ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ရေလမ်း၊ ကုန်းလမ်းများကို စစ်ကောင်စီက ကာလရှည်စွာ ကန့်သတ်ပိတ်ပင်ထား သည့်အတွက် အခြေခံ စားသောက်ကုန်များမှာ တဆထက်တဆ ဈေးမြင့်လာမှုနှင့် ကြုံနေရကြောင်း ဒေသခံများက ပြော သည်။
ပလက်ဝမြို့နယ်၏ အဓိက ကုန်စည် စီးဆင်းရာ လမ်းကြောင်းဖြစ်သည့် ပလက်ဝ- ကျောက်တော် ရေလမ်းနှင့် ဆမီး- မတူပီ ကုန်းလမ်းတို့ကို စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း ကန့်သတ်ပိတ်ထားခြင်း ဖြစ်ကြောင်းလည်း ပလက်ဝ ဒေသ ခံများက ဆိုသည်။
ပလက်ဝမြို့ခံတဦးက “ကျနော်တို့ ပလက်ဝကို ဒီလောက်ထိ အကြာကြီး လမ်းကြောင်းတွေ ဘာကြောင့် ပိတ်ထားလဲ ဆိုတာ မစဉ်းစားတတ်တော့ဘူး။ ဆန်နဲ့ လောင်စာဆီ၊ သံထည်ပစ္စည်းဆို လုံးဝ တင်ခွင့် မရတဲ့အတွက် အခု လူသုံးကုန်ပစ္စည်းတွေ က တခြားနေရာနဲ့ စာရင် နှစ်ဆကျော်လောက် မြင့်တက်နေတယ်” ဟု ဧရာတီသို့ ပြောသည်။
ထိုသို့ ပလက်ဝမြို့နယ်အတွင်း ရေလမ်း၊ ကုန်းလမ်းများကို ပိတ်ထားသည့်အတွက် အခြေအခံ စားသောက်ကုန် ဈေးများ အနေဖြင့် လတ်တလော အခြေအနေတွင် ရိုးရိုးပေါ်ဆန်မွှေး ဆန် ၁ အိတ်လျှင် ယခင် ငွေကျပ် ၃ သောင်းခွဲမှ ယခု ကျပ် ၅၅၀၀၀ ကျော်၊ ဒေသဆန် ၁ အိတ်လျှင် ၂၅၀၀၀ မှ ၄၀၀၀၀ ကျော် အထိ မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။ ထို့ပြင် စားသုံးဆီအနေဖြင့် ယခင် ၁ လီတာ ၁ ဗူးလျှင် ၁၈၀၀ ခန့် ဝယ်ယူကြရမှ ယခုလ ျှင် ၂၅၀၀ ကျော်ထိ ဈေးတက် သွားကြောင်း ဒေသခံများက ဆိုသည်။
ယင်းပြင် ဓာတ်ဆီ ၁ လီတာဆိုလျှင်လည်း ကျပ် ၁၈၀၀ မှလက်ရှိအခြေအနေတွင် ကျပ် ၃၅၀၀ ကျော်အထိ ဈေးမြင့်လာပြီး ကုန်ပစ္စည်းများမှာ ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ဝယ်ယူသုံးစွဲရာတွင်လည်း အခက်အခဲများ ရှိနေကြောင်း ပလက်ဝ ဒေသခံများက ပြောဆိုကြသည်။
ပလက်ဝမြို့နယ် ဆမီးမြို့ခံ တဦးက “ကျနော်တို့ ဒေသခံတွေ ဘာကြောင့် လမ်းကြောင်းတွေ ပိတ်သလဲဆိုတာတော့ မသိရဘူး။ သွားခွင့် မရဆိုတာလောက်ပဲ သိတယ်။ အခုဆိုရင် ဆေးလိပ်၊ ကြက်ဥ၊ ကော်ဖီထုပ်တွေက အစ ဈေး နှစ်ဆ ကျော်လောက် မြင့်တက်နေတယ်။ လူတွေက အခက်အခဲကြုံရတော့ ဈေးတက်ရင်လည်း တက် လွယ်လွယ်ကူကူနဲ့ ဝယ် လို့ရရင် ကျေးဇူးတင်နေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပလက်ဝမြို့နယ် ဒေသအာဏာပိုင်များက ကျန်းမာရေးကိစ္စ အပါအဝင် အရေးပေါ် ကိစ္စရပ်များတွင် မျှော (ခွင့်ပြုချက်) စာတင်ပြီး သွားလာခွင့်ပြုသည်ဟု ဆိုသော်လည်း ဒေသခံများ အရေးကြီးကိစ္စကြောင့် ခရီးသွားလာခွင့ ်တင်ပြရာတွင် “ မျှော ” စာကျလာရန် လချီ ကြာမြင့်မှုကြောင့် လူမှုဘဝ ဘက်ပေါင်းစုံက ဒုက္ခကြုံတွေ့နေရကြောင်းလည်း ဆိုကြသည်။
စစ်ကောင်စီ အစီအစဉ်ဖြင့် ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ကာ ကျောက်တော်- ပလက်ဝ ရေလမ်းကြောင်းကို “ရေနယား” အမည်ရှိ ခရီးသည်တင် ရေယာဉ်ကို တပတ် ၁ ကြိမ် ပြေးဆွဲပေးသော်လည်း လူဦးရေ ကန့်သတ်ခြင်း၊ ဆန်၊ စက်သုံးဆီနှင့် အိမ်ဆောက်ပစ္စည်းများကို တင်ခွင့်မရသဖြင့် ယင်း ရေယာဉ် ပြေးဆွဲခြင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် လိုအပ်ချက်အရ ဆောင်ရွက်ပေးခြင်း တခုသာ ဖြစ်ကြောင်း ပလက်ဝ ဒေသခံများက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် ပလက်ဝမြို့နယ်အတွင်း ရေလမ်း ၊ ကုန်းလမ်းနှင့် အင်တာနက်လိုင်းများကို ပိတ်ပင် ကန့်သတ်ထားသည်မှ ဖြေလျော့ပေးခြင်း မရှိသေးပေ။
ထိုသို့ ပလက်ဝမြို့နယ်အတွင်း ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အပါအဝင် ချင်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင် စိမ့်ဝင်လှုပ်ရှားပြီး အင်အားကြီးထွားလာမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ဖြတ်လေးဖြတ် လုပ်ကာ ပိတ်ဆို့ထားခြင်း ဖြစ်ကြောင်းလည်း ပလက်ဝမြို့နယ်အတွင်းက အရပ်ဘက် လူမှုအဖွဲ့အစည်းများက သုံးသပ် ပြောဆိုကြသည်။
လက်ရှိအချိန်တွင် ပလက်ဝမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်၊ ရက္ခိုင်စစ်တပ် (AA)၊ ပလက်ဝ PDF အဖွဲ့တို့ ဝင်ရောက် လှုပ်ရှားမှု ရှိကြောင်းလည်း သိရသည်။
You may also like these stories:
ပလက်ဝ မြို့အဝင်အထွက်ကို စစ်ကောင်စီ ပိတ်ဆို့
၂၆ ကြိမ်မြောက် မီးရှို့ခံရမှု ထန်တလန်မှ အိမ် ၁၀၀၀ ကျော် မီးလောင်သွား
စစ်ကောင်စီ လမ်းပိတ်ထား၍ ချင်းတောင်ပိုင်း မြို့နယ်တချို့ စားနပ်ရိက္ခာ ပြတ်နေ