ယမန်နေ့ အမျိုးသား သတင်းဆု ပေးပွဲ၌ စာနယ်ဇင်း သမားများသို့ ပြောကြားသွားသည့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ တိုက်တွန်းချက်သည် အပြုသဘော ပိုဆန်လာသည်။ဝန်ကြီး ဦးကျော်ဆန်း တိုက်တွန်းသွားသည့် အချက် ၅ ချက်အနက် လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရား ဟူသော အချက်ကို သတိထားမိသည်။
ပွင့်လင်းလွတ်လပ်သော နိုင်ငံရေး အခင်းအကျင်းရှိလာသောအခါ သတင်းစာနယ်ဇင်းနှင့် မီဒီယာသမားများ အနေနှင့် ကျင့်ဝတ်သိက္ခာပိုင်းတွင် ဒေသတွင်းနှင့် နိုင်ငံတကာ အဆင့်အတန်းမီအောင် လိုက်နာကျင့်သုံးရန် လိုအပ်သကဲ့သို့ ပြည်သူ့ဘဏ္ဍာကို သုံးစွဲနေကြသော အုပ်ချုပ်ရေး ဝန်ထမ်းများဘက်ကလည်း ပွင့်လင်းမှုရှိခြင်း၊ တာဝန်ယူမှုရှိခြင်းတို့ဖြင့် သိက္ခာသမာဓိရှိရန် လိုမည်။
အစိုးရနှင့် ဝန်ကြီးဌာနများ၊ အာဏာပိုင်များက သတင်းစာနယ်ဇင်းနှင့် မီဒီယာကို ရန်သူအဖြစ် မမြင်ဘဲ နိုင်ငံတည်ဆောက်မှုတွင် ဝိုင်းဝန်းပါဝင်မည့် စတုတ္ထမဏ္ဍိုင်တရပ်အဖြစ် မိတ်ဆွေကဲ့သို့ သဘောထားသင့်သည်။
ဤနေရာတွင် ရှင်းရှင်းလင်းလင်းသိရန်မှာ မည်သည့် အကျင့်ပျက် ခြစားမှုများကိုမဆို လွတ်လပ်သော မီဒီယာများက နှုတ်ပိတ်နေမည် မဟုတ်ဘဲ ဖော်ထုတ်ရေးသားကြမည်သာ ဖြစ်သည်။ မီဒီယာများက ခိုင်မာစွာ ဖော်ထုတ်ရေးသားလာလျှင် လွတ်လပ်သည့် တရားရေးဌာနများ၊ လွှတ်တော်များက ဥပဒေကြောင်းအရ အရေးယူမှုများ၊ ဆင့်ခေါ်ကြားနာမှုများ ပြုလုပ်ရပေမည်။ ခြစားမှု၊ အလွဲသုံးစားမှုတို့အတွက် တာဝန်ရှိသူများတွင် အပြစ်တွေ့ရှိပါက ထိုက်တန်သော အပြစ်ဆေးကြောမှုများကို ပြုလုပ်ရပေမည်။ ထိုကဲ့သို့ ဖော်ထုတ်ရေးသားသော မီဒီယာများ၏ လုံခြုံရေးကိုလည်း အာမခံမှု ရှိစေရမည်။ အကာအကွယ်လည်း ပေးရမည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လမ်းမကောင်းကြောင်းရေးသည့်အတွက် မော်ဒန်ဂျာနယ်ကို တရားစွဲဆိုခြင်း၊ ဝန်ကြီးဌာနများအတွင်း ငွေအလွဲသုံးစားမှုများ ရေးသားသည့် The Voice Weekly ဂျာနယ်ကို သတ္ထုတွင်းဝန်ကြီးဌာနက တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ခြင်းများသည် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကို အကြီးအကျယ် အဟန့်အတားဖြစ်စေသည်ဟု ဧရာဝတီက ယုံကြည်သည်။
ယင်းဂျာနယ်များ၏ ရေးသားချက်များမှာလည်း မှန်ကန်သည်သာ ဖြစ်သည်။ The Voice Weekly က လွှတ်တော်အမတ်တဦးကို ကိုးကားပြီးရေးခဲ့ရာတွင် အချက်အလက်များအတိုင်း အမှန်ဖြစ်သည့်အတွက် ကျင့်ဝတ်ဖောက်ဖျက်သည်ဟု မစွပ်စွဲနိုင်ပေ။ သက်ဆိုင်ရာ ဝန်ကြီးဌာနကို မစုံစမ်း မမေးမြန်းခဲ့သည့် လိုအပ်ချက်ကို ပုံကြီးချဲ့ အပြစ်ပုံချခြင်းထက် တာဝန်သိစွာ သတင်းရေးသားတင်ပြမှုအပေါ် အခြေခံ၍ ခြစားမှု မြောက် မမြောက် စုံစမ်းစစ်ဆေး အရေးယူရန်သာ ရှိသည်။
လွတ်လပ်ပွင့်လင်းပြီး တာဝန်ယူမှုရှိသည့် မီဒီယာက အာဏာပိုင်တို့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ပြီး လူထုအကျိုးကို ရှေးရှု အကောင်အထည်ဖော်ရေး ဝေဖန်ဖော်ပြ ရေးသားနိုင်မှသာ တဖက်စောင်းနင်း ဆုံးဖြတ်ချက်များ၊ အာဏာအလွဲသုံးစားမှုများ၊ အကျင့်ပျက်ခြစားခြင်းများကို ကာကွယ်ထိန်းကျောင်းနိုင်မည်။
ယခုအချိန်အခါကား နေပြည်တော်အစိုးရ၊ လွှတ်တော်အမတ်များ၊ တရားစီရင်ရေး မဏ္ဍိုင်တို့ကလည်း စာနယ်ဇင်းနှင့် မီဒီယာများကို မည်သို့ထိန်းချုပ်ရမည် ဆိုသည်ထက် သတင်းလွတ်လပ်ခွင့်၊ မီဒီယာတိုးတက်ရေးကို မည်သို့ မြှင့်တင်ပေးမည်ဟု ပြောင်းလဲ စဉ်းစားသင့်၍ ပြုပြင်ပြောင်းလဲရေးအတွက် အစကောင်းကြရန် လုပ်ဆောင်သင့်သည့် အချိန်ပင်ဖြစ်တော့သည်။ လွတ်လပ်သော၊ သိက္ခာစောင့်စည်းသော စာနယ်ဇင်းသမားများ၊ မီဒီယာများ အားကောင်းမှသာ ဒီမိုကရက်တစ်လူ့ဘောင် တည်ဆောက်ရေးလည်း ပိုအခြေခိုင်လာနိုင်မည် ဖြစ်ပေသည်။