အာဏာသိမ်း စစ်ကောင်စီတွင် ပါဝင်သည့် အရပ်သား နိုင်ငံရေးသမားတချို့နှင့် မြန်မာစစ်တပ်ပိုင်စီးပွားရေး လုပ်ငန်း၂ ခု ကို ဥရောပသမဂ္ဂ (EU) က မတ်လ ၁၉ ရက်တွင် ဒဏ်ခတ်အရေးယူပိတ်ဆို့လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
စစ်ကောင်စီက ပေးသည့် ရာထူးရယူထားသော ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်၊ ဦးစောဒယ်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးချစ်နိုင် (ချစ်နိုင်- စိတ်ပညာ) တို့ဖြစ်ပြီး ၎င်းတို့အပြင် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်း ဖြစ်ကြောင်း EU ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လူပုဂ္ဂိုလ်များအနက် ဦးချစ်နိုင်သည် စစ်ကောင်စီခန့် ပြန်ကြားရေး ဝန်ကြီးဖြစ်ပြီး ကျန်လူများသည် စစ်ကောင်စီ၏ ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်နေသူများလည်း ဖြစ်သည်။
၎င်းတို့သည် မြန်မာ့ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန် စစ်ကောင်စီက ဆောင်ရွက်ခဲ့သော လုပ်ငန်းများ အတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အဓိကတာဝန်ရှိသူများ ဖြစ်ကြသဖြင့် ဒဏ်ခတ်အရေးယူရခြင်း ဖြစ်ကြောင်း EU ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
EU၏ အရေးယူမှုနှင့် ပတ်သက်ပြီး ၎င်းတို့၏ သဘောထားသိနိုင်ရန် ဦးခင်မောင်ဆွေနှင့် ဒေါ်အေးနုစိန်ကို ဧရာဝတီမှ ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုများနှင့် ပတ်သက်ပြီး အဓိကတာဝန်ရှိသည့် မြန်မာစစ်ခေါင်းဆောင် ၁၁ ဦးကို မတ်လ ၂၂ ရက်တွင် EU က စီးပွားရေး အရ ပိတ်ဆို့ အရေးယူခဲ့ ပြီးနောက် မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် စစ်ကောင်စီအဖွဲ့ဝင် နိုင်ငံရေးသမားအချို့ကိုပါ ထပ်မံ ဒဏ်ခတ် အရေးယူ လာခြင်း ဖြစ်သည်။
EU က အရေးယူ ဒဏ်ခတ်လိုက်သည့် လူစာရင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒု ဗိုလ်ချုပ်မှူးကြီး မြင့်ဆွေ၊ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း၊ စစ်ကောင်စီက ပြန်လည်ဖွဲ့စည်း ခန့်အပ်သည့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး ၊ ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒု ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ဗိုလ်ချုပ်ကြီး မောင် မောင်ကျော်၊ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်တို့၏ အမည်များ ပါဝင်သည်။
လက်ရှိအချိန်အထိ EU က အရေးယူ ဒဏ်ခတ်လိုက်သည့် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်များစာရင်းတွင် အာဏာသိမ်း စစ်တပ်နှင့် ပတ်သက်သူ လူပုဂ္ဂိုလ်စုစုပေါင်း ၃၅ ဦးရှိနေပြီဖြစ်သည်။
အဆိုပါ လူပုဂ္ဂိုလ်များကို ဥရောပ သမဂ္ဂနယ်နိမိတ်အတွင်း ခရီးသွားလာဖြတ်သန့်ခွင့် ပိတ်ပင်ထားပြီး ဥရောပသမဂ္ဂ အဖွဲ့ ဝင် နိုင်ငံများရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုငွေကြေးနှင့် စီးပွားရေးများကိုလည်း ထိန်းချုပ်ထားကြောင်း EU ၏ ကြေညာချက်အရ သိရသည်။
ယင်းပြင် အရေးယူ ခံရသူများနှင့် ပတ်သက်ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများထံသို့ EU အဖွဲ့ဝင်နိုင်ငံသားပိုင် ကုမ္ပဏီများမှ ငွေကြေး လွှဲပြောင်းပေးမှု အားလုံးကိုပါ ကန့်သတ် တားမြစ်ထားကြောင်းသိရသည်။
မြန်မာစစ်တပ်အပေါ် ယခင်ကတည်းက ကန့်သတ်ထားသော ပြည်တွင်း ဖိနှိပ်မှုအတွက် အသုံးပြုနိုင်သည့် လက်နက်နှင့် ပစ္စည်း ကိရိယာများ ရောင်းချမှုပိတ်ဆို့ခြင်း၊ စစ်တပ်နှင့် နယ်ခြားစောင့်ရဲများ အသုံးပြုရန်အတွက် နှစ်မျိုးသုံးပစ္စည်းများ တင်ပို့မှုတားမြစ်ခြင်း၊ ပြည်တွင်း ဖိနှိပ်မှုအတွက်အသုံးပြုနိုင်သည့် စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ ပစ္စည်းကိရိယာ များ တင်ပို့မှုကို ကန့်သတ်ခြင်းတို့ကိုလည်း ဆက်လက်ထား ရှိထားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
You may also like these stories:
နယ်စပ်မှ သွင်းကုန် ၅ မျိုးကို ပိတ်ပင်မှုက အဂတိနှင့် မှောင်ခိုဈေးကွက်ပေါ်လာနိုင်
အမျိုးသမီးငယ်များနှင့် ဖမ်းဆီးထားသူများအပေါ် စစ်ကောင်စီတပ်များ ရာဇဝတ်မှု ကျူးလွန်
ပဲခူးပစ်ခတ်မှု၌ သေဆုံးသူတို့၏ အုတ်ဂူများဖယ်ရှားရန် ဖိအားပေး