တရုတ်နိုင်ငံသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူဘောင်အတွင်း ဆွေးနွေးမှုများမှတဆင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြန်လည် သင့်မြတ်မှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိ နေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးသည် ဇူလိုင် ၄ ရက်တွင် မန္တလေးတိုင်း ပုဂံမြို့၌ ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေး မစတင်မီ ဇူလိုင်လ ၃ ရက်၌ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သီးသန့် တွေ့ဆုံစဉ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ယနေ့ ထုတ်ပြန်ချက်တွင်လည်း မစ္စတာ ဝမ်ယိက မြန်မာနိုင်ငံက နိုင်ငံရေး ပြန်လည် သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန်၊ ဒုတိယအချက် အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည် စတင်ပြီး တိုင်းပြည် အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်ထည်ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံ တွန်းအားပေးရန် ပြောကြားသည်။
ထို့ပြင် တတိယအချက်အနေဖြင့် အာဆီယံနည်းလမ်းကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်မှု မရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေး ဟူသော အခြေခံမူနှင့် အစဉ်အလာများကို ခိုင်မြဲစေကာ တည်တည်ငြိမ်ငြိမ်နှင့် နှောင့်ယှက်မှုများကို ဖယ်ရှားပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံ၏ တူညီဆန္ဒ ငါးရပ်ကို အကောင်ထည်ဖော်ရန် စသည့် တရုတ် နိုင်ငံ၏ မျှော်လင့်ချက် ၃ ရပ်ကို ပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား နိုင်ငံရေးနှင့် လူမှုရေး တည်ငြိမ်မှု၊ ပြည်သူများ၏ စားဝတ်နေရေး မြှင့်တင်ရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ရှင်သန်ရေးတို့ ရရှိရန် မျှော်လင့် ကြောင်း ဝမ်ယိက ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံအခြေစိုက် စင်ဟွာသတင်းဌာနက ရေးသားသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေရာတွင် မြန်မာပြည်သူများအား ပံ့ပိုးကူညီပြီး နိုင်ငံတကာနယ်ပယ်တွင်လည်း နိုင်ငံ၏တရားဝင် အကျိုးစီးပွားနှင့် အမျိုးသား ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရာ၌ မြန်မာနိုင်ငံအား ပံ့ပိုးကူညီမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောသည်။
ဆက်လက်၍ ၎င်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ အရည်အသွေးမီ လယ်ယာထွက်ကုန်များ ပိုမိုတင်သွင်းရန်အပါအဝင် နှစ်နိုင်ငံဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန်နှင့် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး သရုပ်ပြစီမံကိန်း များကို စတင်ရန် အသင့်ရှိကြောင်း ပြောသည်ဟု စင်ဟွာသတင်းတွင် ဖော်ပြသည်။
စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း စစ်ကောင်စီက ချမှတ်ထားသော လမ်းပြမြေပုံငါးရပ်နှင့် အာဆီယံခေါင်းဆောင်များ လွန်ခဲ့သည့်နှစ်က ရရှိခဲ့သော သဘောတူညီမှုငါးရပ်ကို အကောင်အထည်ဖော်ရန်အပါအဝင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို တွန်းအားပေး ဆောင်ရွက်သွားရန်ရှိသည်ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် တရုတ်နှင့် မြန်မာနှစ်ဖက်စလုံးက တရုတ် – မြန်မာ စီးပွားရေးစင်္ကြန် (CMEC) အား အရှိန်မြှင့်ရန် သဘောတူခဲ့သည်။
ယင်းပြင် နယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်း သဘောတူညီချက်အား အကောင်အထည်ဖော်ရန်နှင့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုအပေါ် အာမခံရန် အပါအဝင် “CMEC plus” ပူးပေါင်းဆောင်ရွက်မှုကို အချိန်နှင့် တပြေးညီ ရှာဖွေကာ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်ကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း စင်ဟွာသတင်းက ဆိုသည်။
You may also like these stories:
အာဆီယံ အထူးကိုယ်စားလှယ်ကို စစ်ခေါင်းဆောင် ဗြောင်လိမ်နေ ဟုဆို
စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ စစ်ရေးလမ်းဆုံးမှာ ရုန်းကန်နေရတယ်
အတိုက်အခံများနှင့် ဆွေးနွေးရန် တရုတ်က မြန်မာစစ်ကောင်စီကို တောင်းဆို