စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က စည်သာမြေရွာအနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီးနောက် တပ်စွဲထားသဖြင့် ရွာခံတချို့ ရွာထဲတွင် ပိတ်မိနေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 35 ၂ စီးဖြင့် ပစ်ခတ် တိုက်ခိုက်ပြီးနောက် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် Mi 17 ၂ စီး ဖြင့် တပ်ဖွဲ့များ ၂ ကြိမ်တိုင်တိုင် လာရောက်ချပေးကာ စည်သာမြေရွာကို ဝင်စီးခြင်းဖြစ်ကြောင်း၊ ကြိုတင်ရှောင်ရှားချိန်မရသော ဒေသခံ အနည်းဆုံး ၃၀ ဦးထက်မနည်း ရွာထဲတွင် ပိတ်မိနေပြီး ကလေးသူငယ်နှင့် သက်ကြီးပိုင်းများ ပါဝင်ကြောင်း သိရသည်။
ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက“တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ အဲဒါကို ရဟတ်ယာဉ်နဲ့ တရစပ် လာပစ်ပြီးတော့မှ ရွာတွေကို ဝင်စီးတာဆိုတော့ သက်ကြီးရွယ်အိုတွေ ၊ ကလေးငယ်တွေ မပြေးနိုင်ဘူးလေ။ တုန်လှုပ် ခြောက်ခြားတာပေါ့။ ဘာတိုက်ပွဲမှ မရှိဘဲ ဝင်စီးတဲ့ အနေအထားဆိုတော့ ပြေးချိန်လွှားချိန် မရှိဘူးဖြစ်တာပေါ့” ဟု ပြောသည်။
အဆိုပါ ပစ်ခတ်မှုများကြောင့် စည်သာမြေ၊ မီးမောင်းကုန်း၊ လိန်တော၊ ကန်ပေါက်၊ ကူဖြူ အစရှိသည့် ကျေးရွာများမှ ဒေသခံ ၂,၀၀၀ ခန့် ထွက်ပြေးနေရပြီး စည်သာမြေရွာတွင်း ပိတ်မိနေသူများနှင့် ယနေ့ မွန်းလွဲပိုင်းအထိ အဆက်အသွယ် မရရှိသည့်အတွက် စိုးရိမ်ပူပန်နေရကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက “အမြန်ဆုံးလွတ်ဖို့ မျှော်လင့်တယ်။ ရွာကိုစီးတာက အခုက ဒုတိယတကြိမ် ဖြစ်နေတော့ အရင်လို ရက်ရက်စက်စက် သတ်ထားခဲ့မှာလည်း စိုးရိမ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း စည်သာမြေရွာကို ပထမအကြိမ် စီးနင်းဝင်ရောက်စဉ်က ဒေသခံ ၅၀ ကျော်ပိတ်မိခဲ့ပြီး စစ်ကောင်စီက ဒေသခံ ၂ ဦးကို ပစ်သတ်ခဲ့သည်။ ထို့နောက် ကျေးရွာထဲ တပ်စွဲနေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ဦး ကျဆုံးခဲ့သည်။
အိမ်ခြေ ၁၀၀ ကျော်သာ ရှိသည့် စည်သာမြေရွာသည် ၃ လကျော်အကြာတွင် ဒုတိယအကြိမ် ထပ်မံ စီးနင်းခံရခြင်းဖြစ်ပြီး မည်သည့်သတင်းရရှိ၍ အင်အားသုံးစီးနင်းသည်ကို မသိရှိကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံ တဦးက “တိုက်ပွဲမဖြစ်ဘဲ ဝင်စီးတော့ ပြည်သူတွေ ဒုက္ခပိုများတာပေါ့။ တိုက်ပွဲဖြစ်လို့ ရှောင်ရှားနေချိန်ဆိုရင် ပြည်သူတွေ ထိခိုက်မှု မရှိနိုင်ဘူးလေ၊ အခုက ဘာတိုက်ပွဲမှ မရှိဘဲလာတာ။ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ သွားတာလာ လောက်ကို မြင်တာလောက်နဲ့ပဲ ဝင်စီးတဲ့ သဘောများလား မသိပါဘူး” ဟု ဆိုသည်။
မုံရွာ အနောက်မြောက်ပိုင်းတိုင် စစ်ဌာနချုပ်က ထွက်လာသော ရဟတ်ယာဉ်များသည် ရွှေဘိုမြို့ အမှတ် ၈ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း နှင့် ဒီပဲယင်းတွင် တပ်စွဲထားသည့် ဘောလုံးကွင်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
သို့သော် ရဟတ်ယာဉ် ၄ စီးစာ သယ်ဆောင်လာသည့် တပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင်သည် မည်သည့် တပ်ရင်း၊ တပ်မများက ဆိုသည်ကိုမူ မသိရှိရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ယနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာမှု အသေးစိတ်များကိုလည်း မသိရှိရသေးကြောင်း ဒေသသတင်း ရင်းမြစ်များထံမှ သိရသည်။
ယခုနှစ် မတ်လ အတွင်းကလည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ရေဦး-တန့်ဆည်လမ်းပေါ်ရှိ ကျေးရွာများကို အာဏာ သိမ်း စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်း မီးရှို့ခဲ့သလို ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် ဒေသခံ ၁၀ ဦးကို လည်း သတ်ဖြတ်ခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးပြည်သူ၂,၄၃၂ဦး အထိ ရှိလာပြီး နိုင်ငံတဝှမ်းတွင် မီးရှို့ခံရမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်ပေါင်း ၂၈,၄၃၄ လုံး အနက် စစ်ကိုင်းတိုင်းတွင် ၂၀,၁၅၃ လုံး ရှိကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။
You may also like these stories:
ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ
ရေဦး-တန့်ဆည်လမ်းပေါ်ရှိ ရွာများ စစ်ကောင်စီမီးရှို့ ဒေသခံ ၁၀ ဦး အသတ်ခံရ
ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက်