ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) က ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် တပ်မတော် တပ်စခန်းအချို့ကို လာရောက်ပစ်ခတ်မှုများ ဆောင်ရွက်နေခြင်းသည် သယံဇာတ ဆိုင်ရာ အကျိုးစီးပွားကိစ္စများ ပါဝင်နိုင်ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ထံမှသိရသည်။
တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဖြစ်ရခြင်းရဲ့ အကြောင်းက အဲဒီဘက်မှာ ရှိနေတဲ့ သဘာဝသယံဇာတနဲ့ ဆိုင်တဲ့ အကျိုးစီးပွားကိစ္စတွေ ပါဝင်နေတယ်လို့တော့ သိရှိထားရတယ်” ဟု ပြောသည်။
သို့သော် မည်သည့် သယံဇာတကိစ္စများကြောင့် ပစ်ခတ်မှုများ ဖြစ်ရသည်ကိုမူ ၎င်းက ဧရာဝတီသို့ တိတိပပ ရှင်းပြခြင်းမရှိပေ။
ဒီဇင်ဘာလ ၁၅ ရက်နံနက်ပိုင်းမှာပင် ကရင်ပြည်နယ် ဖာပွန်ခရိုင် မဲဝိုင်ရွာအနီးတွင် တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တပ်မတော်သားအချို့ ဒဏ်ရာရခဲ့ကြောင်း တပ်မတာ်ဘက်က သတင်းထုတ်ပြန်ထားသည်။
KNU ၏ စစ်ရေးလှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖြစ်သော KNLA တပ်မဟာ (၅) သည် ဒီဇင်ဘာလအတွင်း မဲဝိုင်အနီး သတ်မှတ် နယ်မြေ ကျော်လွန်၍ မိုင်းဆွဲတိုက်ခိုက်မှု ၅ ကြိမ်နှင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချိုးဖောက်မှုများရှိနေကြောင်း တပ်မတော်ဘက်က စွပ်စွဲပြောဆိုသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က “အဲဒီမှာ ဖြစ်နေတာက လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ဖြစ်နေတာပေါ့။ မဲဝိုင်စခန်းကို လာပစ်တာတို့ မိုင်းထောင်မိုင်းဆွဲ တိုက်တာတို့ အခုနောက်ပိုင်းမှာ တပ်မတော်အနေနဲ့ ထပ်ပြီးတော့ လုံခြုံရေးဆိုင်ရာ ကာကွယ်မှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်” ဟု ပြောသည်။
ဧရာဝတီက စုဆောင်းရရှိသည့် သတင်းအချက်အလက်များအရ KNU တပ်မဟာ (၅) ထိန်းချုပ်ထားသော ကရင်ပြည်နယ် ဖာပွန်ခရိုင် ထဲတွင် ရွှေနှင့် သတ္တုတွင်းအချို့ရှိပြီး ထိုင်းနှင့် တရုပ်လုပ်ငန်းရှင်များနှင့် ပူးပေါင်း လုပ်ဆောင်နေသည်ဟု သိရသည်။
အဆိုပါ သယံဇာတ တူးဖော်သည့် လုပ်ငန်းများ နှင့် မဝေးလှသော နေရာဖြစ်သည့် မဲဝိုင်ရွာတွင် စခန်းချထားသော တပ်မတော် တပ်စခန်းသည် KNU တပ်မဟာ (၅) အတွက် ခြိမ်းခြောက်မှု တခုဖြစ်နေသဖြင့် ယင်းတပ်စခန်းကို လာရောက်ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အချို့သော သတင်းရင်းမြစ်များက ဆိုကြသည်။
KNU မူတြော် (ဖာပွန်) ခရိုင်ရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုးကမူ တပ်မဟာ (၅) နယ်မြေတွင် သဘာဝသယံဇာတ အချို့ထွက်သော်လည်း ကြီးကြီးကျယ်ကျယ်မဟုတ် ဟုဆိုသည်။
၎င်းက “သဘာဝသယံဇာတရှိတယ်ဆိုတာလည်း ဟုတ်ပါတယ်။ သူများလုပ်တာတွေလည်းတွေ့ပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ကတော့ သိပ်ကြီးကြီးကျယ်ကျယ်တော့ မရှိဘူးလို့တော့ ထင်ပါတယ်။ တချို့နေရာတွေကနေ လာလုပ်တဲ့ လုပ်ငန်းရှင်တချို့တော့ ရှိတာပေါ့။ ဘယ်လိုနည်းနဲ့လုပ်သလဲဆိုတာတော့ ကျနော်လည်း တိတိပပပြောဖို့ခက်ပါတယ်” ဟု ဆိုသည်။
တိုက်ပွဲဖြစ်ရသည့် အဓိကအကြောင်းအရင်းသည် တပ်မတော်ဘက်က နယ်မြေကျော်လွန် လှုပ်ရှားခြင်း ကြောင့် ယင်းနယ်မြေတွင် လုံခြုံရေးဆောင်ရွက်နေသည့် KNU တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၀၂) မှ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒိုးက ဧရာဝတီသို့ ရှင်းပြသည်။
ယခင်က မဲဝိုင်စခန်းတွင် တပ်မတော်ဘက်က အမှတ် (၃၃၈) ခြေမြန်တပ်ရင်း စခန်းထိုင်ခဲ့ပြီး KNU သစ်တော ဌာနမှ ဝန်ထမ်းတဦးကို ပစ်ခတ်ခဲ့မှုအပါအဝင် ဒွယ်လိုးမြို့နယ် ပိုလိုးထ ရွာသူအမျိုးသမီးတဦးကို သေနတ်ဖြင့် ပစ်သတ်ကာ လက်ဝတ်ရတနာများ လုယူခဲ့မှုရှိခဲ့ကြောင်း ဆိုသည်။
တပ်မတော်ဘက်က ကျူးလွန်သည့် တပ်မတော်သား ၂ ဦးကို ဖမ်းဆီးအရေးယူပြီးနောက် ခမရ (၃၃၈) ကို နောက်တန်း ပြန်ခေါ်ကာ ခမရ (၃၃၉) ကို မဲဝိုင်စခန်းတွင် တာဝန်ချထားလိုက်ပြီးနောက်တွင် အဆိုပါဒေသ၌ ခမရ (၃၃၉) ၏ လှုပ်ရှားမှုများ ပိုများလာခဲ့ကြောင်း ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒိုးက ပြောပြသည်။
အမှတ် – ၃၃၉ ခြေမြန်တပ်ရင်းသည် နေ့ဘက်တွင်သာမက ညဘက်၌ပါ တပ်လှုပ်ရှားမှု ပိုမိုများပြားလာနေပြီး ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း ၎င်းက ရှင်းပြသည်။
နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ မဖြစ်ရန် တပ်လှုပ်ရှားမှုများ ဆောင်ရွက်မည်ဆိုပါက KNU ထံ အကြောင်းကြားသင့်ကြောင်း KNU တပ်ရင်း ၁၀၂ က ရွာလူကြီးတဦးမှ တဆင့် သတင်းစကားပါးထား သော်လည်း တပ်မတော်ဘက်က နိုင်ငံတော်ပိုင်နယ်မြေ ဖြစ်သဖြင့် ၎င်းတို့ လွတ်လပ်စွာလှုပ်ရှားမည်ဟု အကြောင်းပြန်ခဲ့သည်ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုးက ပြောပြသည်။
၎င်းက “အဲဒီအခါကျတော့ ဒီလ (၁) ရက်နေ့မှာ သူတို့လှုပ်ရှားမှုက ကျော်လွန်လာတဲ့အခါမှာ ထိတွေ့မှုတွေ တခါထပ်ဖြစ်တယ်။ တပ်မတော်ဘက်က ဘယ်လိုအကြောင်းကြောင့်လည်းတော့မသိဘူး။ အခုတပ်ရင်း တရင်းကို တိုးချဲ့ပြီးပို့ထားတဲ့အခါကျတော့ တင်းမာမှုတွေပိုပြီးတော့ဖြစ်လာတယ်။ မနေ့က တခါထပ်ဖြစ်တယ်” ဟု ပြောဆိုသည်။
ဒီဇင်ဘာလအတွင်း ဖြစ်ပွားသည့် ထိတွေ့ ပစ်ခတ်မှုများအတွင်း KNU ဘက်က ထိခိုက်ဒဏ်ရာရသူနှင့် ကျဆုံးသူများ မရှိသေးကြောင်း KNU ထံမှသိရသည်။
လက်ရှိအချိန်တွင် တပ်မတော်ဘက်က စစ်သည်အင်အားကို ထပ်မံတိုးချဲ့ထားသဖြင့် တိုက်ပွဲများ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေပြီး နေရပ်စွန့်ခွာထွက်ပြေးနေမှုများလည်းရှိနေသည်။
KNU တပ်မဟာ (၅) နှင့် တပ်မတာ်တို့ နှစ်ဖက်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကရင်ပြည်နယ် မြဝတီမြို့တွင်လည်း မြို့လုံခြုံရေးကို တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့က ပူးပေါင်းတိုးမြှင့်ချထားကြောင်း ကရင်သတင်းဌာန (KIC) သတင်းအရသိရသည်။