ပါကစ္စတန်အခြေစိုက် အစွန်းရောက် တာလီဘန်အဖွဲ့က မြန်မာကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ရန်မလိုကြောင်းနှင့် လုံခြုံရေး အပြည့်ရှိကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သော်လည်း ရခိုင်ပြည်နယ် ပဋိပက္ခများအပေါ် အခြေပြုပြီး အစ္စလမ်မစ် စစ်သွေးကြွ လှုပ်ရှားမှုများ ကျယ်ပြန့်လာနေသည်မှာ အမှန်ဖြစ်သည်၊ မြန်မာ အစိုးရအနေဖြင့် ပေါ်ထွန်းစ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး အလားအလာများကို ဖျက်ဆီးနိုင်သော ပေါ်လစီနှင့် လုပ်ဆောင်ချက် ခြေလှမ်းမမှားရန် ကြီးစွာ သတိပေးနေ သလိုလည်း ဖြစ်သည်။
ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်စလင် ဘာသာဝင်များအရေးကို အကြောင်းပြုပြီး မွတ်စလင်ကမ္ဘာမှ အစ္စလမ်ဘာသာရေး အစွန်းရောက် ဂျီဟဒ်ဝါဒီများက ယခင် နာမည်ပင် မကြားဖူးခဲ့သည့် မြန်မာနိုင်ငံကို ယခုအခါ ပစ်မှတ်ထားမှု ရုတ်တရက် ကျယ်ပြန့် ကြီးထွား လာနေခဲ့ကြောင်း သတင်းပေးပို့ချက်များက ဖော်ပြနေသည်။
ဝါရှင်တန်အခြေစိုက် အရှေ့တောင်အာရှ၊ အလယ်အာရှနှင့် နိုင်ဂျီးရီးယားရှိ စစ်သွေးကြွ အုပ်စုများအရေး ကျွမ်းကျင်သူ ဂျက်ကော့ပ်ဇင်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်သာမက အိန္ဒိယ အာသံနယ်၌ပါ နယ်မြေခံများနှင့် မွတ်စလင် ရွှေ့ပြောင်း အခြေချသူများ အကြား ပဋိပက္ခဖြစ်နေရပြီး ဒေသတွင်း လူဦးရေ အဆမတန်ကြီးထွားမှု၊ ဘာသာရေး ပဋိပက္ခများ တိုးပွားလာနေမှု၊ ဒုက္ခဆင်းရဲ ကပ်များ ဆိုက်နေရမှုတို့ကြောင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံများတွင် ဖိအားသစ်များ ရင်ဆိုင်နေရပြီဟု ဆိုသည်။
အစိုးရများအနေဖြင့် အပြန်အလှန် ကျူးလွန်နေသော ရာဇဝတ်မှုများကို ကာကွယ်ရန် တရားဥပဒေ စိုးမိုးမှုနှင့် ပဋိပက္ခများ ဖြေရှင်းရေး၌ တရားမျှတမှုတို့ကို မဖော်ဆောင်နိုင်ပါက အစွန်းရောက်အဖွဲ့များ၏ အမြတ်ထုတ်မှုက နိုင်ငံတကာအဆင့် မဟုတ်ငြား ဒေသတွင်း လုံခြုံရေး အကျပ်အတည်းသစ်ကို ဖန်တီးရန် လွယ်ကူသွားမည်ဟု ဂျက်ကော့ပ်ဇင်က သတိပေး ထားသည်။
အစ္စလမ်စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုသည် ဂလိုဘယ်လိုက်ဇေးရှင်း ခေါ် ကမ္ဘ္ဘာလုံးဆိုင်ရာ ဖြစ်ထွန်းမှုနှင့် ပြန်လည် ချိတ်ဆက်ရန် ကြိုးပမ်းနေသော တံခါးဖွင့်စ မြန်မာပြည်အတွက် စိန်ခေါ်မှုသစ်ဖြစ်သည်။
နိုင်ငံတကာနှင့် အဆက်အသွယ် ပြတ်နေပြီး ခေတ်မမီသေးသော မြန်မာ့လုံခြုံရေး အခြေအနေအရ အကြမ်းဖက် တိုက်ဖျက်ရေးဆိုင်ရာ နည်းပညာနှင့် အကူအညီများကို ဒေသတွင်းနှင့် အထူးသဖြင့် မြန်မာနှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာသည့် အမေရိကန် ပြည်ထောင်စုတို့ထံမှ မျှော်လင့်နိုင်ပါသည်။
သို့သော် ခေတ်မီပြီး ရေရှည်အမြင်ရှိသည့် လုံခြုံရေးဆိုင်ရာ အယူအဆမှာ စစ်ရေးအမြင် တခုတည်းတွင်သာ အခြေမခံဘဲ အကြမ်းဖက်မှုများ ပေါက်ဖွားရာ မညီမျှ မှုများကို အသိအမှတ်ပြု လက်ခံ ဖော်ထုတ် ကိုင်တွယ်သည့် သက်ဆိုင်ရာ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးက တာဝန်သိစွာ ပါဝင်ဆောင်ရွက်သော ဘက်စုံ ချဉ်းကပ်မှုအပေါ်လည်း အခြေခံသည်ဟု ဆိုရမည်။
ရေရှည် လူမှုရေး သဟဇာတ ဖြစ်စေရန်နှင့် လူမျိုးရေး၊ ဘာသာရေး အမုန်းမီးတောက်များကို ငြှိမ်းသတ်နိုင်ရန် ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစေခြင်း၊ မျက်နှာမရွေး တရားမျှတစေခြင်း၊ ကရုဏာ ရှေ့ထားပြီး တဘက်သားအပေါ် ကာကွယ် စောင့်ရှောက်ခြင်း စသည့် အသိတရား လက်ကိုင်ပြုသော လူ့ယဉ်ကျေးမှု ပြန့်ပွားခိုင်မာလာရေး ရှေးရှုသည့် ဘာသာရေးအဖွဲ့အစည်း အသီးသီးသာမက၊ နိုင်ငံရေးပါတီများ၊ မီဒီယာများ၊ လူမှုအခြေပြု အဖွဲ့အသင်းများ အားကောင်း မောင်းသန်ဖြစ်လာစေရန်လည်း ဦးသိန်းစိန်အစိုးရက ကူညီ အားပေးသင့်သည်။
ပြည်တွင်းရှိ မွတ်စလင် အဖွဲ့များက အကြမ်းဖက်မှုကို ရှုတ်ချသကဲ့သို့ ထိုသို့ အကြမ်းဖက်လိုသော အဖွဲ့အစည်း များနှင့်လည်း ပတ်သက်မှု မရှိကြောင်း၊ အလားတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ စိစစ်မှု မရှိသော အချက်အလက်များဖြင့် ပြည်ပနိုင်ငံများတွင် ဆန္ဒပြ တောင်းဆိုနေခြင်းကိုလည်း မလိုလားကြောင်း ထုတ်ဖော်ပြောဆို၍ အမှန်တရားနှင့် ငြိမ်းချမ်းရေးအတွက် ရပ်တည် ထောက်ခံခဲ့ကြသည်မှာ ဝမ်းမြောက်ဖွယ် ကြိုဆိုစရာပင်။
အစိုးရအနေဖြင့် ပြည်တွင်း လုံခြုံရေးဆိုင်ရာ အစီအမံများကို ချမှတ် အကောင်အထည် ဖော်ရာတွင် မညီမျှမှုများ၊ တရားလက်လွတ် ပြုမူမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်များ မဖြစ်ပွားစေရေးကို အာမခံမှသာ လုံခြုံရေးနှင့် လွတ်လပ်ခွင့်တို့ သန်စွမ်း ဘက်ညီပြီး ပြည်သူလူထုအနေဖြင့် အကြောက်တရား ကင်းစွာ နေထိုင်ရှင်သန်နိုင်ပေလိမ့်မည်။
ဦးသိန်းစိန်အစိုးရနှင့် လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် ငြိမ်ဝပ်ပိပြားရေးနှင့် အဓိကရုဏ်းများ မပြန့်နှံ့စေရေး အတွက် အရေးပေါ် အခြေအနေ ကြေညာ၍ စစ်အုပ်ချုပ်ရေးကို အသုံးပြု ဆောင်ရွက်ခဲ့ သဖြင့် ပြန်လည် တည်ငြိမ်ှုကို ဖော်ဆောင်နိုင်ပြီ ဖြစ်သော်လည်း တရားမျှတမှု တည်ဆောက်ရေးတွင် ခရီးမတွင်သေးပေ။
မသီတာထွေး အမှုနှင့် ပတ်သက်ပြီး တရားခံဆိုသူများကို ပြစ်ဒဏ်ချမှတ် နိုင်ခဲ့သည်မှလွဲ၍ အဓိကရုဏ်းများကို ကျယ်ပြန့် လာစေသည့် တောင်ကုတ်လူသတ်ပွဲ စုံစမ်းစစ်ဆေးမှုမှာ အသံတိတ်နေသေး သော်လည်း ရခိုင် ပဋိပက္ခအား မီးလောင်ရာ လေပင့်ပေးသည့် နှစ်ဘက် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်များ၏ အမုန်းတရား ဖုံးလွှမ်းနေသော အသံများက ကျယ်လောင်နေဆဲ ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် လူမျိုးရေး ဝါဒီများ၏ အစ္စလမ် ဘာသာဝင်များအပေါ် အတည်ပြုချက်မရှိသော ကောလာဟလများ၊ အလွန်အကျွံ ပြောဆို ရေးသားမှုများသည် အင်တာနက် စာမျက်နှာများတွင် ကျယ်ပြန့်နေသကဲ့သို့ အစ္စလမ် အစွန်းရောက် များ၏ အခြေအမြစ်မရှိ ဝါဒဖြန့်မှုများ အတွက်လည်း လူမှုကွန်ရက် မီဒီယာ facebook က အထောက်အပံ့ ဖြစ်ခဲ့သည်။ ယခု ရခိုင်ပြည်နယ် အရေးကို သင်္ခန်းစာယူ၍ နောက်နောင် အမှိုက်ကစ ပြာသာဒ်မီးမလောင်စေရန် လူမျိုးရေး၊ ဘာသာရေး ခွဲခြားနှိမ်ချမှုကို တားဆီးသော ဥပဒေကို ပြဌာန်း အကောင်အထည် ဖော်သင့်သည်။
ရခိုင်ပြည်နယ်အရေး အပေါ် မည်သို့ သဘောထား ကိုင်တွယ်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာကို တင်ပြခဲ့ပြီး ရခိုင်ဒေသသို့ စုံစမ်းစစ်ဆေးရန် ခွင့်ပြုခဲ့ခြင်းက ဒေသတွင်းနှင့် နိုင်ငံတကာ အစိုးရများ၏ လူ့အခွင့်အရေး စိုးရိမ်ပူပန် နေခြင်းများကို လျော့ပါးသွားစေ နိုင်မည်ဟု မြန်မာ အစိုးရက မျှော်လင့်နေပုံရသည်။
သို့ရာတွင် အမျိုးသားရေးဝါဒကို အသုံးချ၍ ပြည်တွင်း နိုင်ငံရေး အင်အားစုများ၏ ထောက်ခံမှုကို ဖန်တီးရယူသည့် နည်းလမ်း က နိုင်ငံတကာအလယ်တွင် ပြန်လည်အားယူ ခေါင်းထောင် နေရသော တိုင်းပြည်၏ ပုံရိပ်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို သယ်ယူလာမည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ကူးလူးပေါင်းစည်းမှု များကို တိုက်ရိုက် ခြိမ်းခြောက် နေသည် ဆိုသည့် အချက်ကိုမူ အလေး ဂရုပြုသင့်သည်။
မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးမူဝါဒ အပြောင်းအလဲများသည် ယနေ့ ယဉ်ကျေးသော ကမ္ဘ္ဘာ၏ လူမျိုး ဘာသာမခွဲ ရင်းနှီး ချစ်ခင်တတ်မှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် လိုက်လျောညီထွေ ဖြစ်စေမှုတို့ကို လက်ခံ ညှိနှိုင်းလိုခြင်း၊ နိုင်ငံသားများက လူထုလူတန်းစားအဖွဲ့ အသီးသီးတွင် ပါဝင် လှုပ်ရှားနိုင်ခွင့်ရှိသော ဒီမိုကရေစီစနစ် တည်ဆောက်လိုခြင်းဟု ဧရာဝတီက နားလည် သဘောထားသည်။
တံခါးဖွင့်လိုက်ခြင်းကြောင့် အပြင်လောကတွင် ဖြစ်ပျက်သမျှ အကောင်းအဆိုးကို အတွင်းမှ လှမ်းမြင်နိုင်သကဲ့သို့ အပြင်ကမ္ဘ္ဘာကလည်း အတွင်း၌ ဖြစ်ပျက်နေသည်ကို မြင်နိုင်ကြမည်။ အပြင်ကမ္ဘ္ဘာ၏ ကံဆိုး မိုးမှောင်ကျမှုများကို ရင်ဆိုင် ဖြေရှင်းရန် စိုးရိမ် ကြောက်လန့်မှုကြောင့် သော်လည်းကောင်း၊ မိမိ၏ အတွင်း သရုပ်သကန်များကို အပြင်က မမြင်စေရန် ဖုံးဖိလိုခြင်း ကြောင့်သော်လည်းကောင်း ယခင် စစ်အစိုးရစဉ်ဆက် ကျင့်သုံးလာခဲ့သော အမြင်ကျဉ်းသည့် အမျိုးသား တံခါးပိတ်ဝါဒသည် မည်သူက မိတ်ဆွေ၊ မည်သူက ရန်သူဟု ရွေးချယ်ရာတွင်ပင် အထောက်အပံ့ မဖြစ်သည်ကို သင်င်္ခန်းစာ ရခဲ့ဖူးပြီ။ ပညာနှင့်မယှဉ်၊ သတိမမူက အတိတ်၏ ထောင်ချောက်မှ ရုန်းမလွတ် ဖြစ်ပေလိမ့်မည်။