၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ်ကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၃ နှစ်ကြာပြီးတဲ့နောက် ပထမဆုံးအကြိမ် အရပ်သားအစိုးရ အာဏာလွှဲပြောင်းမှုကို ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ ကျင်းပနိုင်ခဲ့ပါတယ်။
အဲဒီနေ့ မနက်ပိုင်းမှာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သမ္မတအဖြစ်ရွေးချယ်ထားတဲ့ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ပါတယ်။
ဒီနောက် သမ္မအိမ်တော်ကို သွားပြီး ကြံ့ခိုင်ရေးအစိုးရသမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ထံက သမ္မတတာဝန်၊ လုပ်ပိုင်ခွင့်တွေနဲ့ သမ္မတအဆောင်အယောင်ရွှေစလွယ်ကို အချုပ်အချာအာဏာပိုင်စိုးမှုရဲ့သင်္ကေတဖြစ်တဲ့ သီဟာသနပလ္လင်ရှေ့မှာ လွှဲပြောင်းရယူခဲ့ပါတယ်။
ဒီအာဏာလွှဲပြောင်းရယူတဲ့အခမ်းအနားမှာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ လက်ရှိယာယီသမ္မတလုပ်နေတဲ့ ဒုသမ္မတမြင့်ဆွေနဲ့ လက်ရှိမှာ မတရားဖမ်းဆီးတရားစွဲဆိုထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လည်း ရှိနေကြပါတယ်။
အဲဒါဟာ အရပ်သား ရွေးကောက်ခံ အနိုင်ရပါတီ အနေနဲ့ နှစ်ပေါင်း ၅၀ ကျော်မှာ ပထမဆုံးအကြိမ် အာဏာအလွဲခံရတာ ဖြစ်သလို၊ NLD အအနေနဲ့လည်း ပထမဆုံးအကြိမ် အစိုးရဖြစ်ခွင့်ရတာလည်း ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်း က အနိုင်ရခဲ့ပေမယ့်လည်း အဲဒီတုန်းက စစ်အစိုးရ ဟာ NLD ကို အာဏာမလွှဲပေးခဲ့ပါဘူး။
အရပ်သားအစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ကဏ္ဍတွေကို ဖွံ့ဖြိုးတိုးတက်အောင် လူထုထောက်ခံမှု၊ နိုင်ငံတကာရဲ့ အားပေးကူညီမှုတွေနဲ့ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်တပ်က အရပ်သားအစိုးနဲ့ ရင်ကြားစေ့လိုမှုမရှိတာကြောင့် ဆက်ဆံရေးတင်းမာမှုတွေရှိခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအစိုးရက ၂၀၂၀ ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရပြီး ဒုတိယအစိုးရသက်တမ်းတာဝန်ယူဖို့ဖြစ်လာချိန်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာ မဲမသာမှုကို အကြောင်းပြပြီး အာဏာသိမ်းခဲ့ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်၊ နှစ်ပေါင်း ၆၀ အတွင်း အရပ်သားအစိုးရဟာ ၄ နှစ်ကျော်ကျော်ပဲ တာဝန်ယူခွင့်ရခဲ့ပါတယ်။ ဒါတောင် စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဘောင်ထဲမှာပဲ တာဝန်ယူခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာတော့ သမ္မတအိမ်တော်မှာ ယာယီသမ္မတဦးမြင့်ဆွေနေထိုင်ပြီး မင်းအောင်လှိုင်ကလည်း အချုပ်အချာအာဏာပိုင်စိုးမှုရဲ့သင်္ကေတဖြစ်တဲ့ သီဟာသနပလ္လင်ရှေ့မှာ သံတမန်တွေ၊ နိုင်ငံတကာဧည့်သည်တွေကို လက်ခံတွေ့ဆုံလို့နေပါတယ်။
ရွေးကောက်ခံတွေလည်းဖြစ်၊ တိုင်းပြည် ခေါင်းဆောင်တွေလည်း ဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့ကိုတော့ စစ်ကောင်စီက ပုဒ်မပေါင်းစုံ နဲ့ တရားစွဲထားပြီး နေအိမ် အကျယ်ချုပ် ချမှတ်ထားပါတယ်။
You may also like these stories:
အာဏာသိမ်းမှာ ခြိမ်းခြောက်တဲ့ သတင်းစာရှင်းလင်းပွဲ တနှစ်ပြည့်ပြီ
ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း
အိမ်ရှေ့စံ ကနောင်မင်းသားလုပ်ကြံခံရခြင်း
မြန်မာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုကြီး