ပဏ္ဍိတ ဖွံ့ဖြိုးရေး အင်စတီကျု၏ ဖိတ်ကြားချက်အရ ခရိုအေးရှား နိုင်ငံသားတဦးဖြစ်သူ Mr.Vladimir Pran က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံရှိ လူထုအခြေပြု အဖွဲ့အစည်းများ CSOs များကို ၎င်း၏ နိုင်ငံတကာ အတွေ့အကြုံများအား မျှဝေပို့ချခဲ့သည်။ Mr.Vladimir Pran သည် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ အတွေ့အကြုံရှိသည့် ပညာရှင်တဦး ဖြစ်ပြီး ဇာဂရက် တက္ကသိုလ် (Zagreb University) မှ မဟာဝိဇ္ဇာဘွဲ့ (နိုင်ငံရေးသိပ္ပံ) ရရှိခဲ့သည်။ ၎င်းသည် ရွေးကောက်ပွဲ စောင့်ကြည့်ရေး၊ ဒီမိုကရေစီရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများတွင် အနှစ်၂၀ ခန့် တာဝန် ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံရှိသူ တဦးလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် CSOs ၏ အခန်းကဏ္ဍ၊ ပါဝင်ရမည့် အဖွဲ့အစည်းများ၊ ရှိရမည့် အရည်အချင်း၊ စံနှုန်း သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ဇူးဇူးက Mr.Vladimir Pran နှင့် တွေ့ဆုံမေးမြန်းထားချက်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။
မေး။ ။ ရွေးကောက်ပွဲတွေမှာ လူထုအခြေပြု အဖွဲ့အစည်းများ (CSOs) တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါသလဲ။
ဖြေ။ ။ ရွေးကောက်ပွဲတွေကို CSOs တွေက စောင့်ကြည့်ပြီး အစီရင်ခံစာတွေ ထုတ်ပြီးတော့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ရှိ၊ မရှိ စောင့်ကြည့်တဲ့ အခန်းကဏ္ဍမှာလည်း ပါဝင်နိုင်တယ်။ မဲပေးကြမယ့် ပြည်သူတွေကိုလည်း မဲဆန္ဒရှင် ပညာပေးရေး (Voter Education) တွေမှာလည်း CSOs တွေက ရွေးကောက်ပွဲဆိုင်ရာ အသိပညာတွေ ရအောင် လုပ်ပေးနိုင်တဲ့အတွက် သူတို့ကဏ္ဍက တော်တော်လေး အရေးပါပါတယ်။
မေး။ ။ ရွေးကောက်ပွဲတွေမှာ ပါဝင်မယ့် CSOs တွေ အနေနဲ့ အဓိက ဘယ်လို အရည်အချင်းမျိုးတွေ ရှိထားသင့်ပါလဲ။
ဖြေ။ ။ သူတို့ အနေနဲ့ ပထမဆုံး နိုင်ငံတကာက ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ စံနှုန်းတွေ၊ သတ်မှတ်ချက်တွေ ဘာတွေ ရှိလဲဆိုတာ သိဖု့ိလိုတယ်။ အဲဒါတွေ အပေါ်မှာ အခြေခံပြီးတော့မှ ကိုယ့်တိုင်းပြည်မှာဆိုရင် ဘယ်လိုပုံစံလေးတွေ ကျင့်သုံးလို့ရမယ် ဆိုတာတွေကို ချိန်ထိုးပြီး CSOs တွေက စောင့်ကြည့် ပေးရမယ်။
CSOs တွေ အနေနဲ့က ဒီမိုကရေစီ ကူးပြောင်းရေး လမ်းစဉ်မှာ တဖက်တလမ်းကနေ ပါဝင်မြှင့်တင် ပေးနေတဲ့သူတွေ ဖြစ်တာကြောင့် သူတို့ကိုယ်တိုင် ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ နည်းလမ်းတွေ၊ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ဘာသာကိုယ် ပညာဆည်းပူးထားဖို့ လိုမယ်၊ သိအောင်တတ်အောင် လုပ်ထားဖို့လည်း လိုမယ်။
နောက်တချက်က ပါတီစွဲ ကင်းရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ နိုင်ငံရေးပါတီ တခုအပေါ်မှာ ပံ့ပိုးချင်တယ်ဆိုရင် ဒီရွေးကောက်ပွဲမှာ ပါစရာ မလိုဘူး။ အဲဒီ ပါတီသွားပြီး ပါတီရဲ့လှုပ်ရှားမှုတွေမှာ ဝင်ရောက် လှုပ်ရှားလို့ရတဲ့ အခွင့်အရေးတွေ ရှိတယ်။ သူတို့ဟာ ပါတီစွဲကင်းမှသာ ဒီရွေးကောက်ပွဲ ဖြစ်စဉ်မှာ CSOs အနေနဲ့ ပါဝင်သင့်တယ်။
နောက်တခုက သူတို့ဟာ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ အစိုးရကိုပဲ ပွင့်လင်းမြင်သာဖို့ ပြောနေတာ မဟုတ်ဘဲနဲ့ သူတို့ကိုယ်တိုင်လည်း ပွင့်လင်းမြင်သာဖို့ လိုတယ်။ သူတို့ရဲ့ အစီရင်ခံစာ တင်တာတွေ၊ ထောက်ပြတာတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက်ပြီး မလုပ်ရဘူး။ အားလုံး ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ တင်ပြရမယ်၊ ထောက်ပြရမယ်။ ပြီးတော့ သူတို့အဖွဲ့အစည်း အတွင်းထဲမှာ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုတယ်။ ငွေရေးကြေးရေးက အစ တခြားထောက်ပံ့ရေး ပစ္စည်းတွေ ပြည့်ပြည့်စုံစုံ ရှိရမယ်။
မေး။ ။ မြန်မာနိုင်ငံက CSOs တွေဟာ စစ်အစိုးရကို ဆန့်ကျင်နေကြတဲ့ တက်ကြွ လှုပ်ရှားသူတွေ များတာကြောင့် ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ဘက်လိုက်မှုကင်းတဲ့ သူတွေ ဖြစ်နိုင်ပါ့မလား။
ဖြေ။ ။ အရင်ခေတ်က စစ်အစိုးရကို ဆန့်ကျင်ခဲ့တာပေါ့။ အဲဒီ Background ရှိခဲ့တယ် ဆိုပေမယ့်လည်း သူတို့ လိုချင်တာက ဘာလဲ။ ဒီမိုကရေစီ နိုင်ငံတခု လိုချင်တယ် ဆိုရင်တော့ အခု လောလောဆယ် သူတို့လုပ်နေတဲ့ အလုပ်က ပါတီစွဲကင်းပြီး လုပ်ရမယ်။ ဒီလိုမှ သူတို့အနေနဲ့ မစွန့်လွှတ်နိုင်ဘဲနဲ့ ပါတီအတွက် လုပ်နေတာမျိုးတော့ မဖြစ်သင့်ဘူး။
ကျနော့် အတွေ့အကြုံနဲ့ ပြောရမယ်ဆိုရင် ကျနော်ဟာလည်း နိုင်ငံရေး ပါတီတခုမှာ ၅ နှစ် လုပ်ခဲ့ဖူးတယ်။ အဲဒီကနေ ထွက်ပြီး NGO မှာ ဝင်ပြီး ရွေးကောက်ပွဲ လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်ခဲ့တယ်။ နိုင်ငံရေးပါတီမှာ လုပ်ခဲ့တာတွေ အားလုံးကို ယူမလာဘူး။ ခုလောလောဆယ် ဒီမှာ ပါတီစွဲ ကင်းကင်းနဲ့ လုပ်တယ်။
အဓိကက ဒီမှာလုပ်ပေးနေတာ အားလုံးက လူတွေအနေနဲ့ ဒီမိုကရေစီ နည်းလမ်းတွေဟာ ဘာတွေလဲ၊ ဒီမိုကရေစီ အလေ့အကျင့်ဆိုတာ ဘာတွေလဲ၊ အဲဒါတွေ အသိပညာ ပေးတယ်။ ရွေးကောက်ပွဲမှာ ဆိုရင်လည်း လူတိုင်း လူတိုင်းဟာ မဲပေးခွင့် ရှိရမယ်၊ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ဖို့ စာရင်းသွင်းခွင့် ရှိရမယ် ဆိုတာတွေကို ပါတီစွဲ ကင်းကင်းနဲ့ လုပ်နေတာ၊ အသိပညာ ပေးနေတာပါပဲ။
အကယ်၍ ဒီက အဖွဲ့ဝင်တွေက ပါတီစွဲ တခုခုနဲ့ ဘက်လိုက်တယ် ဆိုရင်တော့ လူတွေက စောင့်ကြည့်နေတာပေါ့။ ဒီအဖွဲ့ကတော့ အလယ်ကနေရမှာကို ဟိုဘက်က လိုက်တယ်လို့ မြင်သွားရင် သူတို့ လုပ်ငန်းစဉ် မအောင်မြင်ဘူး ဆိုရမယ်။
မေး။ ။ ရွေးကောက်ပွဲမှာ CSOs တွေ တရားဝင် လေ့လာ စောင့်ကြည့်နိုင်ဖု့ိ အတွက် ဘာတွေ လိုအပ်ပါလဲ။
ဖြေ။ ။ လောလောဆယ်တော့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဥပဒေမှာက စောင့်ကြည့်တဲ့ သူတွေအတွက် ဘာဥပဒေမှ မရှိသေးပါဘူး။ လောလောဆယ် လိုအပ်ချက်အရ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဒီရွေးကောက်ပွဲမှာ စောင့်ကြည့်တဲ့သူတွေ ပါဝင်ဖို့အတွက် ဥပဒေတွေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းပေးဖို့တော့ လိုအပ်နေပါတယ်။ ပါဝင်မယ့် CSOs တွေကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က အသိအမှတ်ပြု ပေးထားဖို့ လိုတယ်။
ရွေးကောက်ပွဲကို စောင့်ကြည့်တဲ့ စနစ်မှာဆိုရင် တာဝန်များစွာ ရှိတာက ရွေးကောက်ပွဲ ကော်မရှင်ပေါ့။ ဥပဒေ ပြုတာကအစ အများကြီး တာဝန်ရှိပါတယ်။ နိုင်ငံတကာကနေ လာရောက် စောင့်ကြည့်မယ့်သူတွေကိုတော့ အစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့သာလျှင် လာလို့ ရပါတယ်။ အစိုးရက မဖိတ်ဘူးဆိုရင် လာလို့ မရပါဘူးပေါ့။
မေး။ ။ နိုင်ငံတကာမှာရော ရွေးကောက်ပွဲမှာ ပါဝင်မယ့် CSOs တွေကို ဘယ်လို အသိအမှတ် ပြုပေးထားပါလဲ။
ဖြေ။ ။ များသောအားဖြင့် ပါဝင်မယ့် CSOs တွေက သွားလျှောက်ရတာပေါ့။ ပုံစံက အမျိုးမျိုး ရှိတယ်။ ဥပမာ – ခရိုအေးရှားမှာတော့ စောင့်ကြည့်ဖို့ ပါဝင်လိုတဲ့ CSOs တွေက သွားလျှောက် ရတာပေါ့။ တချက်ပဲ။ လာလျှောက်တဲ့ CSOs တွေဟာ နိုင်ငံရေးပါတီ တခုခုနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုရင် မပေးဘူး။ အဲဒါကလွဲလို့ တခြားအချက်တွေ သိပ်ပြီး မကြည့်ဘူး။ နိုင်ငံရေး ပါတီတွေနဲ့ ဆက်နွယ်မှု မရှိတဲ့ CSOs တွေကို Observer အနေနဲ့ အသိအမှတ်ပြုလွှာ ပေးပါတယ်။ ဘယ်အဖွဲ့အစည်းမဆို လျှောက်လွှာတင်လို့ ရပါတယ်။
မေး။ ။ နိုင်ငံတကာက CSOs တွေဟာ ရွေးကောက်ပွဲမှာ အဓိကအားဖြင့် ဘယ်လိုနေရာတွေမှာ ပါဝင်ကြပါလဲ။
ဖြေ။ ။ ရွေးကောက်ပွဲ စောင့်ကြည့်ရာမှာ အဓိက ပါဝင်ကြတယ်။ နောက်တခုက Voter Mobilization လို့ခေါ်တဲ့ မဲဆန္ဒပေးမယ့် ပြည်သူတရပ်လုံး အရွေ့ရှိလာအောင်၊ မဲပေးဖို့ ဆန္ဒတွေ ဖြစ်လာအောင်၊ ဘယ်သူ့ကို ပေးရမယ်ဆိုတဲ့ အသိတွေ ရှိလာအောင်၊ မဲရုံကိုသွားပြီး မဲပေးချင်တဲ့စိတ် ဖြစ်လာအောင် မဲဆန္ဒရှင်တွေကို ဆော်သြပေး ရတာပေါ့နော်။ မဲရုံကိုလာဖို့ အခက်အခဲ ရှိသူတွေကိုလည်း ရအောင် ပို့ပေးတယ်၊ ဘယ်လို မဲပေးရမယ်ဆိုတာ မသိတဲ့သူတွေကို မဲပေးပုံ ပေးနည်းလေးတွေ ဒါတွေကို Voter Education ပေါ့။ အဲဒီကဏ္ဍတွေမှာ ပါဝင်ကြပါတယ်။
မေး။ ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖိို့ ဘာတွေ လိုအပ်ပါလဲ။
ဖြေ။ ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အချက် ၁၆ ချက် ရှိတယ်။ အဲဒီထဲကမှ အားလုံး ပါဝင်ခွင့် ရတာတို့၊ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ရှိတာတို့၊ တရားဥပဒေ စိုးမိုးမှု ရှိတာတို့ ဒါလေးတွေက အခြေခံ မူလေးတွေပေါ့။ ဒါတွေက နိုင်ငံတကာ အားလုံးက စုပေါင်းပြီး ယေဘုယျ သဘောတူထားတဲ့ မူတွေပဲ။ ဒါတွေလုပ်ဖို့ လိုတာပေါ့။
မေး။ ။ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရ ရွေးကောက်ပွဲမှာ ပါဝင်မယ့် မြန်မာနိုင်ငံက CSOs တွေကို ဘာများ အကြံဉာဏ် ပေးချင်ပါလဲ။
ဖြေ။ ။ ပထမဆုံး အချက်က CSOs တွေအနေနဲ့ ကိုယ့်ဘာသာကိုယ် ဝမ်းစာပြည့်အောင် ဖြည့်ပါ။ နိုင်ငံတကာ စံတွေကို သိထားအောင် လုပ်ဖို့ လိုပါတယ်။ ဒုတိယ အချက်က ပါတီစွဲကင်းဖို့ လိုပါတယ်။ ဒီရွေးကောက်ပွဲကြီးဟာ အများက အသိအမှတ်ပြုတဲ့၊ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုတာ CSOs တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့အတွက် ပါတီစွဲကင်းမှသာ အများက လက်ခံနိုင်မှာပါ။
မေး။ ။ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပေါ်ရော ဘယ်လို မြင်ပါလဲ။
ဖြေ။ ။ ပြောဖို့ စောပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲအတွက် လုပ်ဖို့ အဆင့်တွေက အများကြီး ရှိပါသေးတယ်။ ဥပမာ- မဲဆန္ဒရှင် စာရင်း ပြုစုတာ ဆိုရင်လည်း မပြီးသေးဘူး။ အရေးကြီးဆုံး အချက်။ နောက်တခုက Observer တွေ အတွက်လည်း ဥပဒေတွေ၊ နည်းဥပဒေတွေ မရှိသေးဘူး။ အဲဒါတွေ လုပ်စရာ ရှိနေသေးတဲ့အတွက် အခုချိန်ကတော့ ပြောဖို့ စောပါသေးတယ်။ ဒါပေမယ့် အချိန်တနှစ် အတွင်းမှာတော့လုပ်နိုင်မယ်လို့ ထင်ပါတယ်။ free and fair ဖြစ်လိမ့်မယ်လို့လည်း ယူဆပါတယ်။
နောက်ပြီး ပြောချင်တာ တခုက လူတွေ မေ့နေတဲ့ အချက်လေးပေါ့။ မဲဆန္ဒရှင်စာရင်း ပြုစုတာပါ။ ဒါကို လူတိုင်းက သိပ်အရေးမကြီးဘူးလို့ ထင်နေကြတယ်။ အဲဒါ အရေးကြီးဆုံးပါပဲ။ လောလောဆယ် ရွေးကောက်ပွဲ ကော်မရှင်က ဒါကို လုပ်နေတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ပြုလုပ်နေတဲ့ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းမှာ CSOs တွေအနေနဲ့က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါရလိမ့်မယ်။ ပိုမိုပြည့်စုံတဲ့ မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ဖို့ပေါ့။