ဗစ်တိုးရီးယားအမှုအတွက် လာမည့် ရုံးချိန်းတွင် Wisdom Hill မူကြိုကျောင်းမှ ဆရာမ နှင်းနု အပါ အဝင် အခြား ဆရာမ ၂ ဦးကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ယနေ့ တရားခွင် စစ်ဆေးမှုအပြီးတွင် ယင်းအမှုမှ သံသယ တရားခံ အဖြစ် စွပ်စွဲခံရသူ ကိုအောင်ကြီး၏ ရှေ့နေ ဦးခင် မောင်ဇော်က“နောက်တပတ် ရုံးချိန်းမှာ နှင်းနုနဲ့ ဆရာမ ၂ ယောက်ကို စစ်မယ်။ ၁၈ ရက်မှာ စစ်ပါမယ်” ဟု သတင်း ထောက်များကို ပြောသည်။
အဆိုပါ အမှု၏ အဓိက နစ်နာသူဖြစ်သည့် ဗစ်တိုးရီးယား ကလေးငယ် ကိုယ်တိုင်က “တီချယ် နှင်းနု သိတယ်။ တီချယ်က တောင် ဆူလိုက်သေးတယ်” အစရှိသဖြင့် ကလေးငယ်ကို ဗီဒီယို ကွန်ဖရင့်ဖြင့် စစ်ဆေးခဲ့စဉ်က ထွက်ဆိုခဲ့ဖူးသည်။
တီချယ် နှင်းနုဆိုသည်မှာ ဗစ်တိုးရီးယား၏ အနီးကပ် ဆရာမတဦး ဖြစ်သဖြင့် အလွန် ခင်မင်ကြောင်းလည်း ဗစ်တိုးရီး ယား၏ ဖခင်ဖြစ်သူက ဧရာဝတီသို့ ဖြေကြားဖူးသည်။
အဆိုပါ အမှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် မှုခင်း တပ်ဖွဲ့ (CID) မှ ဆရာမ နှင်းနု အပါအဝင် ဆရာမများကို ခေါ်ယူ စစ်ဆေးရာ တွင်လည်း ယင်းအမှု ဖြစ်စဉ်ကို တီချယ် နှင်းနု သိကြောင်း ဗစ်တိုးရီးယား ကိုယ်တိုင်က ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ရှေ့တွင် ထပ်မံ ထွက်ဆိုခဲ့သည်ဟု သိရသည်။
ယခုနှစ် ဇူလိုင် ၂၄ ရက် ရုံးချိန်းတွင် တရားခွင် စစ်ဆေးမှုအတွင်း ဗစ်တိုးရီးယား၏ မိခင်ဖြစ်သူကိုယ်တိုင်က တရားသူကြီး ရှေ့မှောက်တွင် ဆရာမနှင်းနုကို နောက်တိုး တရားခံအဖြစ် တရားစွဲပေးရန်နှင့် အမှုမှန် ပေါ် ပေါက်စေရန် အတွက် ကူညီ ဆောင်ရွက်ပေးရန် နှုတ်ဖြင့် တင်ပြခဲ့သလို ရေးထားသည့် စာရွက်စာတမ်းများကိုလည်း ရုံးတော်သို့ ကိုယ်တိုင် ပေးအပ် ခဲ့ဖူးသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ဗစ်တိုးရီးယားသည် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ထိုအမှုကို ဇွန်လ ၃ ရက်တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုန်
ဗစ်တိုးရီးယားအမှု CCTV မှတ်တမ်းဖိုင်များ ပြန်ရရေး ဆောင်ရွက်ရန် တရားသူကြီး ခွင့်ပြု
Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး၏ သား ၂ ဦး ၅ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေး ခံရမည်
ဆရာမ နှင်းနုကို သံသယ တရားခံအဖြစ် ထပ်တိုးပေးရန် ဦးတိုက်လျှောက်