ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုဖြစ်သော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရပ်တည်ချက်ချင်းကွဲလွဲပြီး ခေါင်းဆောင်ပိုင်း သဘောထား ကွဲလွဲမှုများဖြစ်ကာ နှစ်ဖွဲ့ကွဲသွားကြောင်း သိရသည်။
ပါတီ ခေါင်းဆောင် ခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့နှင့် ခိုင်ရဲခိုင်၊ ဒေါ်စောမြရာဇာလင်းတို့ ဦးဆောင်သော အဖွဲ့တို့ နှစ်ခြမ်းကွဲကာ တခုတည်းသော ပါတီတံဆိပ်ကို သုံး၍ သဘောထား ကြေညာချက်များကိုလည်း အပြိုင်အဆိုင် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
ALP ၏ ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဥက္ကဋ္ဌအဖြစ် ခိုင်ရဲခိုင်၊ ဒု ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာ လင်းတို့ ခေါင်းဆောင်ပိုင်းနေရာကို ရယူထားပြီး ရခိုင့်ကံကြမ္မာ၊ ရခိုင်တို့ ဖန်တီးနိုင်ရေး အမျိုးသား ဘုံပန်းတိုင်မှာ လက် ရှိ အခြေအနေတွင် မရောက်နိုင်သောကြောင်း ရခိုင်တော်လှန်ရေး အဖွဲ့အစည်း အပါအဝင် နိုင်ငံရေးပါတီများနှင့် ပူူူး ပေါင်းကာ တိုက်ပွဲဝင်မည်ဟု ဖော်ပြထားသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဥက္ကဋ္ဌအဖြစ် ခိုင်စိုးနိုင်အောင်၊ ဒု ဥက္ကဋ္ဌ အဖြစ် ဗိုလ်မှူးကြီး ခိုင်မာယုနှင့် ဗိုလ်မှူးကြီး ခိုင်ထွန်းဝင်းတို့ ခေါင်းဆောင်ပိုင်းနေရာကို ယူထားပြီး ပထမထုတ်ပြန်ချက်မှာ ခေါင်းဆောင်ပိုင်း တချို့က ပါတီဖွဲ့စည်းပုံနှင့် မညီဘဲ တရားမဝင် ထုတ်ပြန်ချက်ဖြစ်သည့်အတွက် ပါတီတွင်း သဘော ထားကွဲလွဲမှု မဖြစ်ပေါ်စေရန် နိုင်ငံရေး ဦးဆောင် ကော်မတီတရပ်ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်ကတော့ ပြီးခဲ့သော ဒီဇင်ဘာလ ၁၀ ရက် မှနေ ၁၄ ရက်အထိ စစ်တွေမြို့တွင် ပါတီ ခေါင်းဆောင်ပိုင်း အစည်းအဝေး တရပ်ပြုလုပ်ခဲ့ပြီး မူဝါဒ နှစ်ခုထွက်ပေါ်လာ သည့် အပေါ်သဘောထား ကွဲလွဲမှုဖြစ်ပွားခဲ့သည့်အတွက် အစည်းအဝေးကို ရပ်နားခဲ့သော်လည်း ခေါင်းဆောင်ပိုင်း တချို့က ရာထူးနေရာ ရယူပြီး သဘောထား ကြေညာချက်များ ထုတ်ခြင်းမှာ တရားဝင်မှု မရှိကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “စစ်တွေမှာ ဒီဇင်ဘာလ ၁၀ ရက်မှနေ ၁၄ ရက်အထိ အစည်းအဝေး တခုလုပ်ခဲ့ပါတယ်။ အစည်းအဝေးကလည် ပေါ်လစီ ၂ ခု ကွဲပါတယ်။ ဥက္ကဋ္ဌ ခိုင်ရဲခိုင် အဖွဲ့က NCA ကို ဖျက်ပြီးတော့ လက်နက်ကိုင် တိုက်ပွဲနဲ့ သွားရမယ်ဆိုပြီး အခိုင်အမာ ရပ်တည်ပြီး ပြောလာပါတယ်။ တဖက်က လက်ရှိ စစ်အာဏာ သိမ်းထားတဲ့ စစ်တပ်ကလည်း NCA ကို မဖျက်သေးသလို တခြား အဖွဲ့တွေလည်း မဖျက်သေးဘူး။ တဖက်နဲ့ တဖက် အငြင်းအခုံ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ညှိနှိုင်းလို့ မရတဲ့ အနေအထား ဖြစ်တဲ့အတွက် အစည်းအဝေးကို ရပ်လိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် တာဝန်ယူထားသည့် အဖွဲ့အနေဖြင့်လည်း လက်နက်ကိုင် တိုက်ပွဲ လမ်းကြောင်းနှင့် သွားမည် ကို သဘောတူသော်လည်း NCA သဘောတူညီချက်ကို ဖျက်သိမ်းပြီး သွားရမည်ဆိုသည်ကို လက်ရှိနိုင်ငံရေး အခြေ အနေအရ ပြန်လည်သုံးသပ်ရန် လုပ်ဆောင်ရန် အစည်းအဝေးတွင် တင်ပြခဲ့ကြောင်း ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ဆိုသည်။
ယင်းပြင် ၂၀၁၄ ခုနှစ် ပါတီ ညီလာခံ ရွေးချယ် တင်မြောက်ထားသည့် ခေါင်းဆောင်ပိုင်းများကို ညီလာခံ မရှိဘဲ အသစ် ရွေးချယ်တင်မြောက်ခြင်းမှာလည်း ပါတီဖွဲ့စည်းပုံ၊ စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိသည့်အတွက် ဇန်နဝါရီလ ၆ ရက်က ဖွဲ့စည်းလိုက်သည့် အဖွဲ့အပေါ် လုံးဝ သဘောတူ လက်ခံခြင်း မပြုနိုင်ကြောင်း ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင် က ဆက်လက် ပြောသည်။
ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်သောအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်ကျော်ခိုင်ကမူ ပါတီ၏ ဖွဲ့စည်းပုံအရ ပါတီညီလာခံကို ၄ နှစ်တကြိမ်ကျင်းပရမည်ဖြစ်ကာ ၂၀၁၄ ခုနှစ်ကျင်းပခဲ့သော ပါတီညီလာခံ၏ ရလဒ်မှာ ပျက်ပြယ်သွားပြီ ဖြစ်သည့် အတွက် ကြားကာလ အာဏာပိုင်အဖွဲ့ ဖွဲ့ပြီး ဆုံးဖြတ်ကာ သစ်လွင်သော နိုင်ငံရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။
ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်သောအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိလ် ခိုင်ကျော်ခိုင်က “သူတို့က ပထမ စုဖွဲ့မှုမှာ နေရာမရတဲ့အတွက် အခုလို တရားမဝင် ထုတ်ပြန်လာတာ ဖြစ်တယ်။ နှစ်ဖက်ကွဲတာကတော့ သူတို့က NCA လမ်းကြောင်းနဲ့ သွားချင် တယ်။ လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ လမ်းစဉ်နဲ့ မသွားချင်ဘူး။ ကျနော်တို့ကလည်း သစ်လွင်တဲ့ နိုင်ငံရေး ဦးဆောင် ဖွဲ့ပြီး တိုက်ပွဲလမ်းကြောင်းနဲ့ သွားဖို့ ဆုံးဖြတ်လိုက်တာ။ အခု ကျနော်တို့ CEC အစည်းအဝေးလုပ်နေတယ်။ စည်းကမ်း ဖောက်ဖျက်ထုတ်ပြန်လာတဲ့အတွက် လိုအပ်သလို အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ALP ပါတီ ခေါင်းဆောင်ပိုင်းများ ပြီးခဲ့သော ဒီဇင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ စစ်တွေမြို့တွင် ကျင်းပခဲ့သော အစည်းအဝေးတွင် မူဝါဒ ၂ ရပ် ထွက်ပေါ်မှုအပေါ် သဘောထားကွဲလွဲပြီး အစည်းအဝေး ရပ်တန့်ထားခဲ့ရသော်လည်း နှစ်ဖက် ခေါင်းဆောင်ပိုင်းကြား ဖုန်းဖြင့်အကြိမ်ကြိမ် အလွတ်သဘော ပြောဆိုခဲ့ကြသော်လည်း အဆင်ပြေမှု တစုံ တရာ မရရှိခဲ့ကြောင်းလည်း ယင်း ပါတီခေါင်းဆောင်ပိုင်းများထံမှ သိရသည်။
ALP ပါတီ ရဲဘော်ဟောင်း တဦးဖြစ်သူ ခိုင်လင်းအောင်ကတော့ “ပါတီတွင်းမှာ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိဘဲ ခေါင်း ဆောင်ပိုင်းတွေ လုပ်နေတာကြာပြီ အခုမှ ထွက်ပေါ်လာတာ။ အုပ်စုဖွဲ့ အားပြိုင်တာက ပါတီသမိုင်းအတွက်လည်း မကောင်းဘူး။ တော်လှန်ရေးအတွက်လည်း အနုတ်လက္ခဏာလို့ပဲ ကျနော်မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးစင်တာမှ ရခိုင်နိုင်ငံရေး လေ့လာသူ ဦးထွန်းကြည်က လူအင်အား နည်းပါးနေသည့် ပါတီတခုအနေဖြင့် ယခုကဲ့သို့ အုပ်စုကွဲမှုဖြစ်ပေါ်ခြင်းမှာ ALP ပါတီအတွက် နိဂုံးချုပ်မည့် အခြေ အနေမျိုးကို မြင်တွေ့နေကြောင်း သုံးသပ် ပြောကြားသည်။
ဦးထွန်းကြည်က “ပါတီမှာ လူအင်းအား မရှိတဲ့ ကြားထဲက အုပ်စုထပ်ခွဲတယ်ကိစ္စအပါ် ခေါင်းဆောင်ပိုင်းတွေ ပြန်ပြီး တော့ ဘယ်လို ပူးပေါင်းကြမလဲဆိုတာ စောင့်ကြည့်ရမယ်။ ဒါမှ မဟုတ်ရင်တော့ ALP အနေနဲ့ နိဂုံးချုပ်မယ့် သဘော မျိုးကို မြင်တွေ့ နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ALP ပါတီတွင်း ခေါင်းဆောင်ပိုင်များ အကွဲအပြဲ ဖြစ်ပေါ်နေချိန်တွင် ပါတီ လက်အောက်တွင် ရှိနေသော အရှေ့ ဘက် စစ်ဒေသ၊ အနောက်ဘက် စစ်ဒေသ၊ အလယ်ပိုင်း စစ်ဒေသ စသည့် စစ်ဒေသများမှ တပ်မှူးများကို မည်သည့် ဘက်ကိုမှ မပါရှိဘဲ လက်ရှိအနေအထားအတိုင်း ဆက်ရှိနေရန် လမ်းညွှန်မှာကြားထားကြောင်းလည်း ပါတီ ခေါင်း ဆောင်များထံက စုံစမ်းသိရှိရသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) သည် ၂၀၁၂ ခုနှစ်တွင် စစ်တွေမြို့၌ ပဏာမ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ် (Nation wide Cea sefire Agreement- NCA) ကို လက်မှတ်ထိုးခဲ့သည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီနှင့် အပစ်ရပ် လက်နက်ကိုင်များ ဘယ်လိုဆက်သွားမလဲ
မောင်တော ဘူးသီးတောင် ခွဲထွက်မယ် ဆိုတာ ကလေးကလား စကားတွေပါ
စစ်တပ်က ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးသလား