တက်ကြွလှုပ်ရှားသူ ဆရာဝန်တွေ၊ ဝိုင်းဝန်းသူ ပြည်သူတွေရဲ့ ကန့်ကွက်သံများ၊ ဖဲကြိုးအနက်ရောင် ဝတ်ဆင်လှုပ်ရှားမှုများ အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာများနဲ့ ပြင်ပမှာ စတင်အပြီးမှာ ဆေးပညာရှင် မဟုတ်တဲ့ တပ်မတော်အရာရှိ တချို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အုပ်ချုပ်ရေး ရာထူးတွေမှာ ထပ်မံပြောင်းရွှေ့ပေးမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း သတင်း ထွက်ခဲ့ပါတယ်။
လက်ရှိ ကျန်းမာရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး စစ်ဆရာဝန် ဗိုလ်မှူးချုပ် သန်းအောင်ရဲ့အစီအစဉ် ဖျက်သိမ်းကြောင်း အလွတ်သဘော ပြောဆိုမှုအပေါ် မူတည်ပြီး နောက်ဆက်တွဲ သတင်းတွေ ဖြစ်လာခဲ့တာပါ။
ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံ ဆရာဝန်အသင်းကို အသိပေးပြောဆိုမှု၊ ဒုအတွင်းဝန် ဦးစိန်ဝင်းရဲ့ စာနယ်ဇင်းဖြေကြားမှု၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းရဲ့ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အေးအောင်၊ အတွင်းရေးမှူး ဒေါက်တာ စောဝင်း အစရှိသူတွေရဲ့ မှတ်ချက်စကား တွေ့ဆုံ မေးမြန်းခန်းတွေလည်း မြန်မာ့ စာနယ်ဇင်း ရေဒီယို၊ ပုံနှိပ် သတင်းဌာန စာမျက်နှာတွေအပေါ် ရောက်လာခဲ့တယ်။
ဝန်ကြီး ဗိုလ်မှူးချုပ် သန်းအောင်ရဲ့ စကားက တရားဝင် စာထုတ်တာမျိုး မဟုတ်သေးသလို လက်ရှိခန့်အပ်ပြီး တပ်မတော် အရာရှိ ၁၄ ဦးရဲ့ ရာထူးများအတွက်လည်း အကျုံးမဝင်ပါဘူး။ ခန့်အပ်ပြီး ကုသရေး ၉ ဦးနဲ့ အုပ်ချုပ်ရေး ၅ ဦး စစ်အရာရှိ တွေကတော့ ကျန်းမာရေးဝန်ကြီးဌာနမှာ ဆက်ရှိနေမယ့် သဘောပါပဲ။
အရင်ကတည်းကလည်း ဆေးပညာ သင်ကြားရေး၊ လက်တွေ့ နှုတ်ဖြေစာမေးပွဲ စစ်ခြင်းနဲ့ ကုသရေးကဏ္ဍတွေမှာ အရပ်ဘက် စစ်ဘက် ဆေးပညာရှင်တွေ ပူးပေါင်း လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ အလားတူပဲ အရပ်သားဆေးပညာရှင် ပါရဂူ ပါမောက္ခများကလည်း စစ် ဆေးတက္ကသိုလ်က ဗိုလ်ဆရာဝန်တွေကို သင်ကြား ပြသပေးတာလည်း ရှိခဲ့တယ်။
ဒါပေမယ့် စစ်အရာရှိကြီးတွေ ဌာနလုံးလုံးပြောင်း တိုက်ရိုက်ခန့် ကုသရေး၊ အုပ်ချုပ်ရေးတွေမှာ ဝင်လာခြင်းမျိုးကတော့ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေသလို၊ အရပ်သား လူငယ် ဆရာဝန်များရဲ့ ရာထူးတက်လမ်းကို ပိတ်ပင် ထိခိုက်စေလို့ ကျယ်ပြန့်တဲ့ ကန့်ကွက်မှုတွေ ပေါ်လာခဲ့ခြင်းပါ။
ဒါမျိုး စစ်တပ်အရာရှိတွေ အရပ်ဘက်အုပ်ချုပ်ရေးမှာ တိုက်ရိုက်ခန့် နေရာယူလာတာ ကျန်းမာရေးဝန်ကြီးဌာန တခုတည်း လည်း မဟုတ်ပါ။
၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးကတည်းက နှစ်ငါးဆယ်ကျော် အရပ်ဘက်အုပ်ချုပ်ရေးဌာနတိုင်းမှာ တတိတိ ဖြစ်နေ ခဲ့တာ ဖြစ်ပြီး ၁၉၈၈ ဒုတိယအကြိမ် စစ်တပ်အာဏာသိမ်းအစိုးရများဖြစ်တဲ့ နဝတ၊ နအဖနဲ့ လက်ရှိ အရပ်သား အမည်ခံ စစ်တပိုင်း အစိုးရခေတ်တွေမှာတော့ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့တာပါ။ စစ်အရာရှိ မရှိတဲ့ ဌာနဆိုတာ မရှိပါဘူး။
ဒါဟာ အရပ်ဘက်အုပ်ချုပ်ရေးမှာ စစ်တပ် သြဇာလွှမ်းမိုး နေရာယူလိုမှု အပြင်မှာ စစ်တပ်အတွင်း ရာထူးလမ်းကြောင်း ပိတ်ဆို့မှုတွေကြောင့် ဖြစ်ခဲ့တာပါ။ ဗိုလ်ချုပ်နေဝင်းရဲ့ မဆလစစ်အစိုးရခေတ်မှာတုန်းက ဗိုလ်ချုပ်နေဝင်း (၁၄ မေ၊ ၁၉၁၀ ဖွား – ၅ ဒီဇင်ဘာ ၂၀၀၂ ဆုံး) က အစ ကာကွယ်ရေးဦးစီးချုပ်တွေနဲ့ ထိပ်ပိုင်းစစ်ဦးစီးမှုးတွေအားလုံး အချိန်တန်ရင် သက် ပြည့်ပင်စင်ယူ စစ်တပ်ခေါင်းဆောင်ဘဝက တရားဝင် ဆင်းပေးခဲ့တဲ့ အစဉ်အလာရှိပါတယ်။ နိုင်ငံ့အာဏာကို မလွတ်တမ်း ဆုပ်ကိုင်ထားတာက တပိုင်းပါ။
အတင်းအကျပ်ရာထူးနားခံရတဲ့ ဗိုလ်ချုပ်သူရတင်ဦး (၃ မတ်၊ ၁၉၂၇ ဖွား၊ အခု NLD နာယက) က လွဲလို့ ကျန်သူအားလုံး စစ်တပ်ရာထူးက သက်ပြည့်၊ ဒါမှမဟုတ် လုပ်သက်ပြည့်ပင်စင်ယူခဲ့ကြပြီး အုပ်ချုပ်ရေးရာထူးဘက် ပြောင်းခဲ့ကြတယ်။
ဒီအစဉ်အလာဟာ ၁၉၈၈ စစ်တပ်ဒုကြိမ် အာဏာသိမ်းအပြီးမှာ ပျက်သွားပါတယ်။ ဗိုလ်ချုပ်သန်းရွှေဟာ စစ်ရာထူးနဲ့ အရပ်ဘက်အုပ်ချုပ်ရေး ရာထူး ထိပ်ဆုံးရောက်ချိန်မှာ အသက် ၆၀ ပြည့်ခါနီးနေပါပြီ။ နောက်ပိုင်း သူတရားဝင် အနားယူ တယ် (ဆိုတဲ့) ၂၀၁၁ အထိ အနှစ် ၂၀ နီးပါးလည်း စစ်ရာထူးကို သက်ကျော်ရယူထားခဲ့ခြင်းပါ။
တခြား နဝတ၊ နအဖ စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးများအားလုံးလည်း အလားတူ သက်ကျော် စစ်ရာထူး ယူခဲ့ကြသူတွေချည်းပါပဲ။
ဆိုချင်တာက စစ်ခေါင်းဆောင်များဟာ ဒီလို စစ်ရာထူးတွေကို ထိပ်ကပိတ် နှစ်များစွာ အသက်ကျော် ယူခဲ့ကြတော့ စစ်တပ် အတွင်းမှာ ရာထူးတက်ရေးတွေ ကျပ်လာခဲ့ပါတယ်။ အာဏာထိုင်ခုံမလှုပ်အောင် လက်အောက်ငယ်သားကို ရာထူးပေး စည်းရုံးရတော့ ဗိုလ်ချုပ်ရာထူးတွေလည်း ပေါလာပါတယ်။
ဒီလိုနဲ့ စစ်ဗိုလ်တွေအချင်းချင်း တိုက်ခိုက်မှုတွေ၊ မကျေနပ်မှုတွေ မဖြစ်ရအောင် စစ်တပ်အတွင်းမှာ အသက်အပိုင်း အခြား တခု (တရားမဝင်) သတ်မှတ်ပြီး အဲဒီအသက် အတွင်း စစ်ရာထူူး ထိပ်ပိုင်းမတက်လှမ်းနိုင်သူ စစ်အရာ ရှိကြီး အားလုံး လိုလိုကို အရပ်ဘက်ဌာနတွေမှာ ရာထူးကြီးကြီးတွေပေး၊ လုပ်ပိုင်ခွင့်တွေ ချပေးရင်း ချွေးသိပ်တဲ့ ဓလေ့ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ပိုမိုကျယ်ပြန့် အခြေတည်လာခဲ့ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်သန်းရွှေဟာ စစ်ရာထူးအာဏာကြီး၊ သြဇာရှိ၊ စစ်တပ်လက်ကိုင်ရှိ နဝတ ရှေးဦးခေတ် စစ်တိုင်းမှူးတွေ အားလုံး သူနဲ့နီးစပ်သူ တိုင်းပြည်ကို ထက်ခြမ်းပိုင်းသိမ်းယူနိုင်တယ် ဆိုပြီး အသံကျယ် တန်ခိုးထွားခဲ့တဲ့ ဗိုလ်ချုပ် ထွန်း ကြည်၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်ကျော်ဘတို့ပါမကျန် အားလုံးလိုလိုကိုလည်း စစ်ရာထူးချချိန်မှာ ပိုက်ဆံရှာလို့ ကောင်း တဲ့ ဝန်ကြီးဌာနတွေကို ပုံအပ်ပေးခဲ့တယ်။ (နောက်ပိုင်း ၁၉၉၇ နဝတဖျက် နအဖ ဖွဲ့ချိန်သူတို့ကို အရေးယူခံရချိန်အထိ။)
အဓိက မြင်စေလိုတာက စစ်အရာရှိရှိကြီးတွေကို အရပ်ဘက်ရာထူးဖန်တီးပေးခြင်းမှာ အုပ်ချုပ်ရေးအပေါ် စစ်တပ်လွှမ်းမိုး လိုမှု၊ စစ်ရာထူးအာဏာလုမှု၊ လမ်းကြောင်းပိတ်ဆို့မှုတွေ ရှင်းမှု၊ လုပ်ပိုင်ခွင့်ပေးလိုမှု စတဲ့ အကြောင်းရင်းခံအမျိုးမျိုးနဲ့ ဆယ်စုနှစ်များစွာ အစီစဉ်တကျ စီမံခဲ့ကြခြင်းကိုပါ။ အရပ်ဘက်က ညွန်ကြားရေးမှူးချုပ် အဆင့် အားလုံးလိုလိုဟာ စစ်ဗိုလ် ထွက်ချည်း ဖြစ်နေတာပဝေသဏီ ကတည်းကပါပဲ။ ဒါကို အရပ်သား ဝန်ထမ်းတွေ၊ အရာရှိတွေ၊ ကျွမ်းကျင်ပညာရှင်တွေ မကျေမနပ် ဖြစ်နေတာလည်း ကြာခဲ့ပါပြီ။
မကျေနပ်တဲ့ အထဲမှာ လက်နက်ကိုင်အဖွွဲ့အစည်းချင်းတူတဲ့ ရဲအဖွဲ့အစည်းတောင် ပါပါတယ်။ ရဲမှူးကြီး ထိပ်ပိုင်း အဆင့် အားလုံးက စစ်တပ်ကလာသူ တိုက်ရိုက်ခန့်ချည်းပါပဲ။ ရဲအရာရှိ ကြယ်တပွင့်က ပြန်တမ်းဝင် အရာရှိ မဟုတ်ပေမယ့် စစ်တပ်က တပွင့်က ပြန်တမ်းဝင်အရာရှိတမ်းဖြစ်ပါတယ်၊ သူက ရဲဌာနကို ရောက်ရင် ရဲမှူး ပြန်တမ်းဝင်တမ်းဖြစ်ပါတယ်။ ဒီလိုနဲ့ ရဲအရေးအရာ ရဲလုပ်ထုံးလုပ်နည်းတွေ လေ့ကျင့်သင်ကြားထားသူများ မဟုတ်တဲ့ စစ်အရာရှိတွေချည်း ရဲအဖွဲ့ အစည်း ခေါင်းဆောင်ပိုင်းနေရာတွေမှာ တွင်ကျယ် နေရာယူနေတာကြာခဲ့ပါပြီ။
အခြား ပညာရပ်ဆိုင်ရာ လုံးလုံး မနီးစပ်တဲ့ အားကစား၊ စည်ပင်၊ အခွန်၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ လဝက၊ ဆောက်လုပ်ရေး၊ ပြည်ကြားရေး၊ စာနယ်ဇင်း အစရှိတဲ့ ဌာနတွေမှာ ဆိုရင် ဒီလို မဆီမဆိုင် မအပ်မရာ ရာထူးဝင်ယူနေမှုတွေဟာ တိုင်းပြည် အမွဲထိပ်ခေါင်ဖြစ်နေခြင်းရဲ့အကြောင်းတချက်လည်း ဖြစ်ပါတယ်။
နောက်ဆုံး ပညာရေးနဲ့ အခု ကျန်းမာရေးမကျန် စစ်ဝတ်စုံများ အော်တိုငုတ်တုတ် အရှင်မွေး နေ့ချင်းကြီး ချက်ချင်း ရောက် လာ ရာထူးယူ နယ်ချဲ့လာခဲ့ခြင်းပါပဲ။
ဒီလိုနဲ့ “ဝဲသာ”မကောင်းရင် ဒါဇင်လိုက် ဝယ်ထားပေါ့ကွာ’ ဆိုတဲ့ သူတွေချည်း တိုင်းပြည်ရဲ့ကဏ္ဍတိုင်းမှာ နှစ်ရှည်ကြီးစိုးခဲ့ တယ်။ စစ်ဗိုလ်ဝန်ကြီး၊ ဝန်ကလေး ဌာနတိုင်းမှာ တွင်ကျယ်မှုကြောင့် စစ်တပ်အသုံးအနှုန်း ‘အဘ’ ဟာ တိုင်းပြည် နေရာ တိုင်းမှာ တွင်ကျယ်ခဲ့တယ်။ “အဘတ” “အဘမ”ရောဂါ နေရာတိုင်းကို ကူးစက်ခဲ့တယ်။ ဌာနတိုင်းရဲ့ လူကြီးခရီးစဉ်နဲ့ အစည်းအဝေးတွေမှာ မျက်နှာလိုမျက်နှာရ လူကြီးအမြင်တော်အောင် ဟန်ဆောင် မှတ်ရတဲ့ စာအုပ်ငယ်ကို “ဟုတ်ကဲ့ အဘ စာအုပ်” လို့ ခေါ်တယ်။
ပညာရပ်ဆိုင်ရာ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ မှန်ကန်မှု ရှိ၊ မရှိ အထွန့်မတက်နိုင်၊ ပြန်လည် မတင်ပြနိုင်ဘဲ စစ်တပ်ထုံး “တသွေး၊ တသံ၊ တမိန့်”၊ “ရေဘူးပေါက်တာ မလိုချင်၊ ရေပါတာပဲ လိုချင်တယ်” ဇွတ်တင်းဆိုတတ်တဲ့ အမိန့်ပေး အုပ် ချုပ်မှု၊ အထက်-အောက် နင်ပဲငဆ ဆဲဆိုကြိမ်းမောင်း လူမဆန် နိုင့်ထက်စီးနင်း ခိုင်းစေမှု ဓလေ့တွေဟာ စစ်ဗိုလ်ထွက် လူကြီးပြောသမျှကို “ဟုတ်ကဲ့ အဘ’”လိုက်ရတဲ့ အကျင့်ဆိုးနဲ့ အတူ တိုင်းပြည်မှာ ဆယ်စုနှစ်များစွာ အမြစ်တွယ် လာခဲ့ တယ်။ ပြည်သူ့ဝန်ဆောင်တဲ့ ကဏ္ဍတိုင်းမှာ ကမောက်ကမနဲ့ အရည်အချင်းမမီဖြစ်လာတယ်။
ကြီးနိုင်၊ငယ်ညှဉ်း ဆက်ဆံလိုမှု၊ လူလူချင်းစာနာ ထောက်ထားမှုမရှိမှု၊အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက် လာဘ်စားမှု ၊အကျင့်စာရိတ္တယိုယွင်း ခြစားမှု အစုစုနဲ့ လူ့ကျင့်ဝတ်မညီ၊လူ့သိက္ခာမရှိ၊ လူတဦးချင်းရဲ့အခွင့်အရေး၊တန်ဖိုးကို အလေး မထားတဲ့အုပ်ချုပ်မှု ပုံစံစနစ်ဟာ အစိုးရ အဆောက်အဦယန္တရားမှာ အခြေအထိ လှိုက်စား တည်တံ့ရှင်သန်နေတော့တယ်။
အခု အထိုက်အလျောက် လွတ်လပ်ပွင့်လင်း ဝေဖန်ခွင့်သာလာတဲ့ စစ်တပိုင်းအစိုးရခေတ်မို့ လက်တလော ရာထူးပြောင်း ရွှေ့ခံအပ်မှုဟာ ကန့်ကွက်သံတွေညံ၊ ရပ်ဆိုင်းမှုတွေ ဖြစ်ခဲ့တာပါ။ ၁၉၈၈နောက်ပိုင်း ကျန်းမာရေးဝန်ကြီး စာရင်းကိုကြည့် ပါ။ အများစုက ဆရာဝန်ဆိုတဲ့ ဆက်စပ်တဲ့ ပညာရှင်မျိုးတောင် မဟုတ်ကြပါဘူး။
၁၉၉၇ ဒုတိယအကြိမ် စစ်ခေါင်းဆောင်တွေ အာဏာလုပွဲအပြီး ဗိုလ်ချုပ်သန်းရွှေ ပြန်ဖွဲ့တဲ့ နအဖ စစ်ကောင်စီ အဖွဲ့ဝင်၊ အင်မတန် ခက်ထန်သူ အဖြစ် နာမည်ကျော်ခဲ့တဲ့ ဗိုလ်ချုပ်ကက်စိန်ဆိုရင် နာမည်ဆိုးနဲ့ကျော်ကြားခဲ့သူ ကျန်းမာရေးဝန်ကြီး ပါ။ သူကျန်းမာရေးဝန်ကြီးလုပ်စဉ်တလျှောက်လုံး မောက်မာတဲ့ သူ့အပြောအဆိုတွေအကြောင်း ဆေးလောကသားများ အကြား လူပြောများခဲ့ပါတယ်။
အဓိကဆိုချင်တာက ကျန်းမာရေးဝန်ကြီးဌာနမှာ စစ်အရာရှိတွေ အုပ်ချုပ်တာ အခု လက်မခံ ကန့်ကွက်နေကြပေမယ့် အစဉ်အဆက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ အမျိုးသားကျန်းမာရေးဆိုင်ရာ မူဝါဒတွေကို စိတ်ကြိုက်ဖန်တီး ရေးဆွဲ၊ထင်တိုင်း အုပ်ချုပ်ခဲ့တာ စစ်ဗိုလ်ချုပ်တွေချည်းပါပဲ။ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့်ဆိုတာ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုး တိုး တက်ရေးနိုင်ငံတော်အဆင့်ခေါင်းဆောင် ရာထူးကို ဆယ်စုနှစ်ကျော် ယူခဲ့သူပါ။
၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က မျက်မှောက် တိုင်းပြည်နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်နဲ့ စတုတ္ထမဏ္ဍိုင်ဆိုကြတဲ့ စာနယ်ဇင်းမကျန်ဟာလည်း စစ်ဗိုလ်ချုပ်ကြီးတွေသာ ကြီးစိုးရာ ဖြစ်ပါတယ်။ ဥပဒေပြု လွှတ်တော်မှာလည်း မရွေးမကောက် စစ်ဗိုလ်အမတ် မိုးကျရွှေကိုယ် တမတ်သား ၂၅ ရာခိုင်နှုန်း နေရာယူထားတယ်။
စစ်ခေါင်းဆောင်တယောက်တည်းက စစ်ဗိုလ်အမတ်၁၆၆ဦးနဲ့အရေးပါတဲ့ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး ဝန်ကြီး ဌာနဝန်ကြီး၊ ဒုဝန်ကြီးများကိုစိတ်ကြိုက်ခန့်နိုင်၊ ဖြုတ်နိုင်၊ ပြောင်းလဲနိုင်တယ်။ နိုင်ငံတော်သမ္မတအထက်မှာလည်း တပ်မတော် ခေါင်းဆောင်ဘက်က မဲ အရေအတွက်များ အသာရ ကြီးစိုးနိုင်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေး အဖွဲ့ရှိ နေတယ်။ ဒီအနေအထားဟာ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအလွန်မှာလည်း နဂို ဖွဲ့စည်းပုံ ချည်ပြီး တုပ်ပြီးလုပ်ထားမှု ကြောင့် ကြီးကြီးမားမား ပြောင်းလဲဖို့ မရှိပါ။
ဆိုတော့ တိုင်းပြည်ဟာ အတိတ်နဲ့ ပစ္စုပ္ပန်မှာ စစ်ဗိုလ်ချုပ်များ ထင်တိုင်းကြဲ အုပ်ချုပ်ခွင့်သာခဲ့၊ သာနေသလို အနာဂတ်မှာ လည်း ထူးမခြားနားဘဲ ဖြစ်နေဦးမယ့် အနေအထားပါ။ ဒီအခြေအနေဟာ ဘယ်လိုမှ လက်သင့်ခံဖွယ်မရှိဆိုတာကို ခါးသီး တဲ့ သမိုင်းနဲ့မျက်မှောက် ပကတိ လူစဉ်မမီတဲ့ တိုင်းပြည်က သက်သေပြပြီးဖြစ်ပါတယ်။
အခု ဆရာဝန်တွေရဲ့ ဖဲကြိုးအနက်လူပ်ရှားမှု အထိုက်အလျောက် အောင်မြင်မှုရ၊ စစ်ဗိုလ်အဘများ ထင်တိုင်းကြဲမှုကို ကာကွယ်နိုင်ခဲ့သလို တနိုင်လုံးရဲ့ ကဏ္ဍအသီးသီးမှာ စစ်ဗိုလ်အဘများ မတရားနေရာယူလွှမ်းမိုးခွင့်သာနေတဲ့ စစ်ဝါဒ လွှမ်း မိုးရေး ၂၀၀၈ ဖွဲ့စည်းပုံစနစ်ကိုလည်း ဖဲကြိုးအနက်များ တပြည်လုံးချိတ်ဆွဲ တန်ပြန်ကြဖို့ အချိန်ရောက်နေပါပြီ။
နေရာတိုင်းမှာ မဖြစ်မနေ “ဟုတ်ကဲ့ အဘ”လိုက်နေရတဲ့ စနစ်ဆိုးကြီးကို ဖုတ်ကြည်းသင်္ဂြိုဟ် မြေမြှုပ်သင့်ပြီ ဖြစ်ကြောင်း ဆွေးနွေးတင်ပြလိုက်ကြောင်းပါ။
ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေအာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ [email protected] သို့ ဆက်သွယ်နိုင်သည်။