ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စလင်ဒါသောမတ်စ်ဂရင်းဖီး Mrs. Linda Thomas-Greenfield သည် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်နှင့် ဩဂုတ်လ ၁၁ ရက်တွင် မြန်မာနိုင်ငံသို့ အကူအညီများ ပေးနိုင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြသည်။
မယ်တော်ဆေးခန်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်အခြေစိုက်ပြီး မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများပေးနေသော ဆေးခန်းဖြစ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော မစ္စလင်ဒါသောမတ်စ်ဂရင်းဖီးက ဒေါက်တာစင်သီယာမောင်နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင်ရေးသားထားပြီး အမေရိကန်နိုင်ငံအနေနှင့် ဒေသတွင်းကိုဗစ်ကာကွယ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်းဆိုသည်။
အကူအညီများကို ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အပါအဝင် မြန်မာနိုင်ငံမှ ထိခိုက်လွယ်သူများအား အရေးပေါ်အစားအစာ ၊ ရေ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် တကိုယ်ရည်သန့်ရှင်းရေး ဝန်ဆောင်မှုများ ပေးနိုင်ရေး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းခဲ့သည့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး အဖွဲ့ ခေါင်းဆောင်လည်းဖြစ်သည့် ဒေါက်တာစင်သီယာမောင်ကမူ ဆွေးနွေးပွဲတွင် မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေသော ထိုင်းဆရာဝန်များနှင့် နယ်စပ်မှ ကျန်းမာရေး ကူညီဆောင်ရွက်ပေးနေသော ဆရာဝန်များ ပါဝင်ကြောင်း ဧရာဝတီသို့ပြောသည်။
“ကျမတို့ ကျန်းမာရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။ လက်ရှိမှာ ကိုဗစ်ကြောင့်ဖြစ်စေ စစ်ဘေးကြောင့်ဖြစ်စေ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနယ်စပ်မှာရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် အမေရိကန်အစိုးရအနေနဲ့ လူသားချင်း စာနာမှုဆိုင်ရာအကူအညီတွေ ၊ နယ်စပ်မှာရှိတဲ့ လူတွေရော တိုင်းရင်းသားဒေသမှာရှိတဲ့ လူတွေရော လက်လှမ်းမီ အောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ကိစ္စတွေ အခြေခံဆွေးနွေးကြပါတယ်” ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံထဲရှိ မြန်မာနိုင်ငံသားများ ၊ တိုင်းရင်းသားများနှင့် ရွှေ့ပြောင်းလုပ်သားများအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအကူအညီများပေးနိုင်ရေး ထိုင်း− မြန်မာနယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့များအချင်းချင်း မည်ကဲ့သို့ ချိတ်ဆက်လုပ်ကိုင်နိုင်မည်ဆိုသည့် ကိစ္စအပါအဝင် ထိုင်းအစိုးရနှင့် မည်ကဲ့သို့ ချိတ်ဆက်လုပ်ကိုင်နိုင်မည်ဆိုသည့် ကိစ္စများပါ ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောပြသည်။
သို့သော်လည်း ဆွေးနွေးပွဲတွင် အမေရိကန်က လှူဒါန်းမည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အမေရိကန် ဒေါ်လာ သန်း ၅၀ ကို မည်ကဲ့သို့ ထောက်ပံ့ပေးသွားမည်ဆိုသည့် ငွေကြေးစီးဆင်းမှုဆိုင်ရာ ကိစ္စအား အသေးစိတ် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ဒေါက်တာစင်သီယာမောင်က ပြောသည်။
ဆွေးနွေးပွဲမှ တဆင့် မြန်မာနိုင်ငံအရေး ကူညီမှုပေးနေသော အရပ်ဘက်အဖွဲ့များအတွက် အမေရိကန်အစိုးရ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရရှိနိုင်ရေး အပြုသဘောမျှော်လင့်နိုင်ကြောင်း ၎င်းက ဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်သည် အင်္ဂါနေ့တွင် အွန်လိုင်းမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ မြန်မာနိုင်ငံတွင် လိုအပ်နေသူများကို လူသားချင်း စာနာသောအားဖြင့် ဒေါ်လာ သန်း ၅၀ ထောက်ပံ့ကူညီမည်ဖြစ်ပြီး ဒုက္ခသည်များ၊ ပြည်တွင်းနေရပ်စွန့်ခွါသူများနှင့် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းခြင်းကြောင့် ပုန်းရှောင်ထွက်ပြေးရသူများအတွက် ဖြစ်ကြောင်း ပြောသည်။
အထောက်အပံ့များသည် အရေးပေါ် စားနပ်ရိက္ခာများ၊ အသက်ကယ်ဆယ်ရေး အကာအကွယ်များ၊ အမိုးအကာများ၊ မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေ၊ တကိုယ်ရေသန့်ရှင်းရေးနှင့် အိမ်သာများ ပါဝင်မည်ဟုလည်း သံအမတ်ကြီးက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်ကလည်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Don Pramudwinai နဲ့ ဘန်ကောက်တွင် တွေ့ဆုံခဲ့ပြီး အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသော မြန်မာနိုင်ငံ အကျပ်အတည်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ၎င်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သံအမတ်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းသည် ဒေသတွင်း တည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်သဖြင့် စိုးရိမ်မိကြောင်း ထိုင်းအာဏာပိုင်များအား ပြောဆိုထားသည်။
You may also like these stories:
စစ်တပ်က ပိတ်ပင်လည်း “ပြည်သူ့ထံမှ ပြည်သူ့ဆီသို့” ဆက်လက်ရှင်သန်
NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်
ထိုင်းဆန္ဒပြပွဲများတွင် ဝင်မပါကြရန် မြန်မာရွှေ့ပြောင်းလုပ်သားများကို သတိပေး
စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် တိုင်ကြား