သတင်း

အစိုးရကို ပုတ်ခတ်ဟောပြောသည့် ကြံ့ခိုင်ရေးအမတ် ထောင် ၆ လ ချခံရ

Want create site? Find Free WordPress Themes and plugins.

အစိုးရအပေါ် အချက်အလက် အမှားများဖြင့် ပုတ်ခတ်ဟောပြောမှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံထားရသည့် ကြံ့ခိုင်ရေးပါတီ ပျော်ဘွယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးအား ပျော်ဘွယ်မြို့နယ် တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချ လိုက်သည်။

ဦးတင်စိုးနှင့် ပတ်သက်ပြီး ပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရမည်းသင်း ခရိုင် ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးညီညီလွင်က တရားလို ပြုလုပ်ကာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က ပျော်ဘွယ်မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ခရိုင် ဒုဥက္ကဋ္ဌ ဦးညီညီလွင်က “သက်သေ ထွက်ဆိုချက်တွေအရ အပြစ်ရှိကြောင်း ပေါ်လွင်ပေမယ့် ကျန်းမာရေး အခြေ အနေအရ လျော့ပေါ့တဲ့ အနေနဲ့ ထောင်ဒဏ် ၆ လ ချမှတ်တယ်လို့ တရားခွင်မှာ ပြောတာပေါ့၊ ၆ လ က နည်းတယ်၊ များ တယ်တော့ မပြောလိုပါဘူး”ဟု ဧရာဝတီသို့ပြောသည်။

ပျော်ဘွယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က ကြက်တည်ကျေးရွာတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် အစိုးရအပေါ် မဟုတ်မမှန် သတင်းအချက် အလက်များဖြင့် ဝေဖန်တိုက်ခိုက်မှုများ၊ ဘာသာရေး ပဋိပက္ခ ဖြစ်စေနိုင်သည့် ဟောပြောမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ တရားစွဲခံရခြင်းဖြစ်သည်။

ရမည်းသင်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးဦးက “ထောင်ဒဏ် ၆ လချ လိုက်တာ ဟုတ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း တရားရုံးက အမိန့်စာကို အမြန်ဆုံးပို့ပေးဖို့ တရားရေး ဌာန ကို အကြောင်းကြားထားပါတယ်”ဟု ဧရာဝတီသို့ပြောသည်။

တရားစွဲဆိုရန်အတွက်လည်း ပါတီဘက်က ညွန်ကြားခဲ့ခြင်းဖြစ်ပြီး ယခုပြစ်ဒဏ်ချမှတ်မှုအပေါ် အယူခံ တက်ရေး၊ မတက်ရေးသည်လည်း ပါတီက ညွန်ကြားသည့်အတိုင်းသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးညီညီလွင်က ပြောသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစုံတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများ ပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်း မဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် နှစ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

ဦးတင်စိုးကဲ့သို့ပင် အစိုးရအပေါ် ပုတ်ခတ်ဟောပြောမှုများကြောင့်ဟုဆိုကာ ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲခံရသည့် ဦးဝီရသူနှင့် ဘူးလက် ဦးလှဆွေတို့မှာမူ တရားရင်ဆိုင်ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဝရမ်းပြေး ကြေညာ ထားရသည်။

ဆက်စပ်လင့်

ဝရမ်းပြေးများ လွတ်မြောက်နေမှု လွှတ်တော်တွင် မေးခွန်းထုတ်ခံရ

နိုင်လွတ်လုံဥပဒေကို ပြင်ဆင်တဲ့အခါ

Did you find apk for android? You can find new Free Android Games and apps.
Loading