စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်(UEC)က ပေးပို့သည့် နိုင်ငံရေး ပါတီများ၏ ရန်ပုံငွေနှင့် ပိုင်ဆိုင်မှုများ စစ်ဆေးရန် အကြောင်းကြားစာအား ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။
UEC ၏ အကြောင်းကြားစာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ထံ လိပ်မူထား ကြောင်း သိရပြီး ယနေ့ နေပြည်တော်ရှိ အမှု ရုံးချိန်း မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ရှေ့နေအဖွဲ့က ပေး အပ်ခဲ့ခြင်း ဖြစ်သည်။
ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က “သူ့ဆီ တိုက်ရိုက် ပို့တာလည်း မဟုတ်ဘူး။ တိုက်ရိုက်ပို့တာဆိုရင်တော့ လက်ခံပြီး တုံ့ ပြန်ချင် ပြန်မှာပေါ့၊ နောက်ပြီး ဒီကိစ္စက CEC တခုလုံးက ဆုံးဖြတ်ရတဲ့ကိစ္စ ဖြစ်တယ်။ အခုက CEC တွေကလည်း တွေ့ ဆုံလို့ မရသေးဘူးဆိုတော့ သူလက်မခံခဲ့ပါဘူး။ ဘာကိစ္စဆိုတာတော့ အတိအကျ မပြောနိုင်ပေမယ့် ပါတီတွေ အစစ်ခံဖို့ပဲ ဖြစ်မယ် ထင်ပါတယ်” ဟု ပြောသည်။
လတ်တလော စစ်ကောင်စီ လက်အောက်ခံ UEC အနေဖြင့် နိုင်ငံရေးပါတီများ၏ ပိုင်ဆိုင်မှုများ၊ ရန်ပုံငွေနှင့် ဘဏ္ဍာရေး စာ ရင်းများ အပါအဝင် အချက်၂၀ အား ဩဂုတ်လ ၂၃ ရက်က စတင် စစ်ဆေးလျက်ရှိပြီး လက်ရှိတွင် ပါတီ ၄ ပါတီအား စစ် ဆေးပြီး ဖြစ်သည်။
စစ်ဆေးပြီးသည့် ပါတီများမှာ ဩဂုတ် ၂၃ ရက်တွင် အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)၊ အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ် ပါတီ(DNP)၊ ဩဂုတ်လ ၃၁ ရက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည် ထောင်စု ကောင်းကျိုးဆောင် ပါတီ(UBP) တို့ ဖြစ်ကြသည်။
ယခုကဲ့သို့ နိုင်ငံရေး ပါတီများအား စာရင်း စစ်ဆေးခြင်းနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် လုပ်ဆောင်ရမည့် တာဝန်ရှိသည့်အတိုင်းသာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသည်။
NLD အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းသည့်အတွက် မဲမသမာမှု ရှိနိုင်သည် ဟု ဆိုကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင် အားလုံးနီးပါးအား ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး NLD ရုံးချုပ်အပါအဝင် မြို့နယ်အသီးသီးရှိ ပါတီရုံးများအား စီးနင်းကာ ရှာဖွေ ဖျက်ဆီးမှုများပြုလုပ်ခဲ့ သည့်အပြင် စာရွက်စာတမ်းများလည်း သိမ်းယူခဲ့သည်။
လက်ရှိတွင်လည်း ပါတီရုံးအချို့မှာ ဆက်လက် တိုက်ခိုက်ခံရမှုများလည်း ရှိနေချိန်တွင် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပါတီများအပေါ် ဥပဒေနှင့်အညီဟုဆိုကာ စာရင်း စစ်နေခြင်းအပေါ် ဘာမှမျှော်လင့်စရာ မရှိကြောင်း ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။
၎င်းက “ပါတီရုံးထဲ ထိုင်ပြီး အလုပ်လုပ်နေလဲ လာဖမ်းတာပဲ၊ ပါတီရုံးကိုလည်း လက်ပစ်ဗုံးနဲ့ လာပစ်ရင် ပစ်နေတာပဲ။ သေ နတ်နဲ့ ပစ်ရင်လည်း ပစ်နေတာပဲ။ ညဘက်ကြီးကျမှ ကားတွေနဲ့လာပြီး အထဲထိဝင်ပြီး သူခိုးဆန်ဆန်လည်း ဝင်တာပဲ၊ မွှေတာပဲ။ အဲဒီအခြေအနေမှာ ကျနော်တို့ ဘာကို မျှော်လင့်ရမှာလဲ။ ဘာမှ ဒီထက်ပိုပြီးမျှော်လင့်ထားလို့မရဘူး။ သူတို့ ဥပဒေမဲ့ လုပ်နေတာတွေက အများကြီးပဲဗျ” ဟု ပြောသည်။
လတ်တလောတွင်လည်း စစ်ကောင်စီအနေဖြင့် NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် ပါတီဝင်များအပေါ်အကြမ်းဖက် တံဆိပ်ကပ်ကာ ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိနေသည့်အတွက် ၎င်းကိုယ်တိုင်သည်ပင်လျှင် တိမ်းရှောင်နေရသူ တဦး ဖြစ်သည်။
စစ်ကောင်စီ၏ ပစ်မှတ်ထား အကြမ်းဖက် ဖမ်းဆီးမှုများကြောင့် NLD ပါတီဝင်အချို့ သေဆုံးခဲ့ရသည့်အပြင် ပါတီကိုပါ ဖျက်သိမ်းရန်အထိ ကြိုးပမ်းနေသည့် အခြေအနေတွင် စစ်ကောင်စီ လက်အောက်ခံ UEC ၏ လုပ်ဆောင်ချက်၊ ညွှန်ကြား ချက်များအပေါ် NLD က အသိအမှတ်မပြု၊ လက်မခံခြင်းမှာ သဘာဝကျကြောင်း၊ စစ်ကောင်စီအနေဖြင့်လည်း အရေးယူမှု များ ရှိ လာနိုင်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက ပြောသည်။
၎င်းက “အာဏာသိမ်းတာကို လက်မခံဘဲ ဆန့်ကျင်တဲ့ NLD ကတော့ သူတို့ ညွှန်ကြားတာတွေ လက်မခံလို့ပဲ ပြည်ထောင် စု လွှတ်တော် ကိုယ်စားပြု ကော်မတီကတဆင့် အမျိုးသား ညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းထားပြီးပြီ။ နိုင်ငံရေး ပါတီတွေ အနေနဲ့ ဘယ်လိုပဲပြောပြော လက်ရှိ UEC ကလည်း သူတို့ စစ်ဆေးတာကို လက်မခံဘူးဆိုရင် န.စ.က ကို တင်ပြ ပြီး ဥပဒေအရ လုပ်လို့ရနိုင်တဲ့ဟာတွေ ပါတီဖျက်သိမ်းတာတွေ၊ ဆိုင်းငံ့တာတွေ လုပ်စရာရှိတာ လုပ်လာနိုင်ပါတယ်” ဟု ပြောသည်။
You may also like these stories:
စစ်ကောင်စီနှင့် ဆွေးနွေးသည်ဆိုသည့်သတင်း ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်သက်သာလာ၊ အမှု စွဲချက်တင်/မတင် ရှေ့တပတ်အမိန့်ချမည်
အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး