံပြင်ပတွင် ဗိုင်းရပ်ကြောင့် ဒုတိယမြောက် သေဆုံးသူအများဆုံးနိုင်ငံမှာ အီရန်ဖြစ်လာခဲ့သည်။ ကူးစက်ခံရသူမှာ ၁၄၁ ဦးရှိသည်ဟု အီရန်က ပြောသည်။ ထို့အပြင် အစောပိုင်းရက်အနည်းငယ်က ဗိုင်းရပ်ကူးစက်ဖြစ်ပွားနှင့် ပတ်သက်ပြီး စိုးရိမ်စရာများသိပ်မရှိကြောင်း လျှော့ပေါ့ပြောပြီးနောက် အီရန်၏ ဒု-ကျန်းမာရေးဝန်ကြီးကိုယ်တိုင် ဗိုင်းရပ်ကူးစက်ခံထားရသည်။
ရောဂါကူးစက်သေဆုံးမှုများကို အစိုးရက ဖုံးကွယ်ထားသည်ဆိုသည့် စွပ်စွဲချက်များထွက်ပေါ်နေစဉ် အမှန် တကယ်ကူးစက်သေဆုံးမှုများမှာ တရားဝင်ထုတ်ပြန်မှုထက် လွန်စွာများပြားနိုင်သည်ဆိုသည့် သံသယများ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိသည်။ အီရန်၏ ကူးစက်မှုအများစုမှာ ရှီးအိုက်မွတ်စလင် ဘုရားဖူးများအတွက် အဓိကကျသည့် ဘာသာရေးဆိုင်ရာ နေရာတခုဖြစ်ပြီး တီဟီရန်မြို့တော်၏ တောင်ဘက် ၈၅ မိုင်ကွာဝေးသော ကုမ် Qom နှင့် ဆက်စပ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဋ္ဌာနပြောခွင့်ရပုဂ္ဂိုလ်က အင်္ဂါနေ့က န်ိုင်ငံပိုင်ရုပ်သံကတဆင့် ပြောကြားခဲ့သည်။
ဗိုင်းရပ်ကြောင့် ကွမ်မြိုတွင် လူ ၅၀ သေဆုံးခဲ့ပြီဖြစ်ကြောင်း ၎င်းမြို့မှ အရာရှိတဦးက ပြောကြားခဲ့သော်လည်း တီဟီရန်က ၎င်းစာရင်းကို လျင်မြန်စွာပယ်ချပြီး ဖုံးကွယ်မှု တစုံတရာ မရှိကြောင်း ငြင်းဆိုလိုက်သည်။
အီရန်တွင် ဗိုင်းရပ်လျင်မြန်စွာ ပျံ့နှံ့ခြင်းက ပိုမိုကျယ်ဝန်းသည့် အရှေ့အလယ်ပိုင်း ဒေသအတွက် ပိုမိုကြီးမားသည့် အန္တရာယ်ရှိနေကြောင်း အချက်ပြလျက်ရှိသည်။ အရှေ့အလယ်ပိုင်း၏ ကျန်ဒေသများနှင့် အီရန်သည် ဘုရားဖူးများနှင့် အလုပ်သမားများ၏ ခရီးသွားလာမှုမှတဆင့် ချိတ်ဆက်မှုများ ရှိသည်။ ၎င်း၏ စီးပွားရေးအခြေအနေကြောင့် ပြင်းထန်လာသည့် ရောဂါကူးစက်ဖြစ်ပွားမှုကို အီရန်သည် ကိုင်တွယ်ရန် ကြိုတင်ပြင်ဆင်မှု ကောင်းစွာမလုပ်နိုင်ခဲ့ဟု ဒေသဆိုင်ရာကျွမ်းကျင်သူများက ပြောသည်။
အီရန်သည် ပြည်သူ့ကျန်းမာရေး အခြေခံအဆောက်အအုံ အားနည်းသည့် နိုင်ငံတခုတွင် Covid-19 ဗိုင်းရပ်ကူးစက်ဖြစ်ပွားမှု မြင့်မားခြင်းအတွက် ပထမဆုံး သာဓကဖြစ်သည်ဟု Tellimer မှ နယ်ခြားဈေးကွက်ရှယ်ယာ မဟာဗျူဟာဆိုင်ရာ ဒူဘိုင်းအခြေစိုက် မန်နေဂျင်းဒါရိုက်တာ ဟက်စ်နာအင်မာလစ်က CNBC သို့ပြောသည်။ အီရန်တွင် လူတထောင်အတွက်မှ ဆေးရုံကုတင်က တလုံးခွဲသာရှိသည်။ ယင်းပမာဏက အမေရိကန် သို့မဟုတ် ဆော်ဒီအာရေးဘီးယားရှိ ပမာဏ၏ ထက်ဝက်ခန့်သာရှိသည်ဟု မာလစ်က ဆိုသည်။” ကျနော်တို့ အာရှ၊ အာဖရိကတို့က နောက်ထပ်နမူနာတွေ မြင်ရအုံးမှာပါ။ ရှောင်လို့မရပါဘူး” ဟု မာလစ်ကပြောသည်။
ဒေသဆိုင်ရာရိုက်ခတ်မှုများ
ဖြစ်ပွားလာသည့် နိုင်ငံသစ်အချို့ဖြစ်သည့် အီရတ်၊ ကူဝိတ်၊ အာဖဂန်နစ္စတန်၊ ဘာရိန်းနှင့် အိုမန် တို့ကလည်း ၎င်းတို့နိုင်ငံများတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ် ကူးစက်မှုများရှိနေကြောင်း တနင်္လာနေ့က အစီရင်ခံခဲ့ပြီး ကူးစက်မှုအားလုံးမှာ အီရန်နှင့် ဆက်စပ်သည်ဟု ၎င်းနိုင်ငံများက ပြောကြားခဲ့ရာ ဒေသတခုလုံးသို့ ပို၍ကြီးမားစွာ ပျံ့နှံ့မည်ကို စိုးရိမ်မှုများ မြင့်မားလာသည်။ လက်ဘနွန်၊ ယူအေအီး၊ ဘာရိန်းနှင့် ကနေဒါနိုင်ငံတို့သည်ပင် အီရန်မှ အစပြုသည့် ကူးစက်မှုများရှိနေသည်ဟု အစီရင်ခံထားသည်။
“ဒေသတွင်းရိုက်ခတ်မှုတွေကတော့ ဒူဘိုင်း၊ မက္ကာနဲ့ အီရတ်က ကာဘာလာနဲ့ တခြားဆက်စပ်ကုမ္ပဏီတွေအတွက် အကြီးဆုံးဖြစ်ပါတယ်” ဟု မာလစ်ကပြောသည်။ “ဒေသဆိုင်ရာလေကြောင်းလိုင်းတွေ၊ အထူးသဖြင့် အကြွေးပိနေတဲ့ လိုင်းတွေက အပြင်းထန်ဆုံး ထိခ်ိုက်တဲ့ ကုမ္ပဏီတွေထဲမှာ ပါပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
အီရန်မှာ ဒေသတွင်း ဘာသာရေးဆိုင်ရာ ဗဟိုချက်ဒေသတခုဖြစ်နေသည့်အတွက် ရောဂါကူးစက်ဖြစ်ပွားမှုက ပိုဆိုးလာသည်။ များပြားလှသည့်လူများက အီရန်သို့ စုရောက်ရှိလာသဖြင့် ရောဂါကူးစက်မှု အန္တရာယ်မှာ မြင့်မားလျက်ရှိသည်ဟု Chatham House ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဌာနမှ ပရောဂျက်ဒါရိုက်တာ အိုစမန်ဒါး က အီးမေးလ်မှတဆင့် CNBC သို့ပြောကြားခဲ့သည်။
ဘာသာရေးဆိုင်ရာ ဗဟိုချက်ဒေသ နောက်တခုဖြစ်နေသည့် ဆော်ဒီအာရေးဗျကလည်း ကြာသပတေးနေ့မှ စပြီး မက္ကာသို့ ဘုရားဖူးလာခြင်းအား ခွင့်မပြုတော့ဘဲ ယာယီပိတ်ပင်ထားပြီး ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနေသော နိုင်ငံများတွင် ဗီဇာထုတ်ပေးနေမှုကိုလည်း ရပ်ဆိုင်းထားသည်။
ဒဏ်ခတ်ပိတ်ဆို့ခံရမှုကြောင့်လည်း ဆေးပစ္စည်းများရရှိမှုကို ထိခိုက်နေ
သမိုင်းကြောင်းအရ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်တို့နှင့် ထိစပ်နေသည့် စိမ့်ဝင်နိုင်သည့် နယ်စပ်ဒေသများသို့ ဒုက္ခသည်များနှင့် ဘုရားဖူးများ၏ ကြီးမားသည့် ရွေ့ပြောင်းသွားလာမှုကြောင့်လည်း ကူးစက်မှုများက မြေပြင်နယ်စပ်ဒေသများမှတဆင့် ထိုနိုင်ငံများထဲသို့ ရောက်ရှိနိုင်သည်။ ဇန်နဝါလတလတည်းအတွင်းမှာပင် လူ ၃၀,၀၀၀ ခန့်မှာ အီရန်မှ အာဖဂန်နစ္စတန်သို့ ပြန်လာခဲ့ပြီး ဘုရားဖူးနှင့် အလုပ်သမား သန်းပေါင်းများစွာမှာ အီရန်နှင့် အီရတ်ကြား နှစ်စဉ်ကူးလူးသွားလာလျက်ရှိသည်။
၂၀၁၈ ခုနှစ်က အီရန် နျူကလီးယားသဘောတူညီချက်မှ ဒေါ်နယ်ထရမ့်၏အစိုးရက နုတ်ထွက်ပြီးကတည်းက ထူးထူးခြားခြားပြင်းထန်လာသည့် အီရန်အပေါ် အမေရိကန်၏ပိတ်ဆို့အရေးယူမှုကလည်း အီရန်၏စီးပွားရေးကို အားနည်းစေသည်။ ရလဒ်အနေဖြင့် အီရန်သည် အရည်အသွေးခိုင်မာသည့် ဆေးဝါးကိရိယာများရရှိရေးနှင့် ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်ရေးအတွက် လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်ချက်များ မပြုလုပ်နိုင်ဟုလည်း အိုစမန်ဒါးက ဆိုသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများထက်လည်း တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းမှာ ပို၍ အကန့်အသတ် ရှိလာသည်ဟုလည်း ဆိုသည်။
၎င်းကိရိယာတန်ဆာပလာများတွင် တကိုယ်ရေသုံး အကာအကွယ်ကိရိယာနှင့် ဆေးဝါးများပါဝင်ပြီး ယင်းတို့မလုံလောက်ခြင်းက သေနှုန်းအချို့ တိုးလာစေနိုင်သည်။
အိမ်နီးချင်းများက နယ်စပ်ကို ပိတ်နေ
အီရန်၏ အိမ်နီးနိုင်ငံအားလုံးနီးပါးမှာ ၎င်းတို့၏နယ်စပ်ကို ပိတ်ထားပြီး အီရန်သို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်များကိုလည်း ရပ်ဆိုင်းလိုက်သည်။ တူရကီ၊ အာမေးနီးယား၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့က ၎င်းတို့၏ နယ်စပ်ကို ပိတ်ထားပြီး အီရတ်ကလည်း အီရန်နှင့် အသွားအပြန်ခရီးများကို ပိတ်ထားလိုက်ပြီဟု ပြောကြားခဲ့သည်။ ထိုစဉ် ဘာရိန်း၊ အိုမန်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဗျနှင့် ယူအေအီးတို့ကလည်း အီရန်သို့လေကြောင်းခရီးစဉ် အားလုံးရပ်ဆိုင်းလိုက်သည်။ အီရတ်က ကူဝိတ်နှင့်နယ်စပ်ကိုသာ ပိတ်ထားပြီး ၎င်းတွင် ကူးစက်လူနာသုံးဦးရှိသည်ဟု အတည်ပြုထားပြီး အားလုံးမှာ အီရန်မှ ခရီးသွားပြန်လာသူများဖြစ်သည်ဟု သိရသည်။
တရုတ်နှင့် ကုန်သွယ်မှုအားကောင်းသော အီရန်မှာ ယခုအချိန်အထိ တရုတ်နှင့် လေကြောင်းအသွားအပြန်ခရီးစဉ်များကို ရပ်ဆိုင်းခြင်း မရှိသေးပါ။ အီရန်တွင် ဆူညံယောက်ယက်ခတ်ပြီး တခါတရံ အကြမ်းဖက်မှုများပင်ရှိခဲ့သည့် လအနည်းငယ်နောက်တွင် ဗိုင်းရပ်ရောဂါဖြစ်ပွားမှု ရောက်လာခဲ့သည်။ အမေရိကန်နှင့် တင်းမာမှုများ သိသိသာသာမြင့်မားနေချိန်လည်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အီရန်လူမျုိုး ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် နိုဝင်ဘာလနှင့် ဇန်နဝါရီလတွင် လူထုကန့်ကွက်ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့်အပတ် သောကြာနေ့က ပါလီမန်ရွေးကောက်ပွဲသို့ လာရောက်မဲပေးမှုမှာ အနိမ့်ဆုံးရောက်ရှိခဲ့ရာ ယင်းမှာ အစိုးရအပေါ် ယုံကြည်မှုမှာ ဆိုးဝါးစွာ အားနည်းနေသည့် လက္ခဏာတရပ်အဖြစ် အများအပြားက ပြောဆိုလျက်ရှိသည်။ ယခုအခြေအနေက ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုအား လူထု၏တုံ့ပြန်မှုကို ပိုမိုဆိုးဝါးစေကြောင်း အိရန်ကျွမ်းကျင်သူအချို့က သတိပေးသည်။
“အစိုးရကို လူထုက ယုံကြည်မှုမရှိတာကြောင့် အပြင်မထွက်ဘဲ အိမ်မှာပဲနေဖို့ ညွှန်ကြားချက်တွေကို မလိုက်နာကြဘူး။ လူတွေက ကြောက်လန့်ပြီး အစမ်းသပ်ခံဖို့ ဆေးရုံကို သွားနေကြတယ်။ ဒါက ဗိုင်းရပ်ပျံ့မှုကို ပိုဆိုးစေပါတယ်” ဟု ဟားဗတ်ကနေဒီကျောင်း၏ ဘယ်လ်ဖာစင်တာမှ သုတေသီတဦးဖြစ်သူ ဒိုင်နာအက်စ်ဖန်ဒိုင်ယာရီက ပြောသည်။
“ပိတ်ဆို့ဒဏ်ခတ်မှုတွေကလည်း ရောဂါဖြစ်ပွားမှုကို စစ်ဆေးကိုင်တွယ်ဖို့ ကျန်းမာရေးရာတွေအတွက် ပိုပြီးခက်ခဲစေပါတယ်။ ဒါက ဗိုင်းရပ်ကူးစက်မှုဟာ အီရန်ရဲ့နယ်စပ်တွေကို လွန်သွားမယ်ဆိုတာ ရှောင်လို့မရပါဘူး” ၎င်းကဆိုသည်။
ကိုးကား။ ။ CNBC ၏ Iran now has the highest coronavirus death toll outside of China, threatening the wider Middle East
You may also like these stories:
ကိုရိုနာဗိုင်းရပ် လေထဲက ကူးနိုင်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ပြသတဲ့ ရောဂါလက္ခဏာများ
ကိုရိုနာနဲ့ ပတ်သက်ပြီး ဂျပန်ရောက် မြန်မာများအတွက် မြန်မာသံရုံးက အသိပေးချက် ထုတ်ပြန်