တနင်္သာရီတိုင်းဒေသကြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်သည် မတ်လ ၂၈ရက်နေ့တွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် အဆိုပြုတင်သွင်းခံခဲ့ရပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်တဦး ဖြစ်လာသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်လက်ထက်တွင် အစိုးရအဖွဲ့ဝင်များထဲ၌ အမျိုးသမီးပါဝင်မှု နည်းပါးခဲ့သည်။ တိုင်းနှင့် ပြည်နယ် လွှတ်တော် အစည်းအဝေးများတွင် ဝန်ကြီးချုပ်အသစ် ခန့်အပ်မှုများကို ပြုလုပ်ခဲ့ပြီး ထိုခန့်အပ်ခံရသည့် ဝန်ကြီးချုပ် ၁၄ဦးထဲတွင် ကရင်ပြည်နယ်မှ ဒေါ်နန်းခင်ထွေးမြင့် နှင့် ဒေါ်လဲ့လဲ့မော် အမျိုးသမီးနှစ်ဦးသာ ပါဝင်ခဲ့သည်။
ဒေါက်တာ ဒေါ်လဲ့လဲ့မော်သည် ၂၀၁၂ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်း မဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက် ရွေးချယ်ခံခဲ့သည်။ အသက် ၅၁နှစ်အရွယ် ဒေါ်လဲ့လဲ့မော်သည် ကရင်-မြန်မာလူမျိုး၊ ခရစ်ယာန် ဘာသာဝင်တဦးဖြစ်ပြီး အနှစ်၂၀ ကျော် ကိုယ်ပိုင်ဆေးကုခန်း ဖွင့်ခဲ့ပြီး ဒေသတွင်း ကျေးရွာတချို့တွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုဆီမှ တာဝန်လွှဲပြောင်း ရယူထားသော ဒေါက်တာ ဒေါ်လဲ့လဲ့မော် ကို လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည့်နေ့တွင် ဧရာဝတီ သတင်းထောက် စမ်းယမင်းအောင်မှ ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ တနင်္သာရီတိုင်း ဝန်ကြီးချုပ်တယောက်ဖြစ်လာပြီဆိုတော့ နောက်ပိုင်းမှာ ဘာတွေကို အဓိက လုပ်သွားမလဲရှင့်။
ဖြေ။ ။ ဒီမှာက မြေဧရိယာတွေအများကြီးရှိပေမယ့် ပြည်မနဲ့ အလှမ်းဝေးတော့ စိုက်ပျိုးရေးလုပ်ငန်းတွေက သိပ်မဖွံ့ဖြိုး မတိုးတက်သေးဘူး။ မြေယာပြဿနာတွေကို အရင်ဆုံးဖြေရှင်းပေးဖို့ လိုအပ်တယ်။ အစိုးရပိုင်းက သိမ်းတဲ့ပြဿနာရော၊ ဦးပိုင်ကသိမ်းတဲ့ ပြဿနာရော၊ ကိုယ်အချင်းချင်းလုပ်တဲ့ပြဿနာတွေရော။ နောက်ပြီးတော့ လယ်ယာမြေတွေကိုလည်း အခြားနည်း နဲ့ အသုံးပြုခွင့် မလျှောက်ဘဲ ဓါတ်ဆီဆိုင်ဖွင့်တာတို့ အခြားစီးပွားရေး လုပ်ငန်းလုပ်တာ အများကြီးပါ။ အဲ့ဒါတွေကို ပထမဆုံးပဲ ဖြေရှင်းရမှာပါ။
ဒုတိယကတော့ တရားဥပဒေ စိုးမိုးရေး။ ဒါကတော့ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ လိုအပ်နေတာပါပဲ။ အစစအရာရာ အဘက်ဘက်မှာ တရားဥပဒေ စိုးမိုးရေးကို အရင်ဆုံးလုပ်ရမယ် ထင်ပါတယ်။
နောက် ထားဝယ်ရေနက်ဆိပ်ကမ်းမှာလည်း ရင်းနှီးမြုပ်နှံမှုကို ပြန်စိစစ်ဖို့ လိုနေတယ်။ ဘာလို့လဲဆိုတော့ ဒါကြီးက တနင်္သာရီတိုင်း မြေဧကပေါင်းများစွာ ပါဝင်နေတာဖြစ်တဲ့အတွက် တနသာၤရီတိုင်းသားတွေကို ဘာမှ အကျိုးမပြုဘူးဆိုရင် လက်ခံစရာအကြောင်း မရှိဘူး။ ပြီးတော့ ကျမတို့ လေ့လာမိသလောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်လည်း မရှိဘူး။
မေး။ ။ ဒေသခံ အမျိုးသမီးတွေ အတွက် ရော ဘာအစီအစဉ်တွေ ရှိမလဲ။ သူတို့အတွက် အဓိက လိုအပ်နေတာက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ဒီမှာက အမျိုးသမီးတွေက စာသင်ကြားမှုနည်းတယ်။ border area ဖြစ်တဲ့အခါကျတော့ ထိုင်းမှာ သွားလုပ်စားဖို့ သူတို့က ပိုပြီးတော့ စိတ်အားထက်သန်တယ်။ စာကို ကြိုးကြိုးစားစား မသင်ချင်ဘူး။ ပညာရေးမှာက နိမ့်ကျတယ်။ နိမ့်ကျတော့ အစစအရာရာ လူရာမဝင်တဲ့ သဘောမျိုးဖြစ်တယ်။ အမျိုးသမီးတွေရဲ့ ဘဝကိုတော့ ပျိုးထောင်နေပါတယ်။ ပညာရေးကွန်ယက်လိုမျိုး။ စည်းရုံးရေးတွေ သွားတဲ့အခါမှာလည်း အမျိုးသမီးတွေက တန်းတူအခွင့်အရေး ရှိတဲ့အကြောင်း ပြောဖြစ်တယ်။ ဒါပေမယ့် သီးသန့်တော့ အမျိုးသမီး သင်တန်းကျောင်းလိုမျိုး မလုပ်ဖြစ်ပါဘူး။
အစ်မတို့ဒေသမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှသာ ရွှေ့ပြောင်းလုပ်သားတွေက ပြန်လာမှာလေ။ မဟုတ်ရင် ပြန်လာမှာ မဟုတ်ဘူး။ ဟိုမှာ အဆင်ပြေနေတာကိုး။ သူတို့ကို ဘယ်လောက်ပဲနှိမ်နှိမ် သူတို့ကတော့ ကျေးဇူးတင်နေတယ်။ တဒင်္ဂတော့ အဆင်ပြေနေတာကိုး၊ ရေရှည်အတွက်ကတော့ မကောင်းဘူးလေ။ သူများနိုင်ငံမှာ အလုပ်လုပ်စားရတာ။
ဒီမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရင်တော့ အစ်မတို့ရဲ့ သားသမီးတွေတော့ ပြန်လာမယ်လို့ မျှော်မှန်းရတာပဲ။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းတွေအဆင်ပြေမှ သူတို့က ပြန်လာမှာလေ။
မေး။ ။ အမျိုးသမီးဝန်ကြီး တယောက်အနေနဲ့ အရင်လက်ထက် ကလူတွေထက် ဘယ်လိုမျိုး ပိုပြီး ကောင်းမွန်အောင်လုပ်နိုင်မလဲ။ ဘာခြားနားမယ်လို့ထင်လဲ။
ဖြေ။ ။ အမျိုးသမီး တန်းတူညီမျှရေး ဦးစားပေးပြီး လုပ်ရမှာပေါ့။ နောက်ပြီးတော့ အစ်မတို့ အမျိုးသမီးတွေ ပညာတတ်ဖို့ ပညာရေးကို ပိုပြီးတော့ တိုးမြှင့်ဖို့ ဆောင်ရွက်ရမှာပေါ့နော်။ ပြီးတော့ ဆရာဝန်ဆိုတော့ ကျန်းမာရေးပေါ့။ အဲ့အပိုင်းတွေကို ပိုပြီးတော့ လုပ်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ မိခင်နဲ့ကလေး စောင့်ရှောက်ရေးတို့။ ရောဂါတွေ ကာကွယ်ရေးတို့ပေါ့။ အစ်မ တို့ နိုင်ငံမှာက လောလောဆယ်က ဆေးရုံတွေပဲ ဆောက်မယ်။ ဆေးခန်းတွေပဲ ဆောက်မယ်။ အဲဒီလောက်ပဲ သူတို့က စိတ်ဝင်စားကြတာလေ။ ဒါပေမယ့် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်” ဆိုတာကို သူတို့က သဘောမပေါက်တာ။ ရောဂါကာကွယ်ရေးကို အဓိက ထားပြီး မလုပ်ကြဘူး။
ကာကွယ်ခြင်းက အရေးကြီးဆုံးပဲ။ ကျန်းမာရေး အသိပညာပေးတာမှာ အရမ်းအားနည်းတယ်။ အထူးသဖြင့် ကူးစက်ရောဂါ အဖြစ်များတဲ့ ဆင်းရဲသား အခြေခံ လူတန်းစားတွေ ကြားကို ရောက်ဖို့လိုတယ်။ လူတော်တော်များများက နေမကောင်းဖြစ်ရင် ဆေးရုံကို မသွားကြဘူး။ အလုပ်ပျက်မယ်။ ပိုက်ဆံကုန်မယ်ဆိုပြီးတော့ပေါ့လေ။ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာလည်းပိုပြီး ကောင်းကောင်းလုပ်ဖို့ လိုအပ်တယ်။
မေး။ ။ အခုလက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေထဲမှာ အမျိုးသမီး သုံးယောက်ပဲပါသေးတာဆိုတော့ အမျိုးသမီးပါဝင်မှုက နည်းလွန်းတယ်လို့ ဝေဖန်တာတွေရှိနေတဲ့အပေါ် ဒေါက်တာဒေါ်လဲ့လဲ့မော် အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ။ ။ နည်းတယ်ဆိုတာကတော့ များအောင်ပိုပြီးတော့ ကြိုးစားရမှာပေါ့နော်။ အမျိုးသမီးကဏ္ဍ ပိုတိုးတက်လာအောင်ပေါ့လေ။ နိုင်ငံတကာမှာလည်း အမျိုးသမီးသမ္မတတွေ အများကြီးဖြစ်လာပြီဆိုတော့ ကြိုးစားပြီးတော့ ပြုစုပျိုးထောင်ရမှာပေါ့။
မေး။ ။ ဘယ်လိုအကြောင်းအရာတွေများ ထပ်မံ ဖြည့်စွက်ပြောချင်ပါသေးလဲရှင့်။
ဖြေ။ ။ ကျမတို့ က လူထုခေါင်းဆောင်ရဲ့ဦးဆောင်မှုအောက်မှာ ပြည်သူလူထုရဲ့ အခြေအနေအရပ်ရပ် ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ထင်ပါတယ်။ ကျမတို့ခေါင်းဆောင်ကိုယုံကြည်ပြီးတော့ အစစအရာရာ ကြိုးစားပြီးတော့ မြန်မာနိုင်ငံကို ပြန်လည်တည်ထောင်သွားမယ်လို့ပဲ ပြောချင်ပါတယ်။