ကိုဝင်းတင်ကို သဘောထား တင်းမာတယ်လို့ ပြောကြတယ်။ သဘောထား တင်းမာတာ မဟုတ်ဘူး ။ ယုံကြည်ချက် ခိုင်မာတာ ။ အယူအဆတွေ မတူခဲ့ရင် ညှိနှိုင်းတိုင်ပင် ဆွေးနွေးရမယ်ဆိုတာ ကိုဝင်းတင်ရဲ့ အယူအဆပါ ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ လက်တွဲ အလုပ်လုပ်ပြီး နားလည် ခွင့်လွှတ်ပေးနိုင်ခဲ့ပေမယ့် ကိုဝင်းတင်ကတော့ စစ်တပ်ကို ခွင့်မလွှတ် ၊ မကျေလည်ဘူးလို့ ပြောဆိုခဲ့တယ်။ အဲဒါကို ကျနော်လည်း သဘောတူတယ်။
၈၈ ကာလတုန်းက စာရေးဆရာသမဂ္ဂဆိုပြီး ထောင်ထားတဲ့ ကျနော်ရယ် ၊ ကိုဝင်းတင်ရယ်၊ မောင်သော်ကတို့က Artist လို့ခေါ်တဲ့ လွတ်လပ်မှုကို ခုံမင်တဲ့ အနုပညာသမားတွေ အဖြစ်နဲ့ စစ်တပ်ကို လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ၃ ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ပါလာအောင် စည်းရုံးခဲ့တာလို့ ပြောကြတယ်။ တကယ်တော့ အဲလိုချည်းလည်း မဟုတ်ဘူး။
၈၈ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်တစောင် ထုတ်လိုက်တယ်။ အဲဒီမှာ ကျနော်ရယ် ၊ ကိုဝင်းတင်ရယ်၊ မောင်သော်ကရယ် ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြတယ်။ အဲဒီမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတခုလုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ကိုဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတခု လုပ်ခဲ့တယ်။ အဲဒီအချိန်က ကိုဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တယောက်နဲ့ တယောက် မသိကြသေးပါဘူး။ အဲဒီကာလက ကိုဝင်းတင် လုပ်ခဲ့တဲ့ အင်တာဗျူးကလည်း တော်တော်ထူးခြားတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာရှိတဲ့ ကျောက်စားပွဲဝိုင်းလေးမှာ ကျနော်တို့ မကြာခဏ တွေ့ဆုံဖြစ်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် နိုင်ငံရေးပါတီတခု ထူထောင်ဖို့ ဆုံးဖြတ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကျနော်နဲ့ ဦးဝင်းတင်နဲ့ကို သူ့အိမ်ကို လာဖို့ ဖိတ်ခေါ်ခဲ့တယ်။
ကျနော်တို့ စိတ်ထဲမှာ ထင်ထားတာက အဲဒီအချိန်မှာ သခင်တင်မြတို့ ၊ ဦးထွေးမြင့်တို့က ဒေါ်စုခြံထဲမှာ နေကြတာ။ အဲလို လူတွေနဲ့ ဒေါ်စု ပါတီထောင်မယ်ပေါ့ ။ အဲဒါနဲ့ ကျနော်တို့က ဘာမှမပြောတော့။ မဟုတ်ဘူးတဲ့ ကျမက ဆရာတို့နဲ့ ပါတီထောင်မှာတဲ့ ။ ဆရာတို့ ဆိုတာ အရေးတော်ပုံကာလမှာ လုပ်ကြတဲ့ လူတွေလို့ ပြောတယ်။
အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ကိုဝင်းတင်ကို ဆရာက ပါတီအတွင်းရေးမှူး လုပ်ရမယ်လို့ ပြောတယ်။ ကိုဝင်းတင်က နိုင်ငံရေး နားမလည်ဘူးဆိုပြီး ငြင်းသေးတယ်။ ဒေါ်စုက အတင်း လုပ်ရမယ်ဆိုလို့ ကိုဝင်းတင်က လက်ခံလိုက်တာ။
နောက်ပိုင်း ပါတီမှာ လူတွေ ရွေးဖို့လည်း ကျနော်တို့ နှစ်ယောက်ကို ခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတယောက်ထည့်မယ်လို့ ပြောပြီး တယောက်ရွေးပေးခဲ့တယ်။ အဲဒါက ကိုဆွေလို့ ခေါ်တဲ့ အခု NDF ပါတီကို ရောက်နေတဲ့ ဦးခင်မောင်ဆွေပဲ။ ကျနော်တို့က ဆရာဝန်တွေ ၊ ရှေ့နေတွေ ၊ အနုပညာရှင်နဲ့ စာပေသမားတွေ အများစုပါတဲ့ လူတွေစာရင်းကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်။
ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို သွားခေါ်ခဲ့တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှု နောက်ကို ကျနော်တို့ လိုက်ခဲ့ကြရတာ ။ အခုလူတွေက ကျနော်ရယ် ၊ ကိုဝင်းတင်ရယ် ၊ ဦးသော်ကတို့က ဒေါ်စုကို နိုင်ငံရေး ထဲပါလာအောင် ဆွဲခေါ်ခဲ့ကြတယ်လို့ ပြောကြတယ်။ တကယ်က ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ထက် စာပိုတတ်တယ်။ သူက နိုင်ငံရေးသမားဗျ။
အဲဒီနောက်ပိုင်းမှာတော့ ကိုဝင်းတင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဝန်းရံပေးခဲ့တယ်။ ၂၀၁၅ ရွှေးကောက်ပွဲအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဝန်းရံပေးမယ်လို့ ကျနော့်ကို ပြောတယ်။ အဲဒီနောက်ပိုင်းတော့ သူမပါတော့ဘူးတဲ့။ အခုတော့ ၂၀၁၅ ထိတောင် မရောက်နိုင်တော့ဘူး။
၁၉၈၉ မှာ ကိုဝင်းတင်ရယ် ၊ ကျနော်နဲ့ မောင်သော်က တို့ကို စစ်ကြောရေးကနေပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်တာ သတိရမိသေးတယ်။
ကျနော်တို့ အဖမ်းခံရတော့ ထောက်လှမ်းရေးက ကျနော်နဲ့ ကိုဝင်းတင်နဲ့ကို ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာတင်ရတာလဲလို့ မေးတယ်။ ခဏခဏမေးတော့ ကျနော်က စိတ်တိုလာတယ်။ အဲဒါနဲ့ ပြောလိုက်တယ်။ ဒီမှာလို့ မောင်မိုးသူ ၊ ကိုဝင်းတင်နဲ့ မောင်သော်ကဆိုတဲ့ စာရေးဆရာ ၃ ကောင်ဟာ သူများကို မပြောနဲ့ တယောက်နဲ့ တယောက်နဲ့တောင် ဆရာမတင်ဘူးလို့ ။ ဒါပေမယ့် နိုင်ငံရေးကိစ္စမှာ ဒီအမျိုးသမီးကို ဆရာတင်ရတာ ကျုပ်တို့ထက် တော်လို့ပဲလို့ ပြောလိုက်တယ်။
အစိုးရကလည်း အဲဒီကာလတွေမှာ ထုတ်ခဲ့တဲ့ စာအုပ်အစိမ်းနဲ့ အနီမှာ ဒေါ်အောင်ဆန်းစုကြည်က အင်မတန် ပါးနပ်ပြီးတော့ တကယ့်လူ ၃ ယောက်ကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ် ဆိုပြီး ရေးတာမျိုးတွေ ရှိတယ်။
တချို့က ဒီလူ ၃ ယောက်က မနူးမနပ် နိုင်ငံရေးပါးမဝသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးတယ်လို့ ဆိုတဲ့ ရေးတာမျိုးတွေလည်း ပါတယ်။
ထောင်ထဲရောက်တော့ ဆရာမောင်သော်ကက ကျနော့်လက်ပေါ်မှာပဲ ဆုံးသွားပါတယ်။
၁၉၉၂ ခုနှစ်မှာ ကျနော် ပြန်လွတ်ခဲ့ပေမယ့် ကိုဝင်းတင်ကတော့ ကျန်ခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာ ကျနော် ထောင်ထဲပြန်ရောက်တော့ ကိုဝင်းတင်က ကျနော့်ကို စောင့်နေတုန်းပဲ။ စစ်အစိုးရက ဘယ်နိုင်ငံရေး အကျဉ်းသားတွေကိုပဲ လွှတ်လွှတ် ၊ ကိုဝင်းတင်ကိုတော့ မလွှတ်ဘူး။
ကိုဝင်းတင်ကလည်း ထောင်ထဲမှာ အလကား အချိန်ကုန်ခံ မနေဘူး။ ကဗျာ ၊ စာပေ မျိုးစုံကို ရတဲ့နည်း ရေးနေတာ။ ကျားရဲလို ကဗျာမျိုးတွေ၊ ဘကြီးပွားနဲ့ ထိပ်တုံး ဘီလူးလို့ခေါ်တဲ့ ပြဇာတ်ရှည်ကြီးတွေ ရေးခဲ့သေးတယ်။
သူရေးတဲ့ ကဗျာ ပြဇတ်ကြီးက အရှည်ကြီး။ လူပေါင်းစုံ အကြောင်းပါတယ်။ အစိုးရအကြောင်း ၊ သူ့အကြောင်း ၊ ကျနော်တို့ အကြောင်း အကုန်ပါတယ်။
ကိုဝင်းတင် ထောင်ကထွက်လာတော့ NLD ပါတီ ခေါင်းဆောင်တချို့က ၂၀၁၀ ရွှေးကောက်ပွဲဝင်ဖို့ ပြင်နေကြတဲ့အချိန်။ အဲဒီမှာ ကိုဝင်းတင်က အဲဒါကို လုံး၀ လက်မခံဘူး။ နေအိမ်အကျယ်ချုပ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကပါ သဘောမတူလို့ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဘူးဆိုတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းထွက်လာတာ။
အဲဒီအချိန်မှာ ကျနော်ရယ်၊ ကိုဝင်းတင်ရယ် လူထုစိန်ဝင်းဆီကို သွားပြီး NLD ကို တွယ်ဖို့ သွားပြောတယ်။ အဲဒီအချိန်ကတည်းက ဆရာ လူထုဦးစိန်ဝင်းက NLD ကို ဝေဖန်တဲ့ ဆောင်းပါးတွေ တောက်လျှောက်ရေးတော့တာပဲ။
အဲဒီနောက်ပိုင်းမှာ ကိုဝင်းတင် ကျန်းမာရေးမကောင်းတာတွေ ကြားရတယ်။
ကျနော်က သူတက်တဲ့ Green Cross ဆေးရုံဆိုတာကို သိပ်သဘောမကျဘူး။ ဒါပေမယ့် သူက ဘာပြောလဲဆိုတော့ နိုင်ငံရေးသမား တော်တော်များများ ဆေးရုံတက်ရင် ဒီမှာတက်တာတဲ့ ။ ငါက ဘာကောင်မို့လို တခြားနေရာ သွားရမှာလဲဆိုပြီး ပြောသေးတယ်။
နောက်ပိုင်း ဝိတိုရိယ ရောက်သွားတယ်။ ဒါပေမယ့် နှလုံးစက်က ဆေးရုံကြီးက ပိုကောင်းတယ်ဆိုပြီး ရန်ကုန်ဆေးရုံကြီး ရောက်သွားတာ။ သူက အူပိတ်တယ်။ နောက် သွေးဝမ်းသွားတယ်။ သွေးဝမ်းရပ်တော့ တော်တော်ကောင်း သွားသေးတယ်။ နောက်ကျ ဆီးမသွားတော့ဘူး။ ပြီးတော့ ကျောက်ကပ် ဖြစ်တယ်။
ကျနော်က သူကျောက်ကပ် ဆေးတာကို သိပ်သဘောမကျဘူး။ ကျနော်တွေ့သလောက်က ကျောက်ကပ်ဆေးတဲ့သူ တော်တော်များများ သေတာချည်းပဲ။
ပထမအကြိမ် ကျောက်ကပ်ဆေးပြီးတဲ့ အချိန်မှာ ဒေါ်စုလည်း ဂျာမနီက ပြန်လာပြီ။ ကျနော်လည်း သွားတော့ ICU အခန်းထဲမှာ ဒေါ်စုနဲ့ ပေါ်ဦး ရှိနေတယ်။ အဲဒီအချိန်မှာ ကိုဝင်းတင်က စကားတွေ ပြောနေတုန်းပဲ ။ ကဗျာတွေ အကြောင်း ပြောတယ်။ ဒေါ်စုကို သူရေးတဲ့ ကဗျာတွေ မှတ်မိရဲ့လားလို့ ပြောတယ်။ ဒေါ်စုကလည်း ဆရာ သိပ်စကားမပြောနဲ့ ကျမ အကုန်မှတ်မိတယ်လို့ ပြန်ပြောတယ်။
နောက် ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လို ဘာညာဆိုပြီး ပြောတယ်။ ဒေါ်စုက ရယ်စရာ ထပြောတယ်။ ဆရာတဲ့ ဖေဖေက ပြောတယ်တဲ့။ မွေးထားတဲ့ သားသမီးတွေထဲမှာ ကျမက အချောဆုံး၊ အတော်ဆုံးလို့ ပြောဖူးတယ်တဲ့။ ကျနော်တို့ ၃ ယောက် အခုလို မပြောခဲ့ဖူးဘူး။ နိုင်ငံရေး ကိစ္စနဲ့ပဲ ပြောခဲ့ကြတာ။
ပြီးတော့ ဒေါ်စုက ဥရောပက ဝယ်လာတဲ့ ချောကလက်တွေ ဦးဝင်းတင်ကို ပေးတယ်။ အဲဒီအချိန်မှာ ဦးဝင်းတင်က မိုးသူကို ကျွေးလိုက်ဦးလေတဲ့။ ဒေါ်စုက ချောကလက်လေးတခု ကျနော့်ကို ပေးတယ်။ တို့အချင်းချင်း နောက်ခွင့်ပြောင်ခွင့်က အဲဒီအချိန်လေးပဲ ရခဲ့တာ။
ဦးဝင်းတင်က လူတိုင်းကို လေးလေးစားစား ဆက်ဆံတယ်။ ပြောင်တာ နောက်တာမရှိသလောက် ရှားတယ်။ ကျနော်နဲ့ တွေ့ရင်တော့ မရဘူး။ ကျနော့်ကို ကဗျာတောင်စပ်ပြီး နောက်သေးတယ်။ ” နုတ်ခမ်းမွှေးနဲ့ ငမိုး မန္တလေးကို ဒိုး” ဆိုတာတောင် ပါသေးတယ်။
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ စာရေးဆရာ၊ ဒါရိုက်တာ ဦးမိုးသူက ကွယ်လွန်သူ ဦးဝင်းတင်အကြောင်း ဧရာဝတီကို ပြန်ပြောင်းပြောဆိုချက်ထဲမှ ကောက်နှုတ်တင်ပြခြင်းဖြစ်သည်။)