ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သတင်းအမှားများ၊ ကောလာဟလများ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေပြီး လူထုအကြားတွင် အပြန်အလှန် ဝေဖန်ပြစ်တင်မှုများ ဖြစ်ပွားလျက်ရှိသည်။ ကောလဟာလများ သတင်းအမှားများကြောင့် လူ့အသိုင်းအဝိုင်း တခုနှင့်တခုအကြား အမုန်းတရားများ ပေါက်ဖွားစေပြီး အန္တရာယ်များပြားနေသည့်အပေါ် ဘာသာရေးခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် အမြင် သဘောထားများကို ဧရာဝတီ သတင်းထောက်များဖြစ်သည့် နန်းလွင်နှင်းပွင့်နှင့် ထွန်းထွန်းက မေးမြန်းထားပါသည်။
ဒေါက်တာ သောပါက (ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း)
တခါတလေတော့ သတင်းတွေ၊ ကောလဟလတွေနဲ့ပတ်သက်လို့ မယုံကြည်ပါနဲ့လို့ ပြောလို့လဲခက်ပါ တယ်။ ဒီအချိန်မှာ သတိမထားလို့မရဘူး၊ အကြမ်းဖက်အန္တရာယ်က အရမ်းကြီးမားတဲ့အခါကျ တော့ ရန်ကုန်ထဲကိုတောင် စိမ့်ဝင်နေတာတွေ့ရတယ်။ ဦးပဉ္ဇင်းတို့ကတော့ သတိထားကြဖို့ပဲပြောချင်တယ်၊ ကောလာဟလဆိုပြီး အရေးမစိုက်ဘဲထားရင် တကယ်ဖြစ်လာတဲ့အခါကျတော့ အချိန်မီမတားဆီးနိုင်ဘဲ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ရခိုင်တကြောလုံးမှာ စခန်းတွေ ၃၀ လောက်တချိန်တည်းအတိုက်ခံရတာ လည်း ခပ်ပေါ့ပေါ့နေလို့ ခံရတာတွေလည်းရှိပါတယ်။ ဒီအချိန်ခါမှာ သတိရှိဖို့တော့ လိုအပ်တယ်။ အကြမ်းဖက် သမားတွေကို တရားသောနည်းလမ်းနဲ့ ကာကွယ်ဖို့ကတော့ အားလုံးဝိုင်းလုပ်ကြရမှာပဲ။ နိုင်ငံတော်အစိုးရအနေနဲ့တော့ ရခိုင်ဒေသဟာ နိုင်ငံတကာကမြင်နေသလို မိမိတို့တိုင်းရင်းသားတွေက လူများစုမဟုတ်ဘူး၊ တကယ့်ကိုလူနည်းစုလေးဖြစ်နေတယ်ဆိုတာကို သိစေချင်တယ်။ တိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံမှုရှိဖို့ အစိုးရအနေနဲ့ စနစ်တကျကာကွယ်ပေးပါ၊ အကြမ်းဖက်အစွန်းရောက်တွေကိုလည်း တရား သော နည်းလမ်းနဲ့ ထိထိရောက်ရောက်အရေးယူပြီး တိုင်းရင်းသားတွေကို ကာကွယ်ပေးပါလို့ ပြောချင် တယ်။
ဟာဂျီ ဦးအေးလွင် (ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအကြံပေးကော်မရှင်၊ အဖွဲ့ဝင်)
အကြမ်းဖက်မှုတွေက အစ္စလာမ်တရားတော်နဲ့ အင်မတန်ဆန့်ကျင်တဲ့ကိစ္စရပ်ဖြစ်ပါတယ်၊ အပြစ်မဲ့တဲ့ အသက် တချောင်းကိုသတ်ခြင်းသည် ရှိသမျှအသက်ကို သတ်ဖြတ်ခြင်းနဲ့တူ၏တဲ့။ အသက်တချောင်းကို ကယ်ခြင်းက ရှိသမျှ အသက်ကို ကယ်ဆယ်ခြင်းဖြစ်၏တဲ့။ ဘယ်သူက ဘယ်သူ့ကိုပဲ အကြမ်းဖက်ပါစေ အဲဒီအကြမ်းဖက်မှုကို အစ္စလာမ်ဘာသာက လုံးဝလက်မခံပါဘူး။ နှစ်အချက်က သတင်းတခုရပြီဆိုရင် ဒါကိုဆန်းစစ်ပြီးမှယုံပါတဲ့။ နောက်တခုက မင်းတို့မသိတဲ့အကြောင်းကို ဘာလို့ပြောချင်တာတုန်းတဲ့ ကိုယ်တော်က တိုက်ရိုက်မေးထားတာ။ အမုန်းတရားဖြစ်စေမယ့်၊ ပဋိပက္ခကိုဖြစ်စေမယ့်ဟာတွေကို ကျနော် တို့က လုံးဝလက်မခံပါဘူး။ ပြဿနာကို ပြေလည်ရာပြေလည်ကြောင်း ညှိနှိုင်းဆွေးနွေးရမယ်။ မီးလောင်ရာ လေပင့်ဖြစ်စေမယ့် ကိစ္စရပ်တွေဟာ အစ္စလာမ်ဘာသာနဲ့ အင်မတန်ဆန့်ကျင်ပါတယ်။ ဒါကြောင့် အစ္စလာမ် ဘာသာဝင်များက အတည်ပြုဆန်းစစ်ပြီးတော့မှ ယုံကြည်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
မမှန်ကန်တဲ့ သတင်းတွေက ပဋိပက္ခကို ပိုကြီးထွားစေသလို လူတွေစိတ်ကိုပိုနာကြည်းအောင်၊ ပိုဒေါသေတွေ ထွက်လာ အောင် ဖြစ်စေတဲ့ အလွန်ကြီးမားတဲ့ အကုသိုလ်တခုပါ၊ အားလုံးရှောင်ရှားကြဖို့လိုပါတယ်။ ကောလဟလ တွေက တိုင်းပြည်ပါ ပျက်နိုင်တဲ့ကိစ္စတွေ ဖြစ်တဲ့အတွက် ဘယ်သူပဲလုပ်လုပ်ဝိုင်းဝန်းဖော်ထုတ်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးဆိုတာ မျှတမှုရှိမှရနိုင်မှာဖြစ်ပါတယ်။ ဘက်လိုက်နေမယ်ဆိုရင်တော့ ဘယ်တော့မှ ပြဿနာ တွေ ပြီးနိုင်မှာမဟုတ်ပါဘူး။
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)
မဟုတ်မမှန်တဲ့သတင်းတွေကို လုပ်ကြံပြီးထုတ်လွှင့်နေတဲ့သူတွေကိုတော့ ဖော်ထုတ်ပြီးအရေးယူသင့်ပါ တယ်။ ရခိုင်ပြည်နယ်၊ မောင်တောမှာ ဖြစ်နေတဲ့ပဋိပက္ခတွေကြောင့် နိုင်ငံတကာကလည်း ဖိအားတွေရှိနေ တဲ့အချိန်မှာ အစိုးရအပေါ် ပိုပြီးအကြပ်အတည်းဖြစ်အောင်၊ အစိုးရပြုတ်ကျအောင် လုပ်ကြံသတင်းတွေ ဖန်တီး နေတဲ့ သူတွေကိုတော့ ကျနော်ကရှုတ်ချပါတယ်။ မလုပ်ဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ ဝိုင်းထိုးနှက်နေကြတဲ့ အချိန်မှာ တိုင်းပြည်နစ်နာအောင် မလုပ်ကြပါနဲ့လို့ပြောချင်တယ်။ နောက်ပြီး အကြမ်းဖက်သမားနဲ့ အေးချမ်းစွာနေလိုတဲ့သူတွေကို ခွဲခြားဖော်ထုတ်သွားရမယ်။ သူတို့ကို တတန်းစား တည်း သွားထားပြီး ဆောင်ရွက်နေမယ်ဆိုရင် ဖြစ်နေတဲ့ ပြဿနာတွေက ဘယ်တော့မှ အေးချမ်းနိုင်မှာ မဟုတ်ပါဘူး။
ဦးအောင်ကိုကို ( ဒါရိုက်တာ – တွဲလက်မြန်မာ )
ကျနော်တို့ဆီမှာက လူမှုကွန်ရက်တွေ သုံးတာများလာတော့ ဘယ်သတင်းက တိကျတယ် မတိကျဘူး။ အတုအစစ်ဆိုတာကို ကွဲပြားခြားနားစွာ နားလည်နိုင်ဖို့ တော်တော် ခက်သွားတယ်။ တချို့နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သတ်တဲ့နေရာမှာ သတင်းအမှားတွေ ထွက်သလို အခုချိန်မှာ ရခိုင်ပြည်နယ်က ကိစ္စနဲ့ ပတ်သက်ပြီး ထွက်တဲ့ သတင်းအမှားတွေကတော့ တိုင်းပြည် အတွက် တော်တော် အန္တရာယ်ကြီးပါတယ်။
ဒီမိုကရေစီတို့၊ မီဒီယာလွတ်လပ်ခွင့်တို့ဆိုတာ မနေ့တနေ့ကမှ ကျနော်တို့ဆီမှာ မြင်ဖူးကြားဖူးတာ။ ဘယ် သတင်းက ယုံသင့်တယ်။ မယုံသင့်ဘူးဆိုတာကို ခွဲခြားစိတ်ဖြာနိုင်ဖို့ အခြေအနေက ကျနော်တို့မှာ နည်း သေးတယ်။ တဖက်မှာလည်း ချစ်ခြင်းမုန်းခြင်းဆိုတဲ့ စိတ်ခံစားမှုနဲ့ သတင်းတွေကို ကြည့်ကြတယ်။ အဲဒီ ယဉ်ကျေးမှုက တဖြည်းဖြည်းနဲ့ ပြောင်းလဲလာအောင်တော့ ကျနော်တို့က ကြိုးစားရမယ်။ ပဋိပက္ခနဲ့ ပတ်သက်လာရင်တော့ ကျနော်တို့က ဒီမီဒီယာတွေမှာ လူမျိုးရေး ပဋိပက္ခမဖြစ်အောင် ငြိမ်းချမ်းရေး နဲ့ ပတ်သက်တဲ့ စကားလုံးတွေကို ဒီရက်ပိုင်းအတွင်းမှာ ဖုံးလွှမ်းနေမယ်ဆိုရင် ပိုကောင်းနေမယ်။ လူထုတွေ ကတော့ ဆဲတဲ့ လူကလည်း ဆဲနေမှာပဲ၊ ထောက်ခံတဲ့ လူတွေကလည်း ထောက်ခံနေမှာပဲ ။
အကြမ်းဖက်မှု ဖြစ်သွားတဲ့ကိစ္စတွေမှာ ခံစားရတာက အဲဒီဒေသမှာ ရှိတဲ့ ဒေသခံ လူတွေအားလုံး ဖြစ်တယ်။ တဖက်မှာ အစိုးရက တုံ့ပြန်တဲ့ထဲမှာ မွတ်ဆလင်ရွာတွေမှာ သူတို့ကိုယ်တိုင် အကြမ်းဖက်တဲ့ လူတွေကို ဖမ်း ပြီး အစိုးရနဲ့ ပူးပေါင်းတယ်ဆိုတာတွေ ရှိတယ်။ ကျနော့်မိတ်ဆွေအရင်းတွေထဲမှာကို အရပ်သားတွေက အကြမ်းဖက်မှု ဖြစ်တဲ့အချိန်မှာ အရပ်သားတွေအနေနဲ့ မလိုလားအပ်ပဲ အသက်ဆုံးရှုံးရတာတွေ ရှိတယ်။ အကြမ်းဖက်မှုကို သဘောမကျတာတွေ အများကြီးရှိတယ်။ အားလုံးက အကြမ်းဖက်မှုကို သဘောကျတယ် လို့ မှတ်ယူလို့ မရဘူး။
အကြမ်းဖက်ချင်တဲ့လူက သက်သက်ရှိမယ်။ ဒါကို မကြိုက်ပဲ အေးအေးဆေးဆေး နေထိုင်စားသောက် ချင်တဲ့ သူလည်းရှိလိမ့်မယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ အဲဒီလူတွေကို ၂ ခုကိုတော့ ပြတ်ပြတ်သားသား ကျနော်တို့ ခွဲဖို့ လိုတယ်။ ခွဲလို့ရှိရင်လည်း ကျနော်တို့က အကြမ်းဖက်တဲ့လူကို အကြမ်းဖက်တဲ့လူလိုပဲ ဆက်ဆံရမယ်။ အရပ်သားကို အရပ်သားလို ကာကွယ်ပေးရမယ်။ အဲဒီလို မလုပ်ဘူးဆိုရင်တော့ အကြမ်းဖက် တဲ့ လူတွေက ပိုသဘောကျသွားနိုင်ပါတယ်။ သူတို့အတွက် လူ ပိုစုဆောင်းလို့ အဆင်ပြေသွားပါလိမ့်မယ်။
အဲဒါကို ကျနော်တို့ ပြည်သူတွေကရော အစိုးရကရော နားလည်ပြီး သေသေချာချာ ခွဲရပါလိမ့်မယ်။ အဲဒီမှာ ရှိတဲ့ လူသန်းနဲ့ချီပြီးရှိတာက အကုန်အကြမ်းဖက် မဟုတ်ဘူး။ အကြမ်းဖက်က တစုရှိလိမ့်မယ်။ အကြမ်းဖက် မှုကို အားမပေးတဲ့ မွတ်ဆလင်တွေကို ခွဲပြီးတော့ မြင်နိုင်ဖို့ ကျနော်တို့ လူ့အဖွဲ့အစည်းက ကြိုးစားရပါလိမ့် မယ်။
ဖာသာစိုးနိုင် (ဆက်သွယ်ရေးတာဝန်ခံ – ကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ် )
လူတယောက်က ပုံမှန်မှာ စိတ်ကောင်းနှလုံးကောင်းနဲ့ မွေးလာတာ၊ အမုန်းတရားကို သင်ပေးတဲ့ လူတွေမှာ အင်မတန်မှ တာဝန်ကြီးတယ်။ သူတို့ကြောင့် ဖြစ်လာမယ့် မကောင်းမှု ဒုစရိုက်တွေက သူတို့ ခံစားရ လိမ့် မယ်။ မကောင်းမှုကို လုပ်အောင် တွန်းအားပေးတဲ့ သူတွေဆီမှာ တာဝန်ကြီးတယ်။ ကိုယ်စိုက်ပျိုးသလို ကိုယ် ရိတ်သိမ်းရမယ်။
မဟုတ်မမှန်သတင်းတွေနဲ့ လူတွေရဲ့ ခံစားချက်တွေကို နှိုးဆွပေးတယ်။ လူတွေကို မုန်းအောင် သင်ပေး တယ်။ ဒီအမုန်းတရားတွေက ကိုယ့်ဆီကိုပဲ ပြန်လာမှာပဲ။ လူတွေရဲ့ကြားထဲမှာ အသားဖြူရင် အသားမဲရင် ဘယ်လိုဖြစ်တယ်၊ ပုရင် ဘယ်လိုဖြစ်တယ် ဆိုတာတွေက လူမှုဆက်ဆံရေးမှာ လူတွေကို စံသတ်မှတ် ထားတာ အင်မတန်မှ ကြောက်စရာတခု ဖြစ်တယ်။ လူတယောက်က ပုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ၊ မဲသည် ဖြစ်စေ၊ သူက လူတယောက်ပဲ ။ သူ့ခံစားချက် သူရှိမှာပဲ သူက လူလေ ။ သူက ဒီဘာသာ ကိုးကွယ် လို့ရှိရင် ဒီလိုစိတ်ဓာတ်မျိုးပဲ သူဟာ ဒီဘာသာကိုးကွယ်ရင် လူကောင်းပဲ လူဆိုးပဲ ဆိုပြီးတော့ သတ်မှတ်ချက် စံနှုန်းတွေက လူ့အသိုင်းအဝိုင်းမှာ လူမှုဆက်ဆံရေးမှာ မရှိသင့်တဲ့ အရာတွေ မဖြစ်သင့်တဲ့ အရာတွေပါ။
မြန်မာပြည်ထဲမှာ ဘာသာမတူလို့ ကြောက်လန့်နေရတာတွေ ငါတို့ဘယ်တော့များ ဘာသာရေးပေါ် မူတည် ပြီးတော့ ခွဲခြားဆက်ဆံခံရတော့မှာလည်း ဆိုပြီး ခံစားချက်က အခု ပြင်းထန်လာတယ်။ ကျနော့်အနေနဲ့ သုံးသပ်ချင်တာက တိုင်းရင်းသားတွေ အချင်းချင်းကြားမှာပဲ ဖြစ်ဖြစ် မတူတဲ့ ဘာသာတွေကြားမှာ ဖြစ်နေနေ အမုန်းတရားသင်တဲ့ လူတွေ ရပ်ဖို့ လိုပါတယ်။ အမုန်းတရားတွေ မဖြန့်ပါနဲ့ ။ ဒါက ဖြန့်နေတဲ့လူ ရှိလို့ ဖြစ်နေ တာပါ။ ရပ်တန်းက ရပ်စေချင်ပါတယ်။ ကိုယ်စိုက်ပျိုးသလို ကိုယ်ရိတ်သိမ်းကြတာမို့ ကိုယ်ပဲ ဒီအပြစ်ဒဏ် ကို ပြန်ခံရမှာ ဖြစ်ပါတယ်။
ဦးကျော်သူ ( အတွင်းရေးမှူး- မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်)
ကျနော်တို့ ဟိန္ဒူတွေသဘောထားနဲ့ ပတ်သတ်ပြီး အရင်ပြောချင်ပါတယ်။ ကျနော်တို့က နိုင်ငံသားတွေ မြန်မာလူမျိုး မဟုတ်ဘူး။ မြန်မာတိုင်းရင်းသားလည်း မဟုတ်ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ထားတဲ့လူတွေ ဒါပေမယ့် လူမျိုးခြားလို့ ခေါ်ရင်လည်း မမှားဘူး။ မည်သည့် အခါမှ လူမျိုးတမျိုးအနေနဲ့ တောင်းဆိုမှုကို ကျနော်တို့ ဟိန္ဒူဘာသာဝင်တွေက တောင်းဆိုမှု မရှိဘူး။ လူမျိုး လို့ တောင်းဆိုခဲ့ရင်လည်း ကိုယ့်လူမျိုးကို ကိုယ် စော်ကားရာ ရောက်မယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်က အိန္ဒိယ နိုင်ငံက နွယ်ဖွားအနေနဲ့ ဘိုးဘွား စဉ်ဆက်က ရောက်လာခဲ့ ပေမယ့် ကိုယ့်လူမျိုးဂုဏ်တော့ ကိုယ်ထိန်းပါတယ်။ ဟိန္ဒူ ဘာသာက ငြိမ်းချမ်းခြင်းနဲ့ သွားတယ်။
အခု သတင်းအမှားတွေ တွေ့နေရတာနဲ့ ပတ်သတ်ပြီး ကျနော်သိထားသလောက် လေ့လာထား သလောက် က ကျနော်တို့ ဟိန္ဒူဘာသာဝင်တွေက ဘူးသီးတောင်မှာလည်း ရှိတယ်။ မောင်တောမှာလည်းရှိတယ်။ ကျောက်တော် ၊ စစ်တွေ ၊ မြေပုံ စတဲ့ မြို့နယ်တွေမှာ အများဆုံးကတော့ မောင်တောမှာ ။ ဒီတခေါက်ဖြစ်တဲ့ အချိန်မှာ ကျနော်တို့ ဟိန္ဒူဘာသာဝင်တွေကို ပစ်မှတ်ထားပြီး လုပ်လာတာ တွေ့ပါတယ်။ နိုင်ငံတော်သတင်း အရ ၇ ယောက် သေဆုံးသွားသလို တဖက်မှာ ရွာလုံးကျွတ် နီးပါး ပျောက်နေတာတွေ ရှိတယ်။ ၁၀၀ လောက် ရှိတယ် ပြောတယ်။ သူတို့ မိသားစုတွေကတော့ မနေ့က ကျနော့်ကို ဖုန်းဆက်တော့ သူတို့က သရဏဂုံ တင်လိုက်ပြီလို့ ပြောပါတယ်။
နောက်တခုက သတင်းတွေမှာ ကြားနေရတာ ဟိုဘက်မှာရှိတဲ့ ARSA ကို မှီပြီး နေတဲ့ အစ္စလာမ်ဘာသာ ဝင်တွေကို တပ်မတော်၊ ရဲတပ်ဖွဲ့ ၊ တိုင်းရင်းသားတွေက သူတို့ကို လူမဆန်စွာ နှိပ်စက်ညှင်းပန်းနေတယ် ဆိုပြီး သတင်းအမှားတွေ ပုံစံမျိုးစုံနဲ့ ဖြန့်ချိနေတာတွေ့တယ်။ ဟိုမှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ကျနော်တို့ မေးပါတယ်။ ကျနော်တို့ဆီကိုဆိုလည်း ဖုန်း တနေ့ကို အလုံး ၄၀လောက် လာတယ်။ သူတို့ကို ရခိုင်တွေက စောင့်ရှောက်ထားတယ်။ ဟိုမှာ နေရတာ တော်တော်လေး အခက်အခဲနဲ့ နေနေ ရတယ်။ ကယ်ပါ။ မဟုတ် ရင် သူတို့ကို လမ်းကြောင်း ၃ခုနဲ့ ပြဿနာ လုပ်နေတယ်။ နံပါတ် ၁ က ဟိုဘက် နိုင်ငံကို သူတို့ (အကြမ်း ဖက်) နဲ့ အတူတူလိုက်လာဖို့ ဟိုဘက်ရောက်ရင် မီဒီယာကို ပြမယ်။ အစ္စလာမ် ဘာသာဝင် တခု တည်း နှိပ်စက်ခံ နေရတာ မဟုတ်ပါဘူး။ ဟိန္ဒူဘာသာဝင်တွေလည်း နှိပ်စက်ခံနေရတယ်ဆိုပြီး မီဒီယာမှာ ပြဖို့ အစီအစဉ် လုပ်ထားတယ်။ အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားပြီး သတင်းအမှားတွေ ထုတ်ပြန်ပေးဖို့ ပြောနေ တာ ဖြစ်တဲ့အတွက် ကယ်ပေးပါပြောတယ်။
ဒီနေ့ဆိုရင်လည်း ဟိန္ဒူဘာသာဝင်တယောက်က အစ္စလာမ်ဘာသာဝင်အိမ်ကို မီးရှို့နေတယ်လို့ သတင်း တက်လာတယ်။ ကျနော်တို့ ဖုန်းဆက်ကြည့်ပါတယ်။ မဟုတ်ပါဘူး။ သူတို့ ပုံမှားရိုက်တာပါလို့ ပြောတာ ကြားရပါတယ်။ လုပ်မယ်ဆိုရင်တောင် ဟိန္ဒူဘာသာဝင်က သူတို့ကို တယောက်ယောက်က မလှုံ့ဆော်ပဲ မလုပ်ဘူး။ သူတို့ကိုယ်သူတို့ နိုင်ငံသားပဲ သတ်မှတ်တယ်။ အေးအေးချမ်းချမ်းနဲ့ နေနေတဲ့ အချိန်မှာ သူများ ပြဿနာထဲ ဝင်ပါစရာ မလိုဘူး။
ဒီကိစ္စမှာ မီဒီယာနဲ့ တိုက်တဲ့ စစ်ပွဲလို ဖြစ်နေတယ်။ ကျနော်တို့က ဒီနိုင်ငံမှာမွေး ဒီမှာကြီး ဒီရေကို သောက် လာတာပါ။ ကျနော်တို့ အကြမ်းဖက်တာကို မလိုလားဘူး။ ဒီအကြမ်းဖက်အဖွဲ့အစည်း ARSA ကိုလည်း ကျနော်တို့ လက်မခံဘူး။
ဆရာတော် ဦးပဏ္ဍဝံသ ( ရွှေဝါရောင် သံဃာတော်များ ကွန်ရက် )
တချို့မီဒီယာတွေက ကိုယ်လိုရာ ဆွဲပြီး ပြောနေကြတာက ပဋိပက္ခကို ပိုကြီးပွားသွားနိုင်တယ်။ ဒီနိုင်ငံမှာ လည်း အခုမှစပြီးတော့ အွန်လိုင်းတွေ ဝဘ်ဆိုဒ်တွေက ပေါ်လာတာ။ အခုဖြစ်တာက ဘာသာရေးပဋိပက္ခ လို့ ထင်ရပေမယ့် ဘာသာရေးပဋိပက္ခ မဟုတ်ဘူး။
အစ္စလာမ်ဘာသာဝင်တွေထဲမှာလည်း ငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့ ပုဂ္ဂိုလ် ရှိသလို ဗုဒ္ဒဘာသာဝင်တွေထဲမှာ လည်း အေးအေးချမ်းချမ်းနဲ့ယဉ်ယဉ်ကျေးကျေး နေထိုင်လိုတဲ့ သူတွေ ရှိပါတယ်။ အစ္စလာမ်ဘာသာဝင် တိုင်း အကြမ်းဖက်ဖြစ်သလားဆိုတော့ မဟုတ်ပါဘူး။ ကမ္ဘာ့အကြမ်းဖက်မှု ရပ်တိုင်းမှာတော့ စတင်ဖန်တီး နေတာက အစ္စလာမ်ဘာသာဝင်တွေဆိုတာကတော့ ငြင်းလို့ မရဘူး။ အစ္စလာမ်ဘာသာဝင်တွေ အကုန်လုံး တော့လည်း မဟုတ်ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘာသာတရားကို လိုက်နာတဲ့ စည်းကမ်းရှိတဲ့ ပုဂ္ဂိုလ်တွေ လည်း ရှိတယ်။
ARSA အဖွဲ့ကတော့ အကြမ်းဖက်တာပဲ ဆိုတာ ရှင်းတယ်။ ဘာသာရေးလည်း မဟုတ်ဘူး။ သူတို့ကို အစ္စလာမ်ဘာသာဝင်တွေပါလို့ ခေါင်းစဉ် တပ်လို့ မရဘူး။ အစ္စလာမ်ဘာသာဝင်တွေလို့ ခေါင်းစဉ် တပ်မယ် ဆို သူတို့က အစ္စလာမ်ဘာသာဝင်တွေ မဟုတ်ဘူး။ အစ္စလာမ်ဘာသာတရားက သူတို့ဘာသူတို့ ထိန်းကွပ် ပြီးသား သူတို့ လိုက်နာရမယ့် ဘုရားသခင်၊ ကိုရမ်ကျမ်းစာတွေနဲ့ ဆန့်ကျင်တာပဲ ။ ဘာပဲပြောပြော အကြမ်းဖက်လို့ ဘုန်းကြီးက မြင်တယ်။ အဲဒါကို အကြမ်းဖက်လို့ သူတို့က သီးခြား ကင်ပွန်းတပ်လို့တော့ မရဘူး။ နောက်သူတို့ကို အစိုးရက ဖိနှိပ်ထားလို့ နှိပ်ကွပ်ထားလို့ ဆိုတဲ့ အသုံးအနှုန်း နဲ့ဆိုရင် ဒီအကြောင်း အရာတွေကို ဂဃနဏ မသိတဲ့ ပုဂ္ဂိုလ်တွေကပဲ ရမ်းတုတ်တာလို့ ဘုန်းကြီးတို့က ပြောချင်တယ်။
အဲဒီလိုပြောကြေးဆို ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ စစ်တကောင်းတို့ဆို အစိုးရအကြီးအကဲတွေက အိမ်နီးနား ချင်းကို တည့်တည့်မတ်မတ်နေဖို့ ဆိုပြီး နယ်မြေတွေ ဖလှယ်ပေးခဲ့တာပါ။ ကပ္ပလီကျွန်း၊ စစ်တကောင်းကို ပေးလိုက် ရတာတွေ ရှိပါတယ်။
သူတို့က ဖိနှိပ်ခံထားရလို့ အခုမှ အုံကြွတယ်ဆိုတာကိုတော့ ဘုန်းကြီးတို့ လက်မခံပါဘူး။ သူတို့က အကြမ်း ဖက် တာက အကြမ်းဖက်တာပါပဲ။ ဘာလို့လည်းဆိုတော့ အစိုးရက ပေးထားတဲ့ နယ်မြေကို လုံခြုံရေး အတွက် ပေးထားတဲ့ ကင်းစခန်းတွေကို ဘလိုင်းကြီး ဝင်တိုက်တာက အကြမ်းဖက်တာပဲ ။ဒါကိုမှ အကြမ်းဖက်တာလို့ မခေါ်ရင် ဘာကို အကြမ်းဖက်တာလို့ ခေါ်ရမှာလဲ ။ ဒါတွေက အကြမ်းဖက်တာတောင်မှ ရိုးရိုးမဟုတ်ဘူး။ အစွန်းရောက်အကြမ်းဖက်လို့တောင် ပြောလို့ ရပါတယ်။ သူတို့ကိုတော့ ဘုန်းကြီးက အဲဒီလို မြင်ပါတယ်။
အဓိကကတော့ လူတွေရော မီဒီယာတွေရော ပြောနေဆိုနေကြတာက ခွဲခြားပြီး ဂဃနဏ ပြောဖို့ လိုအပ် တယ်။ အကြမ်းဖက်က အကြမ်းဖက်ပဲ ။ အကြမ်းဖက်ကို အစ္စလာမ်ဘာသာ ကိုးကွယ်တယ် ဆိုပြီး ခေါင်းစဉ် တပ်လို့တော့ မရဘူး။ ဘာသာရေးခေါင်းစဉ် တပ်လို့ မရဘူး။ ဗုဒ္ဒဘာသာကိုလည်း ကုလား လူမျိုးတွေ ကိုးကွယ်နေတာ ရှိပါတယ်။ ဘာသာတခုကို လူမျိုး တခုနဲ့ ပေါင်းစည်းပြီး ပြောဆို ဝေဖန်နေမယ် ဆိုရင် တော့ မှားတယ်လို့ ဘုန်းကြီး ပြောချင်တယ်။ အစ္စလာမ်ဘာသာဝင်ဆိုတိုင်း ကုလားဖြစ်ရမယ် ဘင်္ဂလီတွေ ဖြစ်ရမယ် ရိုဟင်ဂျာတွေ ဖြစ်ရမယ်လို့ အစွဲမျိုးတွေ ပြောနေမယ်ဆို မမှန်ဘူး မှားတယ်။ ဘာသာတရားနဲ့ ဖြစ်နေတဲ့ အကြမ်းဖက်ကို မရောယှက်ကြဖို့လည်း ပြောချင်တယ်။ ရောယှက်နေရင် ဘယ်လိုမှ အတူ လက်တွဲ နေထိုင်လို့ မရတော့ဘူး။ ဘာသာတရားက ဘယ်သူမှ မပိုင်ဘူး။ ယုံကြည်တဲ့သူ ကိုးကွယ်ခွင့်ရှိတယ်။