စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာတွင် အရေးပေါ်အခြေအနေကို ဇူလိုင်လ ၃၁ ရက်နေ့တွင် နောက်ထပ် ခြောက်လ သက်တမ်းတိုးပြီးနောက် ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးစသည့် အဓိကရာထူးများ အပါအဝင် ရာထူးအပြောင်းအလဲများ ပြုလုပ်သည်။
ဝန်ကြီးရာထူးများကို ဗိုလ်ချုပ်များကသာ လွှမ်းမိုးထားသည်။ ယခု ရာထူးအပြောင်းအလဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီး (၁) ဒု ဗိုလ်ချုပ်ကြီး ရာပြည့်သို့ လွှဲပြောင်းပေးပြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဗိုလ်ချုပ်ကြီး မြထွန်းဦး၏ ကာကွယ်ရေးဝန်ကြီးရာထူးကို ရယူကာ သူ၏ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ရာထူးကို ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ပေးသည်။ ၎င်းတို့ နှစ်ဦးလုံးသည် ဒုဝန်ကြီးချုပ်များအဖြစ်လည်း တပြိုင်တည်း ထမ်းဆောင်မည် ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးများ ပြောင်းလဲခြင်းသည် ၂၀၂၁ ခုနှစ်တွင် မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ပြောင်းလဲခြင်း ဖြစ်သည်။
ထိုဝန်ကြီးဌာနများသည် မြို့ပြနှင့် ကျေးလက်ဒေသများကိုပါ လှုပ်ခါစေသော စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုကို ရင်ဆိုင်ရာတွင် တာဝန်အရှိဆုံး ဝန်ကြီးဌာန နှစ်ခုဖြစ်သည်။ ကြိုးစားအားထုတ်နေသည်မှာ နှစ်နှစ်ကျော် ကြာလာသော်လည်း စစ်ကောင်စီသည် မတွန့်ဆုတ်သော ခုခံတော်လှန်မှုကို ထိုးစစ်ဆင်ရန် ကြိုးစားနေရဆဲ ဖြစ်ပြီး နိုင်ငံကို ထိန်းချုပ်နိုင်ခြင်းမရှိ ဖြစ်နေသည်။ ထိုသို့ဖြစ်နေခြင်းသည် ဝန်ကြီးရာထူးများ ပြောင်းရွှေ့ရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းတခု ဖြစ်နိုင်သည်။
သို့သော် စိုးထွဋ်သည် ကင်ဆာ ဖြစ်ပွားနေသည်ဟု ကောလာဟလများ ထွက်နေသောကြောင့် သူ၏ ကျန်းမာရေးသည်လည်း နောက်ကွယ်မှ အကြောင်းရင်းတခု ဖြစ်နိုင်ပြီး ထို့ကြောင့်ပင် သူ့ကို မပင်ပန်းသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး (၁) နေရာသို့ ပြောင်းရွှေ့ခြင်းဖြစ်သည်ဟု ခန့်မှန်းပြောဆိုကြသည်။
တချိန်တည်းတွင် ပြည်ထဲရေးဝန်ကြီးသစ် ရာပြည့်သည် စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ဆက်လက် ထမ်းဆောင်သည်။ သူသည် မင်းအောင်လှိုင်၏ အမျိုးသားလုံခြုံရေး အကြံပေးနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းမှုအဖွဲ့ ခေါင်းဆောင်အဖြစ်လည်း ဆက်လက် ထမ်းဆောင်သည်။ ယခင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်သည် ဒုဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သော်လည်း ယခု ထိုရာထူးကို ဆက်လက် ရယူထားခြင်း မရှိတော့ပေ။ သို့သော် ရာပြည့်ကို ဒုဝန်ကြီးချုပ်အဖြစ် ပူးတွဲခန့်အပ်ခြင်း မရှိပေ။ မင်းအောင်လှိုင်သည် စစ်ကောင်စီကို ဆက်လက် ဦးဆောင်ပြီး စစ်ကောင်စီအဖွဲ့ဝင် ၁၈ ဦးအနက် ကိုးဦးမှာ ဗိုလ်ချုပ်များ ဖြစ်သည်။
နိုင်ငံကို ပြန်လည် ထိန်းချုပ်ရန် မည်သည့်အရာမဆို လုပ်မည်ဟု ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) အစည်းအဝေးတွင် ပြောကြားပြီးနောက် တင်အောင်စန်းနှင့် ရာပြည့်ကို ထိုအဓိကကျသည့် ရာထူးများတွင် ခန့်အပ်ခြင်းဖြစ်သည်။ စစ်ကောင်စီသည် နိုင်ငံ၏ များပြားလှသော ဒေသများကို ခုခံတော်လှန်ရေး အင်အားစုများလက်သို့ လက်လွှတ်ဆုံးရှုံးထားသည်။
ရာထူးအပြောင်းအလဲ အစိတ်အပိုင်းအဖြစ် မင်းအောင်လှိုင်အား နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးမှတ်တမ်းကို ဝေဖန်သူများထံမှ ကာကွယ်ပေးရပြီး သံတမန်ရေး မျက်နှာစာတွင် အထီးကျန်လုနီးပါး ဖြစ်နေခြင်းကို သက်သာအောင် လုပ်ရသည့် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေကို ဒု ဝန်ကြီးချုပ်အဖွဲ့တွင် ပူးတွဲထမ်းဆောင်ရန် ရာထူးတိုးပေးသည်။
စစ်ကောင်စီကို ခေါင်းလျှိုဝင်သည့် ဦးကိုကိုလှိုင် ခေါင်းဆောင်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်ပြီး သူ့ကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီး (၂) အဖြစ်ခန့်သည်။ ဦးကိုကိုလှိုင်သည် ၂၀၁၄ ခုနှစ် နိုင်ငံတွင် မကြာခဏ မီးပြတ်စဉ် ဖယောင်းတိုင်သုံးရန် ပြည်သူများကို တိုက်တွန်းသောကြောင့် “ဖယောင်းတိုင် ကိုကိုလှိုင်” ဟု အမည်ဆိုးကျော်ကြားသူ ဖြစ်သည်။
ဒေါ်သက်သက်ခိုင် နေရာတွင် ဒေါက်တာ စိုးဝင်းကို လူမှုဝန်ထမ်းဝန်ကြီးအဖြစ် အစားထိုးလိုက်ပြီး ဒေါ်သက်သက်ခိုင်သည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဝန်ကြီးအဖြစ် တာဝန်ယူမည် ဖြစ်သည်။ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် စစ်ကောင်စီက ၂၀၂၁ ခုနှစ်တွင် ဖြုတ်ချခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သည်။
ယခု ရာထူးအပြောင်းအလဲများတွင် စစ်ကောင်စီရုံး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနများတွင် ဒုဝန်ကြီးများ ခန့်အပ်ခဲ့သည်။ ဒေါက်တာ ထိန်လင်းဦး ကိုလည်း ဥပဒေရေးရာဝန်ကြီးဌာန ဒု ဝန်ကြီးနှင့် ဒုရှေ့နေချုပ်အဖြစ် ခန့်ခဲ့သည်။
တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကို ကျန်းမာရေးအရ ရာထူးမှ ထွက်ခွင့်ပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌ ဦးသာဌေးကို တရားသူကြီးချုပ် ခန့်သည်။ ဦးသာဌေး၏ ခုံရုံးဥက္ကဋ္ဌ နေရာကို ဦးအောင်ဇော်သိန်းက ဆက်ခံသည်။
စစ်တက္ကသိုလ်တွင် မင်းအောင်လှိုင်နှင့် အပတ်စဉ်တူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဦးကိုကို၏ နေရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာပြီး ဦးသန်းထွန်းဦးကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသစ် ခန့်သည်။
လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်ကို ဦးဉာဏ်ထွန်းဖြင့် အစားထိုးသလို စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးနေရာတွင် ဦးကိုကိုလွင်က အစားထိုးပြီး အလုပ်သမားဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနေရာကို ဦးမြင့်နောင်က အစားထိုးသည်။ စာရင်းစစ်ချုပ် ဦးဌေးအောင်ကို ဦးစစ်အောင်က အစားထိုးပြီး မြန်မာအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်နေရာတွင် ဦးပေါ်လွင်စိန်ကို အစားထိုးသည်။
နေပြည်တော်တွင် မင်းအောင်လှိုင် တည်ဆောက်သည့် ကြီးမားသော ဗုဒ္ဓဆင်းတုကို အနေကဇာတင်ပြီးနောက် ချက်ချင်း ဖြုတ်ချခံရသည့် သာသနာရေးဝန်ကြီး ဦးကိုကိုက BBC သတင်းဌာနသို့ ပြောရာတွင် “လောလောဆယ် ဘာမှ မပြောချင်သေးဘူး။ ဒါက သဘာဝပဲ” ဟု ပြောသည်။
ဦးမောင်ကိုနှင့် ဒေါက်တာ အောင်ကျော်မင်းတို့လည်း စစ်ကောင်စီမှ နုတ်ထွက်ရပြီး အခြားမည်သည့် အဖွဲ့တွင်မှ မခန့်တော့ပေ။ အခြားစစ်ကောင်စီဝင် ဒေါက်တာ ကျော်ထွန်းကို စစ်ကောင်စီအကြံပေးအဖွဲ့သို့ ပြောင်းလဲခန့်ထားသည်။ ထိုအကြံပေးအဖွဲ့သည် စစ်ကောင်စီထက် အမည်ခံအားဖြင့်သာ အထက်တွင်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။
မင်းအောင်လှိုင်က သူ၏အဖွဲ့သည် နိုင်ငံ၏ များပြားလှသော အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျော်ဖြတ်ရန် တာဝန်ထမ်းဆောင်နိုင်သည့် လူပုဂ္ဂိုလ်များပါဝင်သော ပုံစံမျိုး အပြောင်းအလဲများလုပ်ကာ ဝါကြွားနေပုံရကြောင်း လေ့လာသူတဦးက ပြောသည်။ စစ်ကောင်စီခေါင်းဆောင်သည် အမြဲတမ်းရှုံးပြီး ဖဲပြန်ပြန်ချိုးနေသည့် ဖဲသမားနှင့် တူကြောင်းလည်း ၎င်းကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Leader Reshuffles Cabinet Days After Extending Emergency Rule ကို ဘာသာပြန်သည်။)
You may also like these stories:
နိုင်ငံကို စစ်ကောင်စီ မထိန်းချုပ်နိုင်ကြောင်း အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်းက ပြသ
အရေးပေါ်အခြေအနေ သက်တမ်းတိုးမှု တရားမဝင်အုပ်ချုပ်ရေး သက်ဆိုးရှည်စေဟု အမေရိကန်ပြော
သက်တမ်းတိုးတာ တိုင်းပြည်တည်ငြိမ်ရေးလုပ်ဖို့တဲ့လား
မြန်မာ့စီးပွားရေးဘဏ်များတွင် စစ်တပ်အရာရှိများကို ခန့်
စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ