ဧရာဝတီတိုင်း၏ ပထမဆုံးသော COVID – 19 လူနာ (လူနာအမှတ် ၁၉၁) ၌ ရောဂါပိုး ကင်းစင်သွားသည့်အတွက် ကျန်းမာရေးဌာန တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သတင်း ရရှိသည်။
အသက် ၂၀ အရွယ်ရှိ လူနာအမှတ် ၁၉၁ မှာ မေလ ၁၁ ရက်တွင် မလေးရှားနိုင်ငံမှ လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန် ရောက်လာပြီးနောက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့က လေဆိပ်မှတဆင့် ပုသိမ်တက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် စောင့်ကြည့်စင်တာသို့ ပို့ဆောင်၍ ၂၁ ရက် အသွားအလာ ကန့်သတ်ကာ စောင့်ကြည့်မှု ခံယူစေခဲ့သည်။
ထို့နောက် မလေးရှားနိုင်ငံမှ ပြန်လာသူ ၁၈ ဦးလုံးတွင် COVID – 19 ရောဂါပိုး ရှိမရှိ စစ်ဆေးခဲ့ရာ အဆိုပါ အသက် ၂၀ အရွယ်လူငယ်တွင် COVID – 19 ရောဂါပိုး တွေ့ရှိရသည့်အတွက် ကျန်းမာရေးဌာန တာဝန်ရှိသူများက မေလ ၁၉ ရက်က ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့သည်။
ပုသိမ်ဆေးရုံ၌ ကုသမှုခံယူနေစဉ် မေလ ၃၀ ရက်နှင့် ဇွန်လ ၁ ရက်တို့တွင် ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ဓာတ်ခွဲနမူနာ ၂ ကြိမ် ပေးပို့ စစ်ဆေးခဲ့ရာ ၂ ကြိမ်စလုံး COVID – 19 ရောဂါပိုး မတွေ့ရသည့်အတွက် ဆေး ရုံ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ၇ ရက် ပြုလုပ်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ပုသိမ်မြို့ ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က“သူ့ကို ရောဂါပိုးတွေ့ပြီး နောက်ပိုင်း၂ ကြိမ် ထပ်စစ်တယ်။ အဲဒီ၂ ကြိမ်စလုံးမှာ ပိုးမတွေ့ဘူး ဆိုတဲ့ အဖြေထွက်ပါတယ်။ အမှန်က သူကို Facility Quatantine (စောင့်ကြည့်စင်တာ) မှာ ဆက်ထားရမှာ။ နေရာ အခက်အခဲကြောင့် ဆေးရုံမှာထားပြီး အခု ရက်ပြည့်လို့ ဆေးရုံက ဆင်းခွင့်ပြုတာပါ”ဟု ဧရာ၀ တီ ကို ပြောသည်။
လူနာအမှတ် ၁၉၁ အား ဆေးရုံမှဆင်းခွင့်ပြုခဲ့သော်လည်း နေအိမ်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြည့်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများက ပြောသည်။
မလေးရှားနိုင်ငံမှ ဧရာဝတီတိုင်းသို့ ပြန်လာသူ ၁၈ ဦးထဲတွင် ဒုတိယမြောက် COVID – 19 ပိုးတွေ့လူနာဖြစ်သည့် လူနာအ မှတ် ၂၀၇ မှာ လက်ရှိတွင် ပုသိမ်ဆေးရုံကြီးရှိ သီးသန့်အဆောင်၌ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ သန်းမင်းထွဋ်က“လူနာအမှတ် ၂၀၇ ကိုတော့ ဆေးရုံမှာပဲ ကုသပေးမှု ဆောင်ရွက်နေတယ်။ သူ့ရဲ့ကျန်းမာရေး အခြေအနေကလည်း ကောင်းမွန်ပါတယ်။ သူ့ကို ဒီကနေ့မှာ ဓာတ်ခွဲစစ်ဆေးတာ လုပ်ဆောင်သွားဖို့ ရှိပါတယ်”ဟု ပြော သည်။
အဆိုပါ ပိုးတွေ့လူနာများနှင့် ခရီး အတူသွားလာခဲ့သည့် မလေးရှားပြန် ၁၆ ဦး၊ သတင်းထောက် ၂ ဦးနှင့် စေတနာ့ဝန်ထမ်း ၃ ဦးတို့ကို ကျန်းမာရေးဌာနက မေလ တတိယပတ်အတွင်း၌ Facility Quarantine (စောင့်ကြည့်စင်တာ) တွင် အသွား အလာ ကန့်သတ်၍ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သော်လည်း ဓာတ်ခွဲ စစ်ဆေးမှုအရ ပိုးမတွေ့ရသည့်အတွက် ၎င်းတို့အား လုံးကို နေအိမ်သို့ ပြန်လည် စေလွှတ်ခဲ့သည်။
နေအိမ်တွင် Home Quarantine ထားရှိကာ ဆက်လက်၍ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သော်လည်း ရောဂါဖြစ်ပွားခြင်း မရှိ သည့်အတွက် ဇွန်လဆန်းပိုင်းမှ စတင်ကာ မလေးရှားပြန် ၁၆ ဦး၊ သတင်းထောက်၂ ဦးနှင့် စေတနာ့ ဝန်ထမ်း ၃ ဦးတို့ကို ကျန်းမာရေးဌာနက လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဧရာဝတီတိုင်းသား ၃၄၇ ဦးကို ဧရာဝတီတိုင်း ကျန်းမာရေးဌာနက ပုသိမ်တက္ကသိုလ် တေဇဆောင်တွင် ၉၀ ဦး၊ နန္ဒဆောင်တွင် ၈၀ ဦးနှင့် ပုသိမ်ပညာရေး ကောလိပ်တွင် ၁၇၇ ဦး အသီးသီး ထားရှိ၍ အသွားအလာ ကန့်သတ်ကာ စောင့်ကြည့်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ဇွန်လ ၇ ရက် ညပိုင်းအထိ စာရင်းအရ COVID – 19 ပိုးတွေ့လူနာ ၂၄၂ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၆ ဦး ရှိကာ ရောဂါပိုးကင်းစင်သူပေါင် ၁၅၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန် ချက် အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဧရာဝတီတိုင်းရှိ အဝေးပြေး ယာဉ်လိုင်းအားလုံး ပြန်လည် ပြေးဆွဲခွင့်ပြု
မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုလည်း ကူညီပါ