ရှယ်ယာရှင်များအစည်းအဝေးတွင် ဥက္ကဋ္ဌက iTV သည် တရားရင်ဆိုင်နေရသည့် အမှုတခုကို စောင့်ဆိုင်းနေပြီး လုပ်ငန်းလည်ပတ်ခြင်း မရှိတော့ကြောင်း ပြောကြားလိုက်သဖြင့် Move Forward ပါတီ (MFP) ခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ်၏ ဝန်ကြီးချုပ်ဖြစ်ရေး အားထုတ်မှုသည် တဆင့် ပိုမိုနီးကပ်လာပြီဟု ဘန်ကောက်ပို့စ်သတင်းစာက ရေးလိုက်သည်။
ထို့ကြောင့် မစ္စတာ ပီတသည် ထိုမီဒီယာကုမ္ပဏီလုပ်ငန်းများ မပိတ်သိမ်းသေးပါက ရင်ဆိုင်ရမည့် ပါလီမန် ကိုယ်စားလှယ် အရည်အချင်း မီ၊ မမီဆိုသည့် ဥပဒေပြဿနာများမှ လွတ်မြောက်သွားကြောင်း သတင်းက ဆိုသည်။
ဧပြီလ ၂၆ ရက်နေ့က ကျင်းပသည့် နှစ်ပတ်လည် ရှယ်ယာရှင်များ အစည်းအဝေးတွင် ရိုက်ကူးထားသည့် ဗီဒီယိုသည် တရားဝင်မှတ်တမ်းများနှင့် ကွဲလွဲနေသောကြောင့် iTV ပြဿနာကို ပြန်လည် အာရုံစိုက်လာကြသည်။
ရှယ်ယာရှင်တဦးက ရိုက်ကူးထားသည့် ထိုဗီဒီယိုများကို Channel 3 က ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။
ထိုဗီဒီယိုတွင် ရှယ်ယာရှင်တဦးက “iTV က လုပ်ငန်းလည်ပတ်နေသေးလား” ဟု မေးသောအခါ အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ အမှုဆောင်ဒါရိုက်တာ မစ္စတာ ကင် ဆရီတာဝီချိုင်းက “အခုအချိန်ကစပြီး ဘာလုပ်ငန်းမှ မလည်ပတ်တော့ဘူး။ အမှုပြီးအောင် စောင့်နေတာပဲရှိတယ်” ဟု ပြန်ဖြေခဲ့သည်။
ထိုမီဒီယာလုပ်ငန်းတွင် မစ္စတာ ပီတ ရှယ်ယာများ ပါဝင်နေသောကြောင့် ကုမ္ပဏီကို ပြန်လည်အသက်သွင်းပြီး ပီတ ဝန်ကြီးချုပ်ဖြစ်ရေးကို တားဆီးရန် ကြိုးစားမည်ဆိုသည့် အငြင်းပွားမှုများ ရှိနေသည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ မစ္စတာ အစ်တီပွန် ဘွန်ပရာကွန်က ရွေးကောက်ပွဲ ကော်မရှင်သည် မစ္စတာ ပီတအနေဖြင့် ရွေးကောက်ခံသည့် ကိုယ်စားလှယ်များအတွက် ဥပဒေပုဒ် ၁၅၁ ကို ချိုးဖောက်ခြင်း ရှိ၊ မရှိ လေ့လာနေကြောင်း ဇွန်လ ၁၂ ရက်နေ့တွင် ပြောသည်။
ရွေးကောက်ပွဲကော်မရှင်သည် MFP ခေါင်းဆောင်၏ မီဒီယာရှယ်ယာနှင့် ပတ်သက်သည့် တိုင်ကြားမှုများ အားလုံးကို ပယ်ချခဲ့သော်လည်း ပီတသည် သူအရည်အချင်း မပြည့်စုံမှန်း သိလျှက်နှင့် ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဟုတ်၊ မဟုတ် ဆက်လက် စုံစမ်းစစ်ဆေးနေသည်။
ထိုသို့ဖြစ်ပါက ရွေးကောက်ခံကိုယ်စားလှယ် ဥပဒေ ပုဒ်မ ၄၂ (၃) နှင့် ၁၅၁ တို့ကို ချိုးဖောက်သည်ဟု ယူဆနိုင်သည်။
ချိုးဖောက်သည်ဟု တွေ့ရှိရပါက မစ္စတာ ပီတသည် ထောင် ၁၀ နှစ်အထိ ကျနိုင်ပြီး ဘတ် ၂ သောင်းမှ ၂ သိန်းအထိ ဒဏ်ပေးဆောင်ကာ နှစ် ၂၀ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရနိုင်သည်။
မကြာသေးမီက တိုင်ကြားမှု လေးခုနှင့် MFP ပါတီကို ဖျက်သိမ်းရန် တောင်းဆိုမှုတခုသည် အခြေအမြစ် မရှိဟု ဆိုကာ ရွေးကောက်ပွဲကော်မရှင်က ပယ်ချပြီးဖြစ်ကြောင်း သတင်းရင်းမြစ်တခုက ဇွန်လ ၁၂ ရက်နေ့တွင် ပြောသည်။ MFP ဦးဆောင်သည့် ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ကလည်း အစိုးရဖွဲ့ရန် ပြင်ဆင်နေသည်။
iTV ရှယ်ယာအများစုကို ပိုင်ဆိုင်သည့် Intouch Holding PCL ၏ အမှုဆောင်ဒါရိုက်တာနှင့် ဥက္ကဋ္ဌလည်းဖြစ်သော မစ္စတာ ကင်က အစုရှယ်ယာရှင်များ အစည်းအဝေးမှတ်တမ်းနှင့် ပတ်သက်သည့်ကိစ္စကို စုံစမ်းစစ်ဆေးရန် iTV ကော်မတီဝင်များကို ဇွန်လ ၁၂ ရက်နေ့တွင် ညွှန်ကြားသည်။
MFP အတွင်းရေးမှူးချုပ် မစ္စတာ ချိုင်သာဝတ် တူလာသွန်က ထိုဗီဒီယိုတွင် ပြောကြားချက်သည် အစည်းအဝေး မှတ်တမ်းနှင့် ကွဲလွဲနေကြောင်း ပြောသည်။ ထိုအစည်းအဝေးမှတ်တမ်းသည် လိမ်လည်သည့် မှတ်တမ်းဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
iTV အမှုဆောင်များအနေဖြင့် ရှင်းလင်းချက်ပေးရမည်ဖြစ်ကြောင်း ၎င်းကပြောပြီး MFP အစိုးရဖွဲ့မည့် အစီအစဉ်ကို ပိတ်ဆို့ရန် အားထုတ်မှုများ ရှိနေကြောင်းလည်း ရှင်းပြသည်။
Facebook တွင် ရေးသားရာ၌ MFP မှ ပါလီမန်ကိုယ်စားလှယ် ရွေးကောက်ခံထားရသူ မစ္စတာ ဝီရော့ လက်ခါနာဒိဆွန်က ထိုကိစ္စနှင့် ပတ်သက်ပြီး iTV က ရှင်းလင်းချက် ထုတ်ပြန်ရန်တောင်းဆိုပြီး အစည်းအဝေးမှတ်တမ်းကို သံသယရှိကြောင်း ပြောသည်။
“နှစ်ပတ်လည် ရှယ်ယာရှင် အစည်းအဝေးမှတ်တမ်းက ဥက္ကဋ္ဌပြောတဲ့စကားနဲ့ ဘာကြောင့် ကွဲလွဲနေတယ်ဆိုတာ iTV က ရှင်းပြရမယ်” ဟု ၎င်းကရေးသည်။
“လူတယောက်ကို နိုင်ငံရေးအရ အရေးယူဖို့ ရှယ်ယာရှင် အစည်းအဝေးမှတ်တမ်းကို လိမ်တာလား၊ အဲဒီလို လုပ်တဲ့တာဝန်ရှိသူကို ရာဇဝတ်ကြောင်းအရ အရေးယူသင့်၊ မသင့် လူ့အဖွဲ့အစည်းက မေးရမယ်” ဟုလည်း သူကဆက်လက် ရေးသားသည်။
မစ္စတာ ပီတကလည်း ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်သည့် သူ့ဖခင်ထံမှ ရှယ်ယာ ၄၂,၀၀၀ ကို အခြားဆွေမျိုးများထံ လွှဲပေးလိုက်ကြောင်း လွန်ခဲ့သောအပတ်က ပြောခဲ့သည်။ ထိုကိစ္စကို နိုင်ငံရေးအရ အသုံးမချနိုင်ရန် ကာကွယ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
သူ့တွင် ရွေးကောက်ခံကိုယ်စားလှယ် အရည်အချင်းမမီသည့် အချက်တခုမျှမရှိဘဲ ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဖြစ်လာမည်ဟု အပြည့်အဝယုံကြည်ကြောင်း မစ္စတာ ပီတက ပြောသည်။
၂၀၁၈-၁၉ ဘဏ္ဍာရေးရှင်းတမ်းတွင် iTV ကို ဟိုးလ်ဒင်း ကုမ္ပဏီအဖြစ် သတ်မှတ်ထားသော်လည်း နောက်ထပ် ဘဏ္ဍာရေး ရှင်းတမ်း နှစ်စောင်တွင် ရုပ်သံလုပ်ငန်းအဖြစ် ဖော်ပြထားကြောင်း ၎င်းကပြောသည်။
iTV သည် ၂၀၀၇ ခုနှစ်တွင် ရုပ်သံထုတ်လွှင့်မှု ရပ်ဆိုင်းပြီး ၎င်း၏လိုင်စင်ကို Thai PBS က ရယူခဲ့သည်။
iTV ကို ထိုင်းစတော့အိတ်ချိန်းမှ ၂၀၁၄ ခုနှစ်တွင် စာရင်းဖျက်သိမ်းသည်။
သို့သော် မပေးဆောင်ရသေးသည့် လုပ်ငန်းလုပ်ကိုင်ခွင့် အခကြေးငွေများကြောင့် ထိုင်းအစိုးရနှင့် အမှုတခုအတွက် စီးပွားရေးလုပ်ငန်းလိုင်စင်က ဆက်လက် အသက်ဝင်နေသည်။
ထိုကိစ္စကို စုံစမ်းစစ်ဆေးရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရွန်ခရိုင် လီကစ်ဝတ္တနာက မေလ ၁၀ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုသည်။
လက်ရှိ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ မီဒီယာရှယ်ယာပိုင်သူများ ရွေးကောက်ပွဲဝင်ခွင့် မရှိပေ။
ကိုးကား ။ ။ Bangkok Post သတင်း Pita inches closer to PM post
You may also like these stories:
မြန်မာ ပြန်တည်ငြိမ်အောင် ထိုင်းဦးဆောင်နိုင်ဟု ရွေးကောက်ပွဲအနိုင်ရ MFP ပြော
ထိုင်းအစိုးရသစ် မြန်မာ့အရေး ဘာလုပ်နိုင်မည်နည်း
မြန်မာ့အရေး ထိုင်း နှုတ်ဆိတ်နေမည် မဟုတ်ဟု ညွန့်ပေါင်းဖွဲ့မည့် MFP ပြော
ထိုင်းအစိုးရ ဖွဲ့နိုင်ရေး မဟာမိတ်ဖွဲ့မည့် အစီအစဉ် ပီတ ကြေညာ
Move Forward ပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရဖွဲ့ရေးက ဆပ်ပြာပူဖောင်းလား
ထိုင်းဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိသူ ပီတ လင်ဂျာရွန်ရတ်