တိရစ္ဆာန်မှ စတင်ကူးစက်ပျံ့နံှ့ခဲ့သည့် COVID-19 ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှုကို ပိတ်သိမ်းရန် လိုလားလျက်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF – မြန်မာ) က ကောက်ယူခဲ့သော စစ်တမ်းတခုအရ သိရသည်။
WWF က မြန်မာနိုင်ငံသား ၁,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာ ၉၆ ရာခိုင်နှုန်းသည် တရားမဝင်နှင့် ကြီးကြပ်အရေးယူမှုမှ လွတ်ကင်းသော တောရိုင်း တိရစ္ဆာန်ဈေးကွက်ကို ပိတ်သိမ်းရန် သဘောတူခဲ့ပြီး ၉၁ ရာခိုင်နှုန်းက ထိုသို့ ပိတ်သိမ်းခြင်းဖြင့် အလားတူ ကပ်ရောဂါများ မဖြစ်ပွားနိုင်ကြောင်း ယုံကြည်ကြသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။
WWF -မြန်မာ၏ သားငှက် တရားမဝင် ကုန်သွယ်မှုဆိုင်ရာ အစီအစဉ် မန်နေဂျာ ဂရေ့စ်ဟွာက “COVID က ကျမတို့ အားလုံးကို လှုပ်နှိုးလိုက်တာပါ။ တိရစ္ဆာန်ကနေတဆင့် လူသားကို ကူးစက်တတ်တဲ့ နောက်ထပ် ကမ္ဘာ့ကပ်ရောဂါတခု ဖြစ်မလာရအောင် တားဆီးဖို့ဆိုရင် အစိုးရအနေနဲ့ အခုပဲ တုံ့ပြန်ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19 သည် တိရစ္ဆာန်များမှတဆင့် လူများထံသို့ ကူးစက်သည့် ရောဂါအဖြစ် အတည်ပြုထားပြီး ယခင်က ကူးစက်ဖြစ်ပွားခဲ့သော ကမ္ဘာ့ကပ်ရောဂါများ ဖြစ်ကြသည့် ဆားစ်၊ မားစ်နှင့် အီဘိုလာတို့သည် တောရိုင်းတိရစ္ဆာန်များမှ တဆင့် လူသားထံသို့ ကူးစက် ဖြစ်ပွားသောရောဂါများ ဖြစ်သည်ဟု ဆိုထားသည်။
WWF – မြန်မာ ဌာနေ ညွှန်ကြားရေးမှူး နစ်ခ်ကော့စ်က ‘‘တောရိုင်းတိရစ္ဆာန်ရောင်းချမှုတွေ၊ တောရိုင်းတိရစ္ဆာန်နဲ့ အစိတ် အပိုင်းတွေကို စားသုံးဖို့၊ ဆေးဝါးဖော်စပ်ဖို့နဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးစားဖို့အတွက် ဝယ်ယူနေမှုတွေ အားလုံးကို လူ သားအားလုံးရဲ့ အကျိုးရှေးရှုပြီး ရပ်တန့်ပစ်ရမယ့် အချိန်ရောက်နေပါပြီလို့ ပြောကြားလိုပါတယ်’’ ဟု ဆိုသည်။
COVID-19 သည် တောရိုင်းတိရစ္ဆာန်မှ တဆင့် ကူးစက်ကြောင်း အတည်ပြုပြီးနောက် တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှုဆိုင်ရာ ကမ္ဘာ့အကြီးဆုံး ဈေးကွက် ဖြစ်သည့် တရုတ်နိုင်ငံက နိုင်ငံတွင်း တောရိုင်း တိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှု အားလုံးကို တားမြစ်ကြောင်း ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့သည်။
မြန်မာ့ တောရိုင်း တိရစ္ဆာန်ဈေးကွက်၏ အဓိက ဝယ်လက်လည်း ဖြစ်သော တရုတ်နိုင်ငံ၏ တားမြစ်ချက်သည် မြန်မာ နိုင်ငံတွင်း တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို လျော့ကျလာစေနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။
“အဓိက သုံးစွဲတဲ့ နိုင်ငံက ပိတ်လိုက်ရင် အများကြီး အကျိုးသက်ရောက် သွားပါတယ်။ ဝယ်လက် မရှိတော့ဘူးဆိုရင် တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်ပြီးတော့ ရောင်းချနေတာမျိုးလည်း နည်းသွားမှာပေါ့” ဟု ၎င်းက ဆိုသည်။
အန္တရာယ်များသည့် တောရိုင်း တိရစ္ဆာန်မျိုးဆက်များမှာ မျောက်၊ မျောင်းမောင်းမ၊ တာစီရာ(Tasier) စသည့် ပရိုင်းမိတ်မျိုးနွယ်များ နှင့် လင်းနို့များ၊ ကြွက်၊ ရှဉ့်၊ ဟမ်းစတားစသည့် ကိုက်ဖြတ်တတ်သော မျိုးစိတ်များ၊ သင်းခွေချပ်၊ ကြောင်ကတိုး၊ ရက်ကွန်း ခွေး၊ တောကြောင်၊ မြွေ၊ လိပ်များ၊ ငှက်များ ဖြစ်ကြောင်း WWF – မြန်မာက ထုတ်ပြန်ထားသည်။
“ကျမတို့ ကိုယ်တိုင်နဲ့ ကျမတို့ ချစ်တဲ့ မိသားစုကို ကာကွယ်နိုင်ဖို့အတွက် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းကို မဝယ်ပါနဲ့ မသုံးစွဲကြပါနဲ့” ဟု ဂရေ့စ်ဟွာက တိုက်တွန်းသည်။
ဦးသိန်းတိုးကလည်း “တောရိုင်းတိရစ္ဆာန်ဆိုတာက သူတို့မှာ ဘာရောဂါတွေရှိမယ်ဆိုတာလည်း ကျနော်တို့က သေချာ မသိနိုင်ဘူး။ COVID-19 Carrier သဘောမျိုး သယ်ဆောင်တာမျိုး ဖြစ်နိုင်တာပေါ့။ အဲဒါတွေကို မစားသုံးခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရာ ရောက်သလို တောရိုင်းတိရစ္ဆာန်တွေရဲ့ အသက်ကိုလည်း ကယ်တင်ရာ ရောက်တာပေါ့” ဟု ပြောသည်။
အဆိုပါ စစ်တမ်းကို မြန်မာနိုင်ငံသာမက တောရိုင်းတိရစ္ဆာန် ဈေးကွက်များ တည်ရှိနေသည့် ထိုင်း၊ ဗီယက်နမ်၊ ဟောင် ကောင်နှင့် ဂျပန်နိုင်ငံတို့မှ လူဦးရေ ၅,၀၀၀ ကို မတ်လ အစောပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အာရှတိုက်အတွင်း COVID-19 နှင့် တောရိုင်း တိရစ္ဆာန် ကုန်သွယ်မှုကြား ဆက်စပ်မှုနှင့် ပတ်သက်၍ လူထုသဘောထားအမြင်များကို စုစည်း ထားသည့် ပထမဆုံး အွန်လိုင်း စစ်တမ်း ဖြစ်သည်။
စစ်တမ်း ကောက်ယူခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) သည် ပတ်ဝန်းကျင် ထိန်း သိမ်းရေး အဖွဲ့အစည်း တခုဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဆောင်ရွက်လျက် ရှိသည်။ WWF-မြန်မာကို ၂၀၁၄ ခုနှစ် တွင် စတင် ဖွင့်လှစ်ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်ကပ် ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် ဧပြီ ၈ ရက်အထိ သေဆုံးသူ ၇၂,၇၇၆ ဦး ရှိပြီ ဖြစ်ပြီး တကမ္ဘာလုံး အတိုင်းအတာဖြင့် COVID-19 ပိုးတွေ့လူဦးရေ ၁ ဒသမ ၂ သန်း ဦး ရှိပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူဦးရေ ၂၂ ဦး ရှိကာ သေဆုံးသူ ၃ ဦးရှိပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
အမေရိကန်က တိရစ္ဆာန်ရုံမှာ ကျား ၁ ကောင် COVID -19 ကူးစက်ခံရ
လင်းနို့၊ သင်းခွေချပ်နဲ့ ကိုဗစ်-၁၉