၂၀၀၇ ခုနှစ် က Michael Winterbottom ၏ A Mighty Heart ဇာတ်ကားကို ဈေးကွက်မြှင့်တင်ရန် နယူးယောက်သို့ Irrfan Khan ရောက်လာခဲ့ပါသည်။ ထိုဇာတ်ကားမှာ Wall Street Journal ၏ တောင်အာရှသတင်းထောက် Daniel Pearl ပြန်ပေးဆွဲ အသတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးသည့်အကြောင်း ဖြစ် သည်။
Angelina Jolie အပါအဝင် သူ၏ တွဲဖက်သရုပ်ဆောင်များနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်စဉ်အတွင်းတွင် Irrfan က ကျနော်ကို အခြားသူများထဲမှ ခွဲထုတ်၍ ဟိန္ဒူ ဘာသာစကားဖြင့် ပြောဆိုခဲ့သည်။
သူက အခြေအနေ မည်သို့ ရှိသနည်း၊ အကယ်၍ လူတွေက သူ့ကို အသိအမှတ်ပြုသည်ဆိုလျှင် အနောက်တိုင်းတွင် အလုပ်ပိုလုပ်ခွင့်ရရန် အခွင့်အလမ်း ရှိမည်လားဟု မေးခဲ့သည်။
A Mighty Heart က Irrfan ၏ ဒုတိယမြောက် နိုင်ငံတကာ ရုပ်ရှင်ပရောဂျက် ဖြစ်ပါသည်။ သူ၏ ပထမဆုံးစီမံကိန်း ဖြစ်သည့် Mira Nair ၏ The Namesake (၂၀၀၆) က နယူးယောက်နှင့် အခြားနေရာများမှ ရုပ်ရှင်ရုံများတွင် ပြသနေဆဲ ဖြစ်သည်။ ထိုဇာတ်ကားမှာ အိန္ဒိယ- အမေရိကန် ရွှေ့ပြောင်းနေထိုင်သူများ နှင့်ပတ်သက်သည့် ဇာတ်လမ်း ဖြစ်ပြီး ဟောလီးဝုဒ် စတူဒီယိုတခုမှ ငွေကြေးထောက်ပံ့ခဲ့သည်။
ဟုတ်ပါသည်။ တစုံတခုက သေချာပေါက် ဖြစ်နေသည်ဟု ကျနော်က Irrfan ကို ပြောခဲ့သည်။
အမေရိကန်ရုပ်ရှင်ရုံများတွင် ရုပ်ရှင် ၂ ကား တပြိုင်တည်း ပြသခံရသည့် အခြား ဘောလီးဝုဒ် သရုပ်ဆောင် တယောက် ရှိသလား ကျနော် မသိပါ။ ထိုနှစ်နှောင်းပိုင်းတွင် လည်း Irrfan က Wes Anderson ၏ The Darjeeling Limited ဇာတ်ကားတွင် ဇာတ်ပို့ ကဏ္ဍငယ်တခုမှ ပါဝင်ခဲ့သည်။
Irrfan Khan က အိန္ဒိယနိုင်ငံ၏ ဂုဏ်သိက္ခာကြီးသော Drama National School တွင် ပြဇာတ်သရုပ်ဆောင် တယောက် အနေဖြင့် လေ့ကျင့်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ရုပ်မြင်သံကြား သရုပ်ဆောင်အဖြစ် လုပ်ကိုင်ရင်း ရုန်းကန်ခဲ့ရသည်။
သူ၏ ပထမဆုံး ကြီးမားသော ဖောက်ထွက်မှုမှာ ဗြိတိန်နိုင်ငံသား အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Asif Kapadia ၏ The Warrior (၂၀၀၁) ဇာတ်ကား ဖြစ်သည်။ ဗြိတန်ရုပ်ရှင်နှင့် ရုပ်မြင်သံကြား အနုပညာအကယ်ဒမီ (Bafta) မှ ချီးမြှင့် သည့်ဆုကို ရရှိခဲ့သော ထိုဇာတ်ကားကို ကွယ်လွန်သူ ဒါရိုက်တာ Anthony Minghella ၏ ထောက်ခံချက်ဖြင့် ရုပ်ရှင်ရုံများတွင် ပြသခဲ့သည်။
၂၀၀၇ ခုနှစ်ရောက်သည့်အခါ Irrfan က အိန္ဒိယနိုင်ငံ၏ Hindi ရုပ်ရှင်လုပ်ငန်းဖြစ်သည့် Bollywood တွင် နာမည်ကျော် သရုပ်ဆောင်တယောက် ဖြစ်နေပြီ ဖြစ်သည်။ သူက အိန္ဒိယ အပြင်ဘက်မှ စီမံကိန်းများကို လုပ်ကိုင်ရန် မလိုပါ၊ သို့သော်လည်း သရုပ်ဆောင်အနေဖြင့် သူက ရင်ဆိုင်ရန် စိန်ခေါ်မှုအသစ်များကို အမြဲ ရှာနေခဲ့သည်။
သူ၏ ကြီးမားသော ဖောက်ထွက်မှုတခုက နောက်တနှစ်တွင် ရောက်လာသည်။ Danny Boyle ၏ မထင်မှတ်ဘဲ အောင်မြင်သွားသည့် Slumdog Millionaire ဇာတ်ကား ဖြစ်ပါသည်။
Slumdog Millionaire ဇာတ်ကားက ၎င်းတွင်ပါဝင်သည့် ခေါင်းဆောင်လူငယ် သရုပ်ဆောင်များ (Freida Pinto နှင့် Dev Patel) တို့ကို နေ့ချင်းညချင်း ကြယ်ပွင့်များ ဖြစ်သွားအောင် ပြုလုပ်ပေးခဲ့သည်။ Irrfan အတွက်လည်း တံခါးများ ဖွင့်ပေးခဲ့သည်။ သူက အမေရိကန်နိုင်ငံတွင် ကိုယ်စားလှယ်တဦးနှင့် မန်နေဂျာတဦး ရရန် ကြိုးစား နိုင်ခဲ့သည်။ ထို့နောက် နောက်ကို ပြန်လှည့်မကြည့်တော့ပါ။
မကြာမီမှာပင် စီမံကိန်း အကြီးစားများတွင် ပါဝင်ခွင့်ရခဲ့သည်။ The Amazing Spider-Man (၂၀၁၂)၊ (သရုပ်ဆောင်ရသည့် အခန်းကဏ္ဍ နည်းပါးသည့်တိုင်) Inferno (၂၀၁၆) နှင့် Jurassic World (၂၀၁၅) တို့ ဖြစ်သည်။
Jurassic World ကို ဈေးကွက်မြှင့်တင်နေချိန်၌ Irrfan က စာနယ်ဇင်းများကို ပြောပြသော ဇာတ်လမ်း တပုဒ်ရှိ ပါသည်။ မူလ Jurassic Park ကို ၁၉၉၃ တွင် ပြသ သည့်အချိန်၌ Irrfan က ဘုံဘေ Bombay (ယခု Mumbai) တွင် ရုပ်မြင်သံကြား သရုပ်ဆောင်ဖြစ်ရန် ကြိုးစားနေခဲ့သည်။ သူက ထို ရုပ်ရှင်ကြည့်ရန် လက်မှတ်ပင် မဝယ် နိုင်ခဲ့ပါ။
၂၂ နှစ်ကြာခဲ့ပြီးနောက် သူက ကမာ္ဘတဝှမ်း ဒေါ်လာ ၁.၇ ဘီလီယံ (ပေါင် ၁.၄ ဘီလီယံ) ဝင်ငွေရရှိခဲ့သည့် Jurassic Park ၏ နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ရသည်။ Irrfan သည်လည်း ဟောလိဝုဒ်ရုပ်ရှင် တခုတွင် ပါဝင်ခဲ့သော အအောင်မြင်ဆုံး အိန္ဒိယသရုပ်ဆောင် တယောက် ရုတ်တရက် ဖြစ်လာခဲ့သည်။
အနောက်တိုင်း၌ ကြီးမားသောစီမံကိန်းများ (သူက ဒါရိုက်တာ Ang Lee ၏ Life of Pi (၂၀၁၂) တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်) ရှိသော်လည်း Irrfan အနေဖြင့် ကြီးမားသော ဟောလိဝုဒ်ရုပ်ရှင်ကားများကို လက်ခံရမည်လား၊ သို့မဟုတ် အိန္ဒိယတွင် သေးငယ်သော်လည်း ဂုဏ်ရှိသော ရုပ်ရှင်များတွင် ပါဝင်ရမည်လား ဟူ၍ ခက်ခဲသော ဆုံးဖြတ်ချက်များ ချရန် ဖြစ်လာခဲ့ရသည်။
ထိုပြဿနာက အကြိမ် အနည်းငယ် ပေါ်ထွက်ခဲ့သည်။
၂ဝ၁၅ ခုနှစ်တွင် သူ က Ridley Scott ၏ The Martian တွင် ပါဝင်ရန် ငြင်းဆန်ခဲ့ပြီး ဒေလီနှင့် ကာလကတ္တား (Calcutta) တွင် ရိုက်ကူးခဲ့သည့် ချစ်စရာကောင်းသော အချစ်ဇာတ်လမ်း တပုဒ်ဖြစ်သော Piku ကို ရွေးချယ်ခဲ့သည်။
“သူက ဘာလုပ်ရမလဲ ဆိုတာ စိတ် ၂ ခွ ဖြစ်နေတယ်။ ကျနော့်ကိုပဲ ဆက်တိုက် မေး နေခဲ့တယ်” ဟု Piku ၏ ဒါရိုက်တာ Shoojit Sircar က Irrfan ၏အတ္ထုပ္ပတ္တိအတွက် ကျနော် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။
“Shoojit Sircar ဆိုတာ သူ့အတွက် ဘယ်သူမျိုး ဖြစ်နိုင်မလဲလို့ ကျနော် တွေးနေမိခဲ့တယ်။ Shoojit Sircar က ဟောလိဝုဒ် ဒါရိုက်တာ တယောက်နဲ့ ယှဉ်မယ်ဆိုရင် ဘာမှ မဟုတ်ဘူးလေ” ဟု Shoojit Sircar ကပြောသည်။
Irrfan က Ridley Scott ၏ Body of Lies (၂၀၀၈) ကိုလည်း ငြင်းခဲ့သည်။ သူ၏ အကြီးဆုံးသော နောင်တမှာ Christopher Nolan ၏ Intersteller (၂၀၁၄) နှင့် လွဲချော်ခဲ့ရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အိန္ဒိယအခြေပြု စီမံကိန်း တခုဖြစ်သည့် Lunchbox ဇာတ်ကားကို ထိုအချိန်တွင် ရိုက်ကူးနေ၍ ဖြစ်သည်။
Lunchbox မှာ Irrfan က ကြယ်ပွင့်တခု ဖြစ်လာသည့် လက္ခဏာပင် ဖြစ်သည်၊ အထူးသဖြင့် Slumdog Millionaire နောက်ပိုင်းတွင် ဖြစ်သည်။
သူက A-list စီမံကိန်းများ၏ လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်၌ သူက လွတ်လပ်သော ရုပ်ရှင်ထုတ်လုပ်ရေးတခုမှ ရိုက်ကူးသည့် အမေရိကန်ဇတ်ကားတခုတွင် ပထမဆုံး ပါဝင်ခဲ့သည်။ Puzzle ဟု ချစ်စရာ ခေါင်းစဉ်ပေးထားသော ဇတ်ကားတွင် သူက အများနှင့်မတူသော သူဌေး တယောက် အဖြစ် Kelly Macdonald နှင့်အတူ သရုပ်ဆောင်ခဲ့သည်။
ကမာ္ဘကြီးက Irrfan အတွက် လမ်းပွင့်ရုံသာရှိပါသေးသည်။ သူက အသက် ၅၀ ကျော်သာ ရှိသေးသည်။ ထို့နောက် ၂၀၁၈ နွေဦးရာသီတွင် neuroendocrine အကျိတ် ဝေဒနာကို ခံစားနေရသည် ဟု သူက ထုတ်ဖော် ပြောဆိုခဲ့သည်။ မကြာခင်မှာပင် ဆေး ကုသမှုခံယူရန် လန်ဒန်သို့ သူ ထွက်ခွာခဲ့သည်။
၂ နှစ်ကြာ တိုက်ပွဲနှင့် ကင်ဆာကုသမှု ကြားထဲ တွင် Irrfan က ဟိန္ဒူစကားပြော Angrezi Medium (၂၀၂၀) ဇာတ်ကားကို အပြီးသတ်နိုင်ခဲ့သည်။
အလားအလာ များစွာ ရှိခဲ့ပါသည်။ သူ သရုပ်ဆောင်ရန် ကဏ္ဍများစွာလည်း ရှိခဲ့သည်။ ကံကောင်းထောက်မစွာပင် သူ၏ ပရိသတ်များကြည့်ရှုနိုင်ရန် ကြည့်ချင်စရာ ရုပ်ရှင် ဇာတ်ကား မြောက်များစွာကို သူ ချန်ထားခဲ့သည်။
(အိန္ဒိယ ရုပ်ရှင် သရုပ်ဆောင်နှင့် ထုတ်လုပ်သူ Aseem Chhabra က BBC တွင် ရေးသားထားသော Irrfan Khan: The Bollywood star loved by Hollywood ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
Irrfan Khan အတွက် ဝမ်းနည်းစကားဆိုကြတဲ့ အနုပညာရှင်များ
ဘောလိဝုဒ် မင်းသားကြီး Rishi Kapoor ကွယ်လွန်
COVID-19 ကြောင့် တရုတ်ရုပ်ရှင်လုပ်ငန်း ယွမ် ဘီလီယံ ၃၀ အရှုံးပေါ်