ချင်းပြည်နယ် တီးတိန်မြို့တွင် ယမန်နေ့ (မေ ၁၉ ရက်) ညနေ ၅ နာရီဝန်းကျင်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ရာ အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး ၆ နှစ်အရွယ် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ အသက် ၉ နှစ်အရွယ်ကလေးမှာ လျန်မွမ်ဆန်ဖြစ်ပြီး ယမန်နေ့ ညနေပိုင်းက တီးတိန်မြို့ လွယ်ဘွားလ်ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်အနီး ပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။
၎င်းက “ပေါက်ကွဲတဲ့ ဗုံးက ဘယ်လို အမျိုးစားလဲ ဆိုတာတော့ မသိဘူး။ အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့နားမှာ ပေါက်တာ။ ကလေးတွေက အမှိုက်ပုံထဲက ဗူးခွံတွေ ကောက်ယူရင်း အဲဒါကို ကောက်ယူခဲ့တာလား။ ဘယ်လို နေရာက ရခဲ့တာလဲ ဆိုတာတော့ မသိဘူး။ သူ့အမေကလည်း သူ့ဆုံးလို့ ဆေးရုံကိုရောက်ပြီး အကြောင်းကြားမှသိတာ” ဟု ဧရာဝတီကို ပြော သည်။
ပေါက်ကွဲဖြစ်စဉ် အသေးစိတ်ကို မသိရှိသလို မည်သူ့လက်ချက် ဖြစ်သည်ဆိုသည်ကိုလည်း မသိရှိကြောင်း၊ လက်ရှိ အချိန် တွင် ဒဏ်ရာသည့် ကလေးငယ်မှာလည်း ဆေးကုသမှုခံယူနေကြောင်း၊ သေဆုံးသွားသည့် ကလေး၏ ရုပ်အလောင်းကို ယနေ့ ညနေပိုင်းတွင် သဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးသည့် နောက်ပိုင်း တီးတိန်မြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်နေသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ သေဆုံးသည့် ဖြစ်စဉ်များလည်း ရှိနေသည်။
ပြီးခဲ့သည့် မေ ၁၆ ရက်နေ့ ညနေပိုင်းကလည်း မြို့ခံတဦးဖြစ်သူ အသက် ၃၀ နှစ်အရွယ် ဦးဂိုရှမ်မုန်မှာ မွေးမြူရေးခြံမှ ဆိုင် ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။
မေလ ၁၇ ရက်ထိ ဧရာဝတီက ရရှိထားသည့် အချက်အလက်များအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်၍ သေဆုံးသွားသူ မြို့ခံ ၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံချင်းတိုင်းရင်းသား များ နေ့စဉ် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပေါ်နေပြီး ချင်းတိုင်းရင်းသားများဘက်က ကျဆုံးမှု ရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင် များလည်း သေဆုံးမှုရှိကြောင်း ချင်းပြည်နယ်အခြေစိုက် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
You may also like these stories:
တီးတိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်၍ သေဆုံးမှုများရှိ
ဟားခါးတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ ၄ ဦး ကျဆုံး