ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန် မန္တလေးတိုင်းအတွင်းမှ ဖြတ်သန်းကာ အခြားဒေသများသို့ ပြေးဆွဲသည့် ခရီးသည် ယာဉ်လိုင်း အားလုံး မန္တလေးမြို့ထဲသို့ ဝင်ရောက်ခြင်း မပြုဘဲ ရှောင်ကွင်းလမ်းမှသာ သွားရောက် ခွင့်ပြုကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့က ဧပြီ ၆ ရက်က တားမြစ်မိန့် ထုတ်ပြန်သည်။
မန္တလေးတိုင်း အဝေးပြေးခရီးသည်တင် ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက “မန္တလေးမြို့ထဲကိုတော့ ဘယ်ယာဉ်လိုင်းမှ မဝင်ရ ဆိုတာ သက်ဆိုင်ရာ ယာဉ်လိုင်းတွေကိုလည်း မနေ့ကတည်းက အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ ယာဉ်လိုင်းတွေအတွက် သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းတွေကပဲ ပတ်ပြီး ဖြတ်သန်းသွားရမှာပါ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကချင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းပြည်နယ် (တောင်၊ မြောက်)တို့မှ ပဲခူးနှင့် ရန်ကုန်တိုင်းသို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်လိုင်းများသည် မန္တလေးမြို့တွင်းသို့ ဝင်ရောက်ခြင်း မပြုရဘဲ သတ်မှတ်ထားသော လမ်းများမှသာ သွားရမည်ဟု ပါရှိသည်။
အသေးစိတ်မှာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှ လာသော ခရီးသည်တင်ယာဉ်များသည် တံတားဦးမှတဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း ရန်ကုန်တိုင်းသို့ လည်းကောင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့မှ ခရီးသည် တင်ယာဉ်များသည် ပခုက္ကူ-ကျောက်ပန်းတောင်းမှတဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း ရန်ကုန်တိုင်းသို့ လည်းကောင်း သွားရောက်ရမည် ဖြစ်သည်။
အလားတူ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ လာပါက ပျော်ဘွယ်(ဘုရားငါးဆူ)မှ တဆင့် ရန်ကုန်-မန္တလေး အမြန်လမ်း အတိုင်း ရန်ကုန်တိုင်းသို့ လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ လာပါက ပြင်ဦးလွင်-တံ တားဦး အဝိုင်းမှတဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း ရန်ကုန်တိုင်းသို့ လည်းကောင်း အထက်ပါ သတ်မှတ် လမ်းများအတိုင်း မန္တလေးမြို့အတွင်းသို့ ဝင်ရောက်ခြင်း မပြုဘဲ သွားလာရမည်ဟု ဖော်ပြပါရှိသည်။
ရွှေမန္တလာ အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေးမှ မန်နေဂျင်း ဒါရိုက်တာ ဦးနေလင်းဦးက “အစတုန်းကတော့ မန္တလေး တိုင်းအတွင်း ခရီးသည်တင်ယာဉ်လိုင်းတွေ ဖြတ်လို့မရဘူးလို့ ကြေညာလိုက်တော့ ဦးတို့က ယာဉ်လိုင်းတွေ အားလုံး နားပစ်လိုက်တယ်။ အခုကတော့ ပြန်ဖြေလျှော့တဲ့ သဘောနဲ့ မန္တလေးမြို့တွင်းပဲ မဖြတ်ရဘူးလို့ အစိုးရက ပြန်ထုတ် ပြန်လိုက်တယ် ထင်တယ်။ ဒါပေမယ့် ဝန်ထမ်းတွေရော၊ ကားသမားတွေရော အကုန် နားပေးထားတဲ့အတွက် ဦးတို့ ယာဉ်လိုင်းကတော့ ဒီလ ၁၉ ရက်မှ ပြန်စ ပြေးဆွဲမယ်” ဟု ဧရာဝတီကို ပြောသည်။
ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရန်အတွက် ဒေသန္တရဆိုင်ရာ အမိန့်များကို ထုတ်ပြန် ကြေညာလျက်ရှိရာ မန္တလေးတိုင်းအတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်နေသော ကုန်တင်ယာဉ်များနှင့် သာမန် အိမ်စီးကားများ(ယာဉ်မောင်း အပါအဝင် ၇ ဦးထက် မပိုသော) မှအပ ကျန်ရှိသော ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများ အားလုံး၊ ဘုရားဖူးနှင့် အပန်းဖြေ ခရီးသွားယာဉ်၊ အလည်အပတ် သွားရောက်သည့် ယာဉ်များအားလုံး မန္တလေးတိုင်းအတွင်းသို့ ရှောင်ကွင်းလမ်းများမှအပ ဝင်ထွက် သွားလာခွင့်အား ဧပြီ ၇ ရက်မှ ၂၁ ရက်အထိ ခေတ္တ ယာယီ ကန့်သတ်ထားပြီး ဖြစ်ကြောင်း တိုင်းအစိုးရက ယမန်နေ့က ထုတ်ပြန်ထားသည်။
ထို့ပြင် လက်ရှိတွင် မန္တလေး အခြေစိုက် ပြေးဆွဲသော ခရီးသည်တင်ယာဉ်လိုင်း အားလုံးအပြင် မန္တလေးမြို့တွင်းရှိ အဝေးပြေးကားဝင်း ၅ ခုလည်း နှစ်ပတ်ကြာ ပိတ်ထားပြီး ဖြစ်သည်ဟု တိုင်းအဝေးပြေး ခရီးသည်တင်ယာဉ် လုပ် ငန်းများ ကြီးကြပ်ရေး ကော်မတီက သိရသည်။
You may also like these stories:
စစ်ကိုင်းတိုင်း၌ COVID-19 ကာကွယ်ရေး တမြို့နယ် အလှူခံမဏ္ဍပ်တခုသာ ဖွင့်ရမည်
Quarantine Center ကို ပိတ်ထားသည့် မြို့နယ်ထွေအုပ်အား အစိုးရအဖွဲ့ထံ တိုင်ကြား
အစိုးရ အကူအညီတောင်းသည့် ဆေးရုံသို့ တပ်မတော်ဆေးဝန်ထမ်း ၄၀ ဦး စေလွှတ်ပေးမည်