မြန်မာတွင် ဆင်းသက်လာသော အီရန်လေယာဉ်များကြောင့် လူ့အခွင့်အရေး ချိုးဖောက်သော မြန်မာ စစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ပင်ရန် နိုင်ငံတကာ တောင်းဆိုမှု မြင့်မားနေချိန်တွင် အဆင့်မြင့် အီရန်လက်နက်များ ရောင်းချမှုအပါအဝင် လျှို့ဝှက်စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုအပေါ် ခန့်မှန်းချက်များ ဖြစ်စေသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့က မြန်မာသို့ရောက်လာသော အီရန်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ် လာရောက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အရှေ့တောင်အာရှအခြေစိုက် သံတမန်တဦးက ပြောသည်။
အီရန်သည် များပြားလှစွာသော ဖိနှိပ်သည့် အစိုးရများသို့သာမက ဆီးရီးယားနှင့် ယီမင်ပြည်တွင်းစစ်များတွင် အီရန်၏ မဟာမိတ် စစ်လက်နက်ပစ္စည်း ကိရိယာများ ထောက်ပံ့နေသည်ဟု စွပ်စွဲခံနေရသည်။ သို့သော် တရုတ်၊ ရုရှားနှင့် အိန္ဒိယကို စစ်လက်နက်ပစ္စည်းအတွက် အဓိက မှီခိုနေသည့် မြန်မာနှင့် အီရန်အကြား စစ်ဘက်ဆက်ဆံရေး ရှိသည်ကို မသိကြသေးပေ။
ထို့အပြင် ၂၀၁၇ ခုနှစ်တွင်လည်း အီရန်ပါလီမန် ဒုတိယ ဥက္ကဋ္ဌကလည်း မြန်မာ၏ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ သိန်းချီထွက်ပြေးရသည့် ရိုဟင်ဂျာမွတ်ဆလင်များကို မြန်မာစစ်အုပ်စု အကြမ်းဖက်မှု ရပ်တန့်စေရန် မွတ်ဆလင် နိုင်ငံများအနေဖြင့် ပူးတွဲတပ်ဖွဲ့ ဖွဲ့ရန်တောင်းဆိုသည်။ မြန်မာစစ်အုပ်စု၏ ထိုစစ်ဆင်ရေးသည် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်နိုင်ကြောင်းလည်း ကုလသမဂ္ဂကပြောသည်။
ကျမ သတိထားမိသလောက် ဒါက ဒုတိယမြောက် အီရန်လေကြောင်းခရီးပဲ။ စစ်ဘက် နည်းပညာနဲ့ ပတ်သက်တဲ့ ဆက်သွယ်မှုလို့ နားလည်ရတယ်
Flightradar 24 ၏ အချက်အလက်များအရ အီရန်ကုန်တင်လေကြောင်းလိုင်း Qeshm Fars Air ပိုင် လေယာဉ်တစီးသည် အီရန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မက်ရှ်ဟက်ဒ်မှ မြန်မာသို့ လွန်ခဲ့သော ကြာသပတေးနေ့က ပျံသန်းသွားပြီး ထိုလေယာဉ်သည် မြန်မာမှ အီရန်သို့ နောက်တနေ့တွင် ပြန်လာကြောင်း ပျံသန်းမှုခြေရာခံ အချက်အလက်များအရ သိရသည်။
“ကျမ သတိထားမိသလောက် ဒါက ဒုတိယမြောက် အီရန်လေကြောင်းခရီးပဲ။ စစ်ဘက် နည်းပညာနဲ့ ပတ်သက်တဲ့ ဆက်သွယ်မှုလို့ နားလည်ရတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က Asia Times သို့ ပြောသည်။
“စစ်အာဏာရှင်စနစ် ကျင့်သုံးဖို့ ကြိုးစားနေတဲ့ မြန်မာစစ်ကောင်စီနဲ့ အီရန်လို နိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး ဆိုတာဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ အတွက်သာမက ဒေသတွင်းနဲ့ နိုင်ငံတကာ လုံခြုံရေးအမြင်အရပါ စိတ်ပူပန်စရာအခြေအနေဖြစ်တယ်” ဟုလည်း သူက ပြောသည်။
အီရန်ကျောထောက်နောက်ခံပြု ဆီးရီးယားပြည်တွင်းစစ်မှ အုပ်စုများကို အီရန်တော်လှန်ရေး အစောင့်တပ်၏ သမားရိုးကျ မဟုတ်သော စစ်ရေးကို အထူးပြုသည့် Qods Force (IRGC-QF) ၏ ကိုယ်စား လက်နက်များ ပို့ဆောင်ပေးသည်ဟု ဆိုကာ အမေရိကန် ဘဏ္ဍာရေးဌာနက Qeshm Fars Air ကို ၂၀၁၉ ခုနှစ်တွင် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ အစောပိုင်းက အီရန်လေယာဉ်တစီးသည် နေပြည်တော်လေဆိပ်တွင် ခေတ္တဆင်းသက်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်
ထိုအရေးယူပိတ်ဆို့မှုများကို ကြေညာရာတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာနက စိုးရိမ်ပူပန်စရာကောင်းသည်ဟု သတ်မှတ်ထားသည့် Qeshm Fars Air ပိုင် လေယာဉ် ၂ စီးအနက် “EP-FAA” ဟု မှတ်ပုံတင်ထားသည့် လေယာဉ်သည် လွန်ခဲ့သော သီတင်းပတ်က မြန်မာသို့ ပျံသန်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း လေကြောင်းခရီးစဉ် ခြေရာခံရေး ဝန်ဆောင်မှုလုပ်ငန်းက ဖော်ပြသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ကူးသန်းရောင်းဝယ်ရေး လေကြောင်းလိုင်းအဖြစ် မူလက စတင်ခဲ့သော Qeshm Fars Air လေကြောင်းလိုင်းသည် လုပ်ငန်းများကို ၂၀၁၇ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည်။ ၎င်း၏ B747 လေယာဉ်နှစ်စီးသည် ဒမတ်စကပ်သို့ ပုံမှန်ပျံသန်းကာ IRGC-QF ၏ ကိုယ်စား လက်နက်ပို့ဆောင်မှုများ အပါအဝင် ကုန်စည်ပို့ဆောင်သည်ဟု အမေရိကန် အရေးယူပိတ်ဆို့မှု အမိန့်တွင် ဖော်ပြထားပြီး ထိုလေကြောင်းလိုင်းကို အထောက်အကူပေးသူများသည် အရေးယူပိတ်ဆို့မှု ခံရနိုင်ကြောင်း သတိပေးသည်။
အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ အစောပိုင်းက အီရန်လေယာဉ်တစီးသည် နေပြည်တော်လေဆိပ်တွင် ခေတ္တဆင်းသက်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။ ထိုလေယာဉ်သည် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ခြင်း ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များက သတင်းဌာနများကို ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် အီရန်ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ သွားရောက်သည်ဆိုသည့် သတင်းကို အီရန် မီဒီယာများတွင် Asia Times က မတွေ့ရှိသကဲ့သို့ လွန်ခဲ့သော သီတင်းပတ်က မြန်မာသို့ အီရန်ကိုယ်စားလှယ်အဖွဲ့ သွားရောက်ရသည့် ရည်ရွယ်ချက်ကိုလည်း အတည်မပြုနိုင်ခဲ့ပါ။
သို့သော် Asia Times သည် လွန်ခဲ့သောအပတ်က အီရန်ဧည့်သည်တော်များ သာမက လွန်ခဲ့သောလ အနည်းငယ်က လာရောက်ခဲ့သည့် ဧည့်သည်တော်များ၏ အမည်စာရင်း ဖြစ်ပုံရသည့် စာရင်းတခုကို ကြည့်ရှုနိုင်ခဲ့သည်။
အမည်မဖော်လိုသော အီရန်ရေးရာ ကျွမ်းကျင်သူတဦးက ထိုအမည်များအနက် အချို့သည် အစ္စလမ္မစ် တော်လှန်ရေး အစောင့်တပ် အပါအဝင် စစ်ဘက်နှင့် ပတ်သက်နေသူများ ဖြစ်ကြောင်းပြောသည်။ ထိုအချက်မှန်၊ မမှန်ကို Asia Times အနေဖြင့် လတ်တလော သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်များကို နိုင်ငံတဝှမ်း တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်သစ်များ (PDFs) အပါအဝင် ကြီးထွားနေသော စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရင်ဆိုင်ရာတွင် အားသာချက်ရစေမည့် လက်နက်များကို အီရန်က ပေးနိုင်သည်ကိုလည်း ရှင်းလင်းစွာ မသိရပေ။
အမည်မဖော်လိုသော အီရန်ရေးရာ ကျွမ်းကျင်သူတဦးက ထိုအမည်များအနက် အချို့သည် အစ္စလမ္မစ် တော်လှန်ရေး အစောင့်တပ် အပါအဝင် စစ်ဘက်နှင့် ပတ်သက်နေသူများ ဖြစ်ကြောင်းပြောသည်
အီရန်၏ မကြာသေးမီက ပျံသန်းမှုများကို စောင့်ကြည့်နေသည့် သတင်းရင်းမြစ်များက အီရန်သည် မြန်မာသို့ ပဲ့ထိန်းဒုံးကျည်များကို စစ်ကောင်စီသို့ ထောက်ပံ့နေပုံရကြောင်း ပြောသည်။ ထိုသို့သော လက်နက်များ ဝယ်ယူမှုသည် ထိုင်းနှင့် အိန္ဒိယ အပါအဝင် အိမ်နီးချင်းနိုင်ငံများအတွက် မျက်ခုံးပင့်စရာဖြစ်သည်။ စစ်ကောင်စီသည် ခုခံရေးအင်အားစုများအား ဗုံးကြဲတိုက်ခိုက်ခြင်းများနှင့် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင်နေသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များသည် အရပ်သား ၁၄၀၀ ကျော်ကို သတ်ဖြတ်ပြီး ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ သိရသည်။ စစ်ကောင်စီ ညှင်းပမ်းနှိပ်စက်မှု၊ မုဒိမ်းမှုနှင့် သတ်ဖြတ်မှုသတင်းများကို နိုင်ငံအနှံ့အပြားမှ လူမှုကွန်ရက်များတွင် တွေ့နေရသည်။
ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအခြေပြု အဖွဲ့အစည်းများဖြင့် လွန်ခဲ့သော ဧပြီလက ဖွဲ့စည်းခဲ့သည့် NUG က စက်တင်ဘာလတွင် ပြည်သူ့ ခုခံစစ် ကြေညာပြီး စစ်ကောင်စီကို လက်နက်ကိုင်ခုခံရန် တောင်းဆိုသည်။
ဥရောပသမဂ္ဂကလည်း စစ်အာဏာသိမ်းမှုနှင့် နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို တုံ့ပြန်ရန် အားလုံး လိုက်နာရန်လိုသည့် နိုင်ငံတကာ လက်နက်ရောင်းချမှု ပိတ်ပင်ရေးကို တောင်းဆိုသည်။ ကုလသမဂ္ဂအထွေထွေ ညီလာခံကလည်း မြန်မာသို့ လက်နက်စီးဆင်းမှု တားဆီးရန် နိုင်ငံအားလုံးကို တောင်းဆိုသော မဖြစ်မနေ လိုက်နာရန် မလိုသည့် ဆုံးဖြတ်ချက်ကို လွန်ခဲ့သောနှစ်က ချမှတ်သည်။
သို့သော် လက်နက်ရောင်းချမှု ပိတ်ပင်စေကာမူ စစ်ကောင်စီသို့ လက်နက်ခဲယမ်းရောင်းချမှု ရပ်တန့်စေရန် ခက်ခဲကြောင်း သုတေသီများက ထောက်ပြသည်။ ထိုသို့ပိတ်ပင်ရန် အလားအလာ မရှိကြောင်းလည်း ၎င်းတို့က ပြောသည်။
လက်နက်ရောင်းချမှု ပိတ်ပင်စေကာမူ စစ်ကောင်စီသို့ လက်နက်ခဲယမ်းရောင်းချမှု ရပ်တန့်စေရန် ခက်ခဲကြောင်း သုတေသီများက ထောက်ပြသည်
“လက်နက်များဆုံး ထောက်ပံ့နေတဲ့ ရုရှားနဲ့ တရုတ်က လက်နက်မရောင်းဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို တားဆီးမယ်” ဟု သြစတေးလျ အမျိုးသားတက္ကသိုလ်မှ အရှေ့တောင်အာရှရေးရာ သုတေသီ ဟန့်တား မာစတွန်က ပြောသည်။
နိုင်ငံတကာ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းသည် စစ်ကောင်စီအပေါ်သာ ချမှတ်နိုင်သော်လည်း ၎င်းကို ထောက်ခံသူများအပေါ် မချမှတ်နိုင်ကြောင်း NUG အဖွဲ့ဝင်အချို့က ပြောသည်။
တချိန်တည်းတွင် လက်နက်အားနည်းနေသည့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများထံ လက်နက် ထောက်ပံ့ရန် အနောက်ဒီမိုကရေစီနိုင်ငံများက ပိုမိုတောင်းဆိုနေသည်။ ထိုခုခံရေး အင်အားစုများသည် လက်ရှိအခြေအနေတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထိုင်းနယ်စပ်မှ အဖွဲ့များထံတွင် လက်ရှိအချိန်အထိ မစို့မပို့လက်နက်များအတွက် မှီခိုနေရသည်။
(Asia Times တွင် ဖော်ပြသည့် David Hutt ၏ What is Iran’s Revolutionary Guard doing in Myanmar? ကို ဘာသာပြန်ဆိုသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ရှောင် ဒဗလျူ ခရစ်ပင်က ဆောင်းပါးအတွက် ပံ့ပိုးကူညီသည်။)
You may also like these stories:
UWSA တောင်ပိုင်းတပ် စစ်ရေးပြင်ဆင်နေ
ကယားတွင် အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ
စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တောင်းဆို
သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ