ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်တွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ရန် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ဦးရေခန့်မှာ မြန်မာနိုင်ငံဘက်အခြမ်းသို့ ကူးသန်းခွင့် မရသေးဘဲ ပိတ်မိနေကြောင်း သိရသည်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနှင့် ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာ (FED/MEC)မှ ကော့သောင်း တာဝန်ခံ ဦးမိုးဝေက“ရနောင်းမှာပဲ ဖြစ်သလိုနေ ဖြစ်သလိုစားပြီး နေကြရတာ။ အခုဆိုရင် အားလုံးပေါင်း ၃၀၀ကျော် ၄၀၀ နီးပါးရှိနေပြီ”ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “ဖန်ငတို့၊ ရနောင်းတို့ရှိတဲ့ အလုပ်သမား ၁၀၀ က ထားဝယ်ကို လာမယ် ဆိုရင် ၂ နာရီ လောက်နဲ့ ရောက်တယ်။ ၂ နာရီနဲ့ရောက်မယ့် ကိစ္စကို အခုအစိုးရက မြဝတီ ၁ ပေါက်ကပဲ လာပါဆိုတော့ အဲဒီလူတွေက မြဝတီကို လာဖို့ဆို အနည်းဆုံး လမ်းမှာ ၂ ရက်တော့ ကြာမယ်။ ဒီလို သွားဖို့ အတွက် ငွေကြေး လိုအပ်ချက်၊ လမ်းခရီးကြန့်ကြာမှု စတာတွေရှိတယ်။ ပြန်လာပါ လက်ခံမယ် ပြောပေမယ့် ဘယ်လိုလက်ခံမယ်။ ဘယ်လိုခေါ်ယူမယ်ဆိုတာ မပါဘူး”ဟု ပြောသည်။
အဆိုပါ ပိတ်မိနေသူ အများစုမှာ ထိုင်းနိုင်ငံတွင် တရားမဝင်လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာကြသူများဖြစ်ကြောင်း၊ ထိုင်းအစိုးရ၏ နယ်စပ်ဖြတ်ကျော်ခွင့်ကို မေလ ၃၁ ရက်နေ့ အထိ ရုတ်တရက် ထပ်တိုးလိုက်သည့် ဒေသန္တရ အမိန့်ကြောင့် ၎င်းတို့အနေဖြင့် ရနောင်းတွင် ပိတ်မိနေခြင်း ဖြစ်သည်။
ထို့ကြောင့် မြန်မာဘက်ခြမ်း ကူးသန်းရန် အခက်ကြုံနေရပြီး ရနောင်းရှိ အဆောင်များ၊ အသိ မိတ်ဆွေများ၊ တည်းခိုခန်းများတွင် ခိုကပ်နေရသော်လည်း အများအားဖြင့်က တည်းခိုခွင့်မပေးဘဲ နှင်ထုတ်ခြင်းများ ရှိသော ကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရကြောင်း သိရသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်ကလည်း“ကျနော်တို့ ဒီဘက်ထိုင်းဘက်အခြမ်းမှာ ကိုဗစ် ရောဂါကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ ဒေသန္တရအမိန့်တွေနဲ့ နယ်ကျော်အတွက်ကို လုပ်ထားလို့ပါ။ နောက် Curfew ကလည်း ၁ လ ထပ်တိုးလိုက်တာတော့ သူတို့သွားရလာရတာ အခက်အခဲလေးတွေ ဖြစ်သွား တာကြောင့်ပါ”ဟု ပြောသည်။
မြန်မာအစိုးရသည် ထိုင်းရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများကို မဲဆောက်-မြဝတီဂိတ် ၁ ခုမှသာ တရားဝင် ဝင်ခွင့်ပြုလိုက်ခြင်းကြောင့် ရနောင်းတွင် ပိတ်မိနေသောသူများက မြဝတီသို့ လာရန် အချိန်နှင့် ငွေကြေးလိုအပ်နေသည်ဟု သိရသည်။
နေရပ်ပြန်များ အခက်အခဲမှုမရှိစေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ ချုပ် ILO နှင့် အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့နေထိုင်သူများအဖွဲ့ IOM တို့ကဲ့သို့ နိုင်ငံတကာ အတွေ့အကြုံရှိသော အဖွဲ့အစည်းများထံမှလည်း အကြံဉာဏ်များ တောင်းယူသင့်သည်ဟု ဦးမိုးဝေက အကြံပြုသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ မှ လုပ်သား ၁ သောင်းကျော် ဝင်ရောက်လာမည်ဟု ခန့်မှန်းထားသော်လည်း မေလ ၇ ရက်နေ့အထိ လူဦးရေ ၁၈၀ ကျော်သာ ပြန်လာနိုင်သေးသည်။
ဆက်စပ်လင့်
တရုတ်နယ်စပ်ပြန် ရွှေ့ပြောင်းလုပ်သားများအတွက် လားရှိုး- မန္တလေးရထား နေ့စဉ်ပြေးဆွဲ
ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နိုင်ရေး ထိုင်းအစိုးရနှင့် ညှိနှိုင်းနေ
အလုပ်သမားများ အိမ်ပြန်ခွင့်သာဖို့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အားလုံး ဖွင့်ပေးသင့်သည်