လုပ်ခလစာ တိုးတောင်းသဖြင့် အလုပ်ထုတ်ခံရသူများကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ ကမ္ဘာကျော် Adidas တံဆိပ် ဖိနပ်များချုပ်နေသော မြန်မာပေါင်ချိန် စက်ရုံမှ အလုပ်ပြန်ခန့်ရန် သဘောတူသော်လည်း လုပ်ခလစာတိုးရေးကိုမူ မလိုက် လျောကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလက အနိမ့်ဆုံး လုပ်ခလစာ တရက် ကျပ် ၄၈၀၀အား တိုးပေးရန် မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမား ၂ထောင် ကျော်က ဆန္ဒပြတောင်းဆိုရာ ယင်းတို့အထဲမှ အလုပ်သမား ၂၆ဦးကို ထုတ်လိုက်ပြီးနောက် ယခုအခါ မူလတောင်းဆိုချက်များ မလိုက်လျောသော်လည်း အလုပ်ထုတ်ခံရသူများ လုပ်ငန်းခွင် ပြန်ဝင်ဖို့ အလုပ်ရှင်က ဒီဇင်ဘာ ၃၀ရက်က သဘောတူလိုက်ခြင်း ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။
အလုပ်ထုတ်ခံရသည့် အလုပ်သမားကို ပြန်ခန့်ရန့် Adidas ကုမ္ပဏီဘက်မှ မြန်မာပေါင်ချိန် စက်ရုံသို့ ဖိအားပေးမှု ရှိ ကြောင်း လည်းသိရသည်။
မြန်မာပေါင်ချိန် စက်ရုံက အလုပ်သမား တဦးက “Adidas ဘက်က အော်ဒါတွေ ချမပေးဘူး။ ကျမတို့ကို ပြန်ခန့်ရင် အော်ဒါပြန်ချပေးမယ့် ပြောတော့မှ အသည်းအသန်ပြန်ခန့်တဲ့ သဘောပေါ့။ စက်ရုံက လူကြီးတွေနဲ့ တွေ့တော့ ပြောတာက နင်တို့ လုပ်လိုက်လို့ Adidas က ရာခိုင်နှုန်းတွေ လျှော့လိုက်တယ်။ လုပ်ပြီးသား အော်ဒါတွေလည်း မယူတော့တာ ရှိတယ်။ အဲဒါကြောင့် ကောင်းမွန်သော လုပ်ငန်းခွင် ဖြစ်ဖို့အရေးကို ကျမတို့ကို ပြန်ခေါ်တယ်ပေါ့ ဆိုတာမျိုး ပြောတယ်”ဟု ပြောသည်။
အလုပ်ထုတ်ခံရသည့် ကာလများတွင် စစ်ကောင်စီ၏ အလုပ်သမား ဦးစီးဌာနများအထိ သွားရောက် ဖြေရှင်းခဲ့သော်လည်း မပြေလည်ခဲ့သည့် မြန်မာပေါင်ချိန် ဖိနပ်စက်ရုံက အလုပ်သမားများ အလုပ်ထုတ်ခံရမှုသည် ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းဌာနများအထိ ရောက်ရှိသွားမှသာ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် ဖြစ်သည့် Adidas ကုမ္ပဏီက စက်ရုံဘက်သို့ ဖိအား ပေးသဖြင့် ထိုသို့ အလုပ် ပြန်လည်ခန့်အပ်မည်ဟု စက်ရုံက သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်သမားများ တောင်းဆိုသည့် လုပ်ခလစာတိုးမြှင့်ရေးနှင့် ပတ်သက်၍မူ စက်ရုံဘက်မှ အစိုးရက တိုးမြှင့်ပေးရန် သဘောတူမှသာ တိုးပေးမည်ဟု ပြောကြောင်း၊ ထို့အတွက် တောင်းဆိုမှုများကို ခေတ္တခဏ နားထားမည်ဖြစ်ကြောင်း အလုပ်ပြန်ဝင်မည့် အလုပ်သမားတဦးက ပြောသည်။
“အစိုးရက တိုးပေးမှ တိုးပေးမယ် ဆိုတာမျိုးပဲ ပြောတယ်။ ကျမတို့ ရထားတဲ့ လုပ်ခလစာနဲ့ပဲ ပြန်ဝင်ရမှာ။ တောင်းဆိုမှု ကိုတော့ ခဏနားထားဦးမယ်။ အခု ကျမတို့ ရင်ဆိုင်နေရမှာက ဘယ်လိုမျိုး ဆက်ဆံမလဲ ဆိုတာကို စောင့်ကြည့်ရမှာ။ လုပ်ခလစာ ကိစ္စကလည်း မဖြစ်မချင်း ဆက်လုပ်သွားမှာပါ။ ဒါပေမယ့် ဘယ်လိုနည်းနဲ့ လုပ်ရမယ် ဆိုတာကို အကောင် အထည် မဖော်ရသေးတာပဲ ရှိတာပေါ့။ ဒီကိစ္စကိုတော့ မလျှော့ဘူး။ အခုကတော့ စက်ရုံထဲ ဝင်ရင် ဖိအားတွေ ဘယ်လိုတွေ ရှိမလဲ ကြည့်ရမှာပေါ့”၎င်းက ဆိုသည်။
၎င်းတို့အနေဖြင့် စက်ရုံတွင်း ကျင့်သုံးရမည့် စည်းမျဉ်း ၊ စည်ကမ်းများနှင့် ပတ်သက်ပြီး စာချုပ် အသစ်တွင် လက်မှတ်ရေး ထိုးရမည် ဖြစ်ပြီး လုပ်ငန်းခွင် ပြန်ဝင်ရမည့် ဇန်နဝါရီ ၂ ရက်နေ့တွင်မှ ထိုစည်းကမ်းချက်များကို သိရမည် ဖြစ်ကြောင်းသိရ သည်။
အလုပ်ထုတ်ခံရသည့် ၂၆ ဦးတွင် ၁၇ ဦးကသာ လုပ်ငန်းခွင် ပြန်ဝင်မည် ဖြစ်ပြီး ကျန် ၉ ဦးမှာ ယင်းစက်ရုံတွင် အလုပ် မလုပ်လိုတော့သဖြင့် အလုပ်ထုတ် နစ်နာကြေး လျော်ကြေးယူမည် ဖြစ်ကြောင်း၊ ကျန် ၁၇ ဦးအတွက် ညှိနှိုင်းမှု ပြုလုပ် နေစဉ် ၂ လစာ အတွက် ပြန်လည်ပေးမည်ဟု စက်ရုံဘက်က ဆိုထားကြောင်း သိရသည်။
လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများ အနေဖြင့်လည်း ဆန္ဒပြ တောင်းဆိုခဲ့မှုကို အငြိုးထားကာ ခွဲခြား ဆက်ဆံ ခံရမှုများ ရှိလာမည်ကို စိုးရိမ်လျက်ရှိနေသည်။
အလုပ်ပြန်မဝင်လိုတော့သည့် စက်ရုံအလုပ်သမား တဦးက “အလုပ်ဆက် မဝင်ချင်တော့တာ။ ဝင်ဖြစ်ရင်လည်း ခွဲခြား ဆက်ဆံခံရတာတွေ ဖြစ်လာလိမ့်မယ်။ ဒါမျိုးတွေက အရင်တုန်းကလည်း ရှိခဲ့ဖူးတာကိုး” ဟု ပြောသည်။
၂၀၂၂ခု အောက်တိုဘာလအတွင်းက မြန်မာပေါင်ချိန်စက်ရုံ အလုပ်သမားများသည် လက်ရှိရနေသည့် အခကြေးငွေမှာ ၁ ရက်လျှင် ၄၈၀၀ ကျပ် ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း အဆမတန် မြင့်လာသဖြင့် စားဝတ်နေရေး မပြေလည် သည့်အတွက် အနည်းဆုံး ကျပ် ၇၅၀၀ မှ ၈၀၀၀ ကျပ် ကြား တိုးပေးရန် တောင်းဆိုရာ အလုပ်ရှင်ဘက်မှ ညှိနှိုင်းပေးခြင်း မရှိ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ရာတွင် အလုပ်သမား ၂၀၀၀ ခန့်ပါဝင်ပြီး အဆိုပါ အလုပ်သမားများကို ဦးဆောင်လှုံ့ဆော် သည်ဆိုကာ ၎င်းတို့အထဲမှ အလုပ်သမား ၂၆ဦးကို စက်ရုံဘက်မှ အလုပ်ထုတ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် မြန်မာနိုင်ငံ စက်ရုံများသို့ အမှာစာ ပေးအပ်သည့် နာမည်ကြီး ကုန် အမှတ်တံဆိပ်များ၏ အခန်းကဏ္ဍ ပိုမိုအရေးကြီးလာကြောင်း၊ အလုပ်သမားများအတွက် တရားမျှတသည့် ဆုံးဖြတ်ချက် များကို ချမှတ် မပေးနိုင်တော့သည့် စစ်ကောင်စီ လက်အောက်တွင် ကုန်အမှတ်တံဆိပ်များ၏ အကူအညီများ လိုအပ်နေဦး မည် ဖြစ်ကြောင်း ပြည်တွင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတဦးက သုံးသပ်ပြောဆိုသည်။
၎င်းက “အာဏာသိမ်းပြီးတဲ့နောက် Brand တွေရဲ့ ပါဝင်မှုက အာဏာမသိမ်းခင်ကထက် ဝင်ပါပေးနေတယ်။ ဒီဖြစ်စဉ် မှာ ဆိုရင်လည်း Adidas ရဲ့ ပါဝင်မှုက အရင်တုန်းကထက် ပိုတယ်။ Brand တိုင်းတော့ မဆိုလိုဘူး။ တာဝန်ယူတတ်တဲ့ Brand တွေကတော့ အဲဒီအတိုင်းသွားနေတယ်။ တချို့ Brand တွေကတော့ ဖာသိဖာသာပါပဲ။ စက်ရုံတွေက Brand တွေရဲ့ တွန်း အားမပါဘဲနဲ့ သူတို့ စိတ်ဆန္ဒနဲ့ လုပ်ပေးလိုစိတ်က နည်းနေသေးတယ်။ ဒီအာဏာသိမ်းထားတဲ့ အခြေအနေအောက် မှာ မြန်မာအလုပ်သမားတွေကတော့ Brand တွေရဲ့ အကူအညီကို ဆက်ပြီးတော့ လိုအပ်နေဦးမှာပဲ” ဟု ပြောသည်။
မြန်မာပေါင်ချိန် စက်ရုံသည် ထိုင်ဝမ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၇၀၀၀ ကျော်နှင့် နာမည်ကြီး အမှတ်တံဆိပ်ဖြစ် သော Adidas ဖိနပ်များကို တရက်လျှင် ၃ သောင်းကျော်အထိ ထုတ်လုပ်နေသော စက်ရုံကြီးတခု ဖြစ်သည်။
You may also like these stories:
Adidas ဖိနပ်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြ
Adidas ဖိနပ်စက်ရုံမှ အလုပ်ထုတ်ခံရသူများ နေပြည်တော်အထိ တက်၍ ဖြေရှင်းမည်
ဖိနပ်ချုပ် စက်ရုံလုပ်သားများ လစာတိုးရေး တောင်းဆို
လုပ်ခတိုးရေး ဆန္ဒပြသည့် ခေါင်းဆောင်များ Adidas ဖိနပ်ချုပ်စက်ရုံက အလုပ်ထုတ်
အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးရွားလာ