ပြီးခဲ့သည့် သီတင်းပတ်က စံချိန်တင် ဈေးနှုန်းများအထိ မြင့်တက်ခဲ့သော ပြည်တွင်း ရွှေဈေးနှုန်းနှင့် အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းများသည် ပြန်လည် ကျဆင်းလျက် ရှိကြောင်း သိရသည်။
ဗဟိုဘဏ်က ငွေလဲကောင်တာများမှတဆင့် အမေရိကန်ဒေါ်လာ ထုတ်ရောင်းပေးခဲ့ခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းရခြင်း ဖြစ်ကြောင်းလည်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
ပြည်တွင်း ရွှေဈေးနှုန်းသည် ပြီးခဲ့သည့် မေလအတွင်းက အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၁၇ သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ယနေ့ ( မေလ ၁၇ ရက်) ၌ ပြည်တွင်း အခေါက်ရွှေ တကျပ်သားသည် ကျပ် ၁၅ သိန်း ၈ သောင်း ဝန်းကျင် အထိ ပြန်လည် ကျဆင်းခဲ့သလို အရောင်းအဝယ်များလည်း ကျဆင်းသွားကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။
၎င်းက “အရောင်းအဝယ် အခြေအနေက ပြန်အေးသွားတယ်။ ကျနော်တို့ ဒေါ်လာကလည်း ဗဟိုဘဏ်က ထုတ်ရောင်းပေးတဲ့ အခါကျတော့ ဝယ်တဲ့သူတွေက ဒေါ်လာဘက်ကို လှည့်သွားတာပေါ့” ဆိုသည်။
ဗဟိုဘဏ်က ငွေလဲကောင်တာများမှတဆင့် အမေရိကန်ဒေါ်လာ တဒေါ်လာကို ကျပ် ၁၆၄၅ ဖြင့် ရောင်းချပေးနေသော ကြောင့် အမေရိကန် တဒေါ်လာကို ကျပ် ၁၇၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့သော အမေရိကန်ဒေါ်လာလဲ လှယ်နှုန်းသည် လည်း ယနေ့တွင် ကျပ် ၁၆၇၀ ဝန်းကျင်သို့ ပြန်လည် ကျဆင်းလျက်ရှိသည်။
ထိုငွေလဲကောင်တာများက နိုင်ငံသား စိစစ်ရေးကတ်(မှတ်ပုံတင်) ဖြင့် လူတဦးကို တနေ့လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ ရောင်းချပေးလျက် ရှိသည်။
“ပြီးခဲ့တဲ့ အပတ်မှာ ဒေါ်လာဈေး အရမ်းကြီး မြင့်တက်သွားတယ် ဆိုတာက ဝယ်လိုအားတက်လာတော့ ဒေါ်လာကိုင်ထားတဲ့ သူတွေက ဈေးဆွဲတာကြောင့်လည်းပါတယ်။ အခုဆိုရင် ငွေလဲကောင်တာက ထုတ်ရောင်းပေးတဲ့ ပမာဏက ဈေးကွက် လို အပ်ချက်ကို ပြန်ကာမိသွားတဲ့အတွက်ကြောင့် ပြန်ကျလာတဲ့ အနေအထားပေါ့” ဟု ငွေလဲကောင်တာ လုပ်ငန်းလုပ်ကိုင်နေ သူတဦးက ဧရာဝတီသို့ ပြောသည်။
ဗဟိုဘဏ်က ငွေလဲကောင်တာ ၁၀ ခုခန့်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းထုတ်ရောင်းပေးမည်ဟု ကြေညာထား ကြောင်း သိရသည်။
You may also like these stories:
မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်း
ဗဟိုဘဏ်က ငွေလွှဲကောင်တာများမှတဆင့် ဒေါ်လာ ထုတ်ရောင်းမည်
အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ မှာ ကြုံလာနေတဲ့ စီးပွားရေးပြိုကွဲခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် အငတ်ဘေး