ရွှေတောင်ညိုကြီး သြဂဲနစ်မွေးမြူရေး လုပ်ငန်းသည် လယ်သမားများ မွေးမြူရေးသမားများနှင့် ပူးပေါင်းကာ အော်ဂဲနစ် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းတခု ဖြစ်သည်။
ထိုလုပ်ငန်း အနေဖြင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ လယ်သမားများ၊ မွေးမြူရေးသမားများ နှင့် ပူးပေါင်း၍ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက် ရှာဖွေပေးကာ လွှတ်ကြောင်း ကြက်ဥ (Free Range Egg) လှောင် အိမ်မဲ့ ကြက်ဥ (Cage Free)နှင့် ကြက်ချေးဖြင့် စိုက်ပျိုးသော သဘာ၀ ကြက်သွန်ဖြူများ ထုတ်လုပ်ပြီး Citymart များနှင့် ရန်ကုန်မြို့ရှိ ဆိုင်များတွင် ဖြန့်ဖြူး ရောင်းချလျက် ရှိသည်။
ကျေးလက်နေ ပြည်သူများ၏ ဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အလုပ်အကိုင် ဖန်တီးပေးခြင်း၊ နေ့စဉ် ဝင်ငွေ ရရှိစေခြင်း၊ သဘာ၀ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ကောင်းမွန်သော စီးပွားရေး ပုံစံ တီထွင် ဖန်တီးပေးခြင်းတို့ကြောင့်လည်း၂၀၁၉ ခုနှစ် ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးမှု ဦးတည်ချက်များ (SDG) ဆိုင်ရာ စီးပွားရေး ရှေ့ဆောင် လူငယ် ၁၀ ဦး အနက် မြန်မာနိုင် ငံမှ သဘာ၀ကြက်မွေးမြူရေး စွန့်ဦး တီထွင်လုပ်ငန်းရှင်ဆုကိုလည်း ရွှေတောင်ညိုကြီး သြဂဲနစ်မွေးမြူရေး လုပ်ငန်း ပူးတွဲ တည်ထောင်သူ ဦးဇော်ရဲနောင်က ရရှိခဲ့သည်။
အဆိုပါ လုပ်ငန်းနှင့် ပတ်သက်ပြီး သြဂဲနစ် မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်ကိုင်နေမှု အခြေအနေ၊ လယ်သမား၊ မွေးမြူရေး သမားများနှင့် လက်တွဲဆောင်ရွက်နေသည့် အခြေအနေများ၊ ဈေးကွက် ဖြန့်ဝေပေးနိုင်မှု အခြေအနေများ၊ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် မျိုးပပစန်းက ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ သြဂဲနစ် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဖြစ်ပုံနဲ့ ဒီလုပ်ငန်းကို ဘယ်လိုမျိုး အကြံဉာဏ် ရပြီး စတင် လုပ်ကိုင် ဖြစ်တာ လဲ။
ဖြေ။ ။ စလုပ်ခဲ့တဲ့ အကြောင်းကတော့ ကျနော်တို့ရဲ့ သားသမီးတွေ အာဟာရအတွက် ကောင်းမွန်တဲ့ ကြက်ဥတွေ ထွက် ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ စလုပ်တာတော့ ၂၀၁၇ က စခဲ့တယ်။ ကျနော်တို့ ဧရာဝတီတိုင်း ဒေသကြီး ငပုတောမှာ ခြံလေး တခြံ နဲ့ စလုပ်ဖြစ်တယ်။ မွေးစရာမရှိလို့ အဲဒီလို စခဲ့တယ်။ ဈေးကွက်မှာ လူကြိုက်လာပြီဆိုတော့ ကျနော်တို့ ခြံလေး တခြံ စပြီး တိုးလုပ်ဖြစ်တယ်။
လုပ်ငန်းကိုထပ်ပြီး တိုးချဲ့လုပ်ကိုင်ဖို့အတွက် လုံလောက်တဲ့မြေလည်း မရှိဘူး။ အရင်းအနှီးလည်း မရှိဘူး။ အဲဒီအခါကျ တော့ ကျနော်တို့ ဘာလုပ်လဲဆိုတော့ လယ်သမားတွေနဲ့ မွေးမြုရေးသမားတွေ လုပ်တော့မယ် ဆိုပြီး နည်းပညာတွေ ဖြန့်ဖြူးပေးတယ်။ ပြီးတော့ ခြံတည်ဖို့ လိုအပ်တဲ့ ငွေရေးကြေးရေးကို တတ်နိုင်သမျှ ပံ့ပိုး ကူညီပေးတယ်။ ဒါက သူတို့ဆီက ကြက်ဥတွေ ပြန်ဝယ်တယ် ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ သွားတာပေါ့လေ။ ဈေးကွက်ကိုလည်း ကျနော်တို့က အာမခံပေး တယ်။ ဒီနည်းလမ်းနဲ့ လယ်သမားတွေနဲ့ လက်တွဲပြီး လုပ်ခဲ့တာဖြစ်တယ်။
မေး။ ။ သြဂဲနစ် မွေးမြူရေး ဆိုတာ ဘယ်လိုပုံစံမျိုးလဲရှင့် အသေးစိတ် ရှင်းပြပေးပါ။
ဖြေ။ ။ သြဂဲနစ်မွေးမြူရေး ဆိုတာက ပြောမယ်ဆိုရင် သိပ္ပံနည်းကျတဲ့ မွေးမြူရေး တခုပေါ့လေ။ အဲဒီ process မှာ သြဂဲ နစ်နည်းနဲ့ မွေးမယ်ဆိုရင် ကြက်ကလေးတွေကို သြဂဲနစ် အစာတွေ ကျွေးရမယ်။ ဒီနေရာမှာ ကျနော်တို့ သူတို့ကို ကျွေးတဲ့ ပဲ၊ ပြောင်း၊ နှမ်းတွေက သြဂဲနစ် အသိအမှတ်ပြု လက်မှတ်ရထားတဲ့ အစာတွေ ဖြစ်ရမယ်။ တခြားအချက်တွေမှာလည်း သြဂဲနစ်ရဲ့ စည်းမျည်းစည်းကမ်းတွေကို လိုက်နာရမယ်။ လက်ရှိက မြန်မာနိုင်ငံမှာ သြဂဲနစ်နဲ့ ပတ်သက်တဲ့ ပဲ၊ ပြောင်း၊ နှမ်း တွေ ထွက်ဖို့က မရှိသေးဘူးပေါ့လေ။ တော်တော်လေး ရှားနေသေးတယ်။
သြဂဲနစ်ဆိုတာက ၁ ရက်တည်းနဲ့ ၁၀၀ ရာခိုင်နှုန်း ပြည့်အောင် လုပ်လို့ မရဘူး။ ၃ နှစ်၊ ၄ နှစ် စီမံကိန်း ချပြီး လုပ်ရတာ။ ဒါကြောင့် ဖြစ်နိုင်တဲ့ နည်းလမ်းတွေ စပြီး စဉ်းစားတာ။ သြဂဲနစ်နဲ့ အနီးစပ်ဆုံး ဖြစ်အောင်လုပ်မယ်ဆိုတော့ လွှတ်ကြောင်း ကြက်ဥ (Free Range Egg) နဲ့ နည်းလမ်းနဲ့ စသုံးဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ကျွေးမယ့် ပဲ၊ ပြောင်း၊ နှမ်း အားလုံး သည် ကျနော်တို့ လယ်သမားတွေ ကိုယ်တိုင် စိုက်တာဖြစ်လာအောင် ပထမအဆင့် အနေနဲ့ ကြိုးစားတယ်။
ပြီးတော့ လယ်သမားတွေက သူတို့စိုက်တဲ့ ပဲ၊ ပြောင်း၊ နှမ်းတွေသည် သြဂဲနစ် ပုံစံကို ကူးပြောင်းတဲ့ ပုံစံဖြစ်အောင် ကြိုးစား လာတယ်။ ဈေးကွက်ထဲကို ကျနော်တို့ ရောင်းတဲ့အခါမှာ လွှတ်ကြောင်း ကြက်ဥအနေနဲ့ပဲ ရောင်းတာပါ ခင်ဗျ။
မေး။ ။ ဒီလုပ်ငန်းကို စလုပ်တဲ့အခါ အခက်အခဲတွေ အနေနဲ့ ဘယ်လိုရှိခဲ့လဲ။
ဖြေ။ ။ အခက်အခဲကတော့ စလုပ်တာဖြစ်တော့ တခုခုဆိုရင် တိုင်ပင်မယ့်သူ မရှိဘူး။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး နည်း ပညာလည်း မရှိဘူး။ အဲဒီတော့ ကိုယ့်ဘာသာကိုယ် ရှာရတယ်။ လေ့လာရတယ်။ ဒီအခါမှာ မမှားသင့်တဲ့ အမှားတွေ အများကြီး မှားခဲ့ဖူးတယ်။ အကြိမ်ကြိမ်၊ အခါခါလဲကျမလိုလည်း အများကြီး ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဘာဖြစ်လဲဆိုတော့ ကိုယ်နဲ့ လက်တွဲထားတဲ့ လယ်သမားတွေ အများကြီးရှိတယ်။ သူတို့နဲ့ လက်တွဲ မဖြုတ်ချင်ဘူး။ ယုံကြည်မှုကို မပျက်ချင် ဘူးဆိုတော့ ဒါကိုလုပ်ဖို့ တွန်းအားဖြစ်ခဲ့တယ်။ ဒီလိုနဲ့ပဲ ရွှေတောင်ညိုကြီးက ရှေ့ဆက်လာခဲ့တာပါ။
မေး။ ။ အခုချိန်မှာ ဒီလုပ်ငန်းကို ဘယ်နေရာတွေမှာ လယ်သမား ဘယ်လောက်နဲ့ လက်တွဲပြီး လုပ်ကိုင်ပါသလဲ။ မွေးမြူတဲ့ မြေနေရာကို လယ်သမားတဦးဆိုရင် ဘယ်လောက် အကျယ်အဝန်းယူပြီး လုပ်ဆောင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ စိုက်ပျိုးရေး လယ်သမားရော၊ မွေးမြူရေး လယ်သမားပါနဲ့ ကြက်ဥရောင်းတဲ့ ခြင်းယက်ပေးတဲ့သူရော ဆိုရင် စုစုပေါင်း ၁၀၀ လောက် ရှိတာပေါ့လေ။ ရန်ကုန်တိုင်းမှာဆိုရင် မှော်ဘီ၊ မန္တလေးတိုင်းမှာ ဆိုရင် ပြင်ဦးလွင်၊ ရှမ်းပြည် နယ်မှာဆိုရင် ကလော၊ ဖယ်ခုံ၊ ရွာငံ ဒီနေရာတွေမှာ လုပ်ပါတယ်။ ကရင်ပြည်နယ်မှာ ဘားအံမှာ ရှိတယ်။ ဒါကတော့ လက် ရှိမှာ သုတေသနပြုတဲ့ အဆင့်ပဲ ရှိသေးတယ်။ စမ်းသပ်နေဆဲပေါ့။
ကျနော်တို့ စံနှုန်းကတော့ ကြက်အကောင် ၁ ထောင်ကို ခြံအကျယ်အဝန်း ၁ ဧကနှုန်းနဲ့ ကျနော်တို့ မွေးမြူတယ်။ ဒါပေမယ့် တကယ့် တကယ် မွေးမြူရင် မြေ ၁ ဧက ထက်ပိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကြက်ခြံရဲ့ဘေးမှာ ကြက်သွန်ခင်းတွေ တခြားစိုက်ခင်းတွေ စိုက်ထားတာ ရှိတယ်။ အဲဒီ အခင်းတွေပေါ် လွှတ်ပေးတာ ဖြစ်တဲ့အတွက် မြေ ၁ ဧက အကျယ်အဝန်း ထက် ပိုပါတယ်။
ကြက်သွန်ခင်းစိုက်တယ် ဆိုတာလည်း ကျနော်တို့က ကြက်တွေကို ပိုးသတ်ဆေး (Antibiotic) မသုံးချင်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီရဲ့ဆိုးကျိုးက ကြက်ဥမှာ ပါလာတတ်တယ်။ ဒါဆိုရင် လူတွေအတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင် တယ်။ ဒါကြောင့် ကျနော်တို့က Antibiotic လုံးဝမသုံးဘဲနဲ့ သဘာဝနည်းနဲ့ မွေးတယ်။ ကြက်သွန်ခင်းထဲဖြတ်ပြီးတော့ စား ခိုင်းတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကြက်ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားလည်း ကောင်းလာတယ်။ ဒီစနစ်နဲ့ လုပ်ပါတယ်။
မေး။ ။ နည်းပညာပိုင်း အခက်အခဲရှိတယ် ဆိုတော့ အခု လက်ရှိမှာရော ဘယ်လို နည်းပညာတွေနဲ့ လုပ်ဆောင်နေလဲ။ ပြည်ပကရော ကူညီပံ့ပိုးမှုတွေ ယူထားပါသလား။
ဖြေ ။ ။ လက်ရှိမှာ ကျနော်တို့ ဘာအကူညီမှ ရထားတာ မရှိဘူး ခင်ဗျ။ ကျနော်တို့လုပ်တာက လုပ်ချင်တဲ့ စိတ်တခုတည်းနဲ့ လုပ်ခဲ့တဲ့ဟာတွေပဲ ဖြစ်တယ်။ ဒါကြောင့် ရှေ့ပိုင်းမှာ ကျနော်တို့ အမှားတွေကလည်း အများကြီးပဲ။ ကြက်အကောင်ရေ ၁၀၀၀ လောက်နဲ့ ကြက်ခြံတခြံ လုပ်မယ်ဆိုရင် ဒီအချိန်မှာ ကျပ်သိန်း ၂၀၀ လောက်ပဲ ကုန်ကျစရိတ် ရှိတယ်။ ဒါပေမယ့် ကျနော်တို့ တကယ်လုပ်တဲ့ အချိန်မှာ ကျပ်သိန်း ၈၀၀ ကျော်လောက် ကုန်သွားတယ်။ အဲဒါဘာဖြစ်လို့လဲ ဆိုတော့ စမ်းသပ် နေရတဲ့အခါမှာ ကုန်ကျစရိတ်တွေက အရမ်းများတယ်။ မှားတဲ့အခါမှလည်း မှားမှန်းသိတာ ဆိုတော့ ဒီလိုမျိုးနဲ့ ကျနော်တို့ စလုပ်ရတယ်။
မေး။ ။ ထုတ်လုပ်မှု အနေနဲ့ကရော ကြက်ခြံတခြံက ၁ လ၊ ၁ နှစ်ပျမ်းမျှ ဘယ်လောက် ထုတ်လုပ်နိုင်ပါသလဲ။ ဈေးကွက် ရရှိမှု အနေနဲ့ရော ဘယ်လိုမျိုး လုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ ထုတ်လုပ်မှုအနေနဲ့ ကြက်အကောင်ရေ ၁ ထောင်ရှိတဲ့ ကြက်ခြံတခြံက ဥ ပျမ်းမျှ ၇၅ ရာခိုင်နှုန်းလောက် ဥပါတယ်။ ဒါကို ဈေးကွက် တင်ရောင်းချပါတယ်။
ကျနော်တို့မှာ မိသားစု အသေးစား စီးပွားရေး ဆိုတဲ့ project လေး တခုရှိတယ်။ အဲဒါက ဘာလဲဆိုရင် လယ်သမား ၁ ဦးကို ကြက်အကောင် ၂၀၀ မွေးတဲ့ စနစ်ပေါ့လေ။ ဘယ်လိုလုပ်လဲဆိုရင် အဆောက်အအုံ ဆောက်တဲ့ဟာက စပြီး အား လုံးကို ပံ့ပိုးပေးတယ်။ မွေးမြူတဲ့ ကုန်ကျစရိတ် ၇၅ ရာခိုင်နှုန်းကို ကျနော်တို့က ခံတယ်။၂၅ ရာခိုင်နှုန်းကို လယ်သမား တွေက ခံရတယ်။ အဲဒီလိုမျိုး လုပ်တယ်။
ဒီလိုလုပ်တဲ့ နေရာမှာ ပျမ်းမျှအားဖြင့် ဒီကြက်ခြံ ၁ ခြံက ကျပ်သိန်း ၂၀ ကျော်လောက် ကုန်တယ်။ ကျနော်တို့က ကျပ် ၁၅ သိန်းကျော်လောက် စိုက်ပေးထားတယ်ပေါ့ဗျာ။ တလကို ကြက်ဥ အထွက်နှုန်းက ပျမ်းမျှ ၇၅ ရာခိုင်နှုန်းလောက်နဲ့ ထွက် နေတယ်ဆိုရင် လယ်သမားတွေက ဘယ်လောက်ရလဲဆိုတော့ ၁ လကို ကျပ် ၆ သိန်းလောက် ရတယ်။ သူတို့ အစာဖိုးနဲ့ တခြားစရိတ် နုတ်လိုက်ရင် ၃ သိန်းဝန်းကျင်လောက် ကျန်တယ်။ လယ်သမားတွေ အတွက်က ပုံမှန်ဝင်ငွေရဖို့ ခက်ခဲတဲ့ ဒီလိုအခြေအနေမျိုးမှာ ကြက်ခြံလေးတွေက လယ်သမားတွေအတွက် လစဉ်ဝင်ငွေကို ဝင်နေတာဖြစ်တဲ့ အတွက်ကြောင့် ကျနော့်ကို ကုလသမဂ္ဂမှ UN SDG Pioneer 2019 ဆုပေးတာ ဖြစ်တယ်။
ကျနော်တို့ သွားတဲ့ ဈေးကွက်က အကြီးကို မသွားနိုင်သေးဘူး။ အသေးပဲ ရှိသေးတယ်။ Free Range Egg က ကြက် အကောင်ရေ ထောင်ပေါင်း၊ သောင်းပေါင်းများစွာ မွေးလို့ရတဲ့ဟာမျိုး မဟုတ်ဘူး။ အသေးစားလေးတွေ အနေနဲ့ ကျနော်တို့ က သွားရတာ။
ဒါကြောင့် တကယ်ကို ဒီသြဂဲနစ်ကြက်ဥကိုပဲ စားချင်တဲ့ ဈေးကွက်ကိုပဲ ဖြန့်နိုင်ပါသေးတယ် ခင်ဗျ။ ကျနော်တို့ Citymart ကနေ ဖွင့်ထားတဲ့ market ဆိုင် ၆ ဆိုင်မှာ ကြက်ဥ ၁၀ လုံး တဗူးကို ၄၅၀၀ ကျပ်နဲ့ ရောင်းပါတယ်။ နိုင်ငံခြားမှာဆိုရင် Free Range Egg ကြက်ဥက ၁ လုံးကို အမေရိကန် ၁ ဒေါ်လာ ကျော်တယ်။ Cityfam Free Range ဆိုတဲ့ တံဆိပ်နဲ့ ကျ နော်တို့ ရောင်းပါတယ်။
နောက်တခုက လယ်သမားတွေက ထုတ်လုပ်ထားတဲ့ ကြက်ဥတွေကို customer တွေရဲ့အိမ်ကို တိုက်ရိုက်ပို့ပေးတာတွေ လုပ်ပေးတယ်။ customer တွေက လပေးစနစ်နဲ့ ကြိုမှာထားရတယ်။ မှာထားရင် သူတို့ရက်အလိုက် ပို့ပေးပါတယ်။ ဒီစနစ် နဲ့လည်း ဖြန့်ဝေပါတယ်။
မေး။ ။ အခု UN က ပေးတဲ့ ဆုအတွက် သြဂဲနစ် မွေးမြူရေးလုပ်ငန်းကို စစ်ဆေးတာတွေ ဘာတွေ ရှိလား။ ဘာကြောင့် ဒီဆုရတာလဲပေါ့နော်။ ဒီ လုပ်ငန်းကို ဘယ်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါသလဲ။
ဖြေ။ ။ UN က ပေးတဲ့ဆုက သြဂဲနစ် ဖြစ်ခြင်း၊ မဖြစ်ခြင်းပေါ်မှာ ပေးတဲ့ဆု မဟုတ်ပါဘူး။ ဒီဆုက လယ်သမားတွေရဲ့ ဘ၀ တိုးတက်လာအောင် ကျနော်ရဲ့ Business model က ကူညီပံ့ပိုးပေးတာ ဖြစ်တဲ့အတွက်ကြောင့် ပေးတာပါ။ အဓိက သြဂဲ နစ်ဖြစ်ခြင်း၊ မဖြစ်ခြင်းကျတော့ ဘယ်သူ့ရဲ့အကူအညီကိုယူရလဲ ဆိုတော့ Myanmar Organic Agriculture Group (MOAG) အဖွဲ့တခု ရှိပါတယ်။ ဒီအဖွဲ့ရဲ့လမ်းညွှန်မှုတွေ ခံယူရပါတယ်။
ကျနော်တို့ လက်ရှိ ကြက်ခြံတွေကလည်း Conversion to Organic လက်မှတ်ယူရပါတယ်။ ဒီမှာပါလဲဆိုတော့ သြဂဲနစ်ကို ကူးပြောင်းစဲ ကာလပေါ့လေ။ ဒီကာလမှာလည်း ဘယ်နှစ်နှစ် အတွင်း ကူးပြောင်းရမယ်ဆိုတဲ့ အာမခံချက်ပေးရတယ်။ ဒီ အဖွဲ့ရဲ့ သတ်မှတ်ချက်တွေကို ကျနော်တို့က ကတိပေး လုပ်ဆောင်ရတယ်။ Conversion to Organic လက်မှတ်နဲ့ လုပ် ဆောင်ပါတယ်။
မေး။ ။ ပြည်ပဈေးကွက်ကို ထိုးဖောက်ဖို့ အတွက်ရော ပြင်ဆင်ဆောင်ရွက်နေတာ ရှိလား။ လက်ရှိမှာ အစိုးရပိုင်းက သြဂဲ နစ်စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်ပြီး ကူညီပံ့ပိုးပေးတာတွေရော ရှိလားရှင့်။
ဖြေ။ ။ ပြည်ပဈေးကွက် ထိုးဖောက်ဖို့ အထိတော့ ရှိပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ပြည်တွင်း ဈေးကွက်ကိုပဲ အာရုံစိုက် လုပ်ဆောင်နေပါတယ်။ အစိုးရပိုင်းက ကူညီပံ့ပိုးပေးတာတော့ မရှိပါဘူး။
မေး။ ။ ကြက်မွေးမြူရေးနဲ့ ကြက်သွန်စိုက်ပျိုးတာ အပြင် တခြား စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းတွေကိုလည်း တိုးချဲ့ လုပ်ကိုင်သွားဖို့ ရှိလား။
ဖြေ။ ။ လက်ရှိမှာတော့ ကြက်မွေးမြူရေးကို စိုက်ခင်းတွေထဲမှာ လွှတ်ပေးရင်းနဲ့ နောက်ထပ်က ကျနော်တို့ ကြက်ချေးမျိုး ရင်းနဲ့ စိုက်ထုတ်တဲ့ ကြက်သွန် ထွက်လာတယ်။ ဒီကြက်သွန်တွေကိုလည်း ကျနော်တို့ စီးတီးမတ်တွေနဲ့ တခြားသြဂဲနစ် အသီးအနှံ ရောင်းတဲ့ဆိုင်တွေမှာ တင်ရောင်းပါတယ်။
အခုနောက်ပိုင်းတော့ သြဂဲနစ်နဲ့ ပတ်သက်တဲ့ အသိပညာပေးတာ အများကြီး များလာတယ်။ ကျနော်တို့ကို အားပေးတဲ့ customer တွေလည်း များလာတယ်။ ဒါကြောင့် မြန်မာနိုင်ငံက သြဂဲနစ်နဲ့ ပတ်သက်ရင် လိုက်လျောညီထွေ ရှိလာပါပြီ။
မေး။ ။ဈေးနှုန်းအနေနဲ့ကျတော့ အစ်ကိုတို့ ကြက်ဥနဲ့ ရိုးရိုးကြက်ဥက ကွာခြားမှုရှိတော့ ယှဉ်ပြိုင်ရောင်းချရတဲ့ အခါမှာ ဘယ်လိုအခက်အခဲရှိလဲ။
ဖြေ။ ။ ကျနော်တို့ သွားတဲ့ဈေးကွက်က အများစုရှိတဲ့ဆီကို မသွားနိုင်သေးဘူး။ အဲဒီတော့ ဒါကို ဈေးနှုန်းချဖို့ ဆိုရင် တခြား အကူအညီအထောက်အပံ့တွေ အများကြီးလိုတယ်။ ခြံတွေကနေထုတ်လုပ်မှုတွေ များလာအောင် လုပ်နိုင်ရင် ကုန်ကျ စရိတ်တွေ လျှော့ချလို့ရပြီ။ အခုက ခြံအသေးလေးတွေပဲ သွားနေတဲ့အတွက် ကုန်ကျစရိတ် အရမ်းများတယ်။ အဲဒီလို မဟုတ်ဘဲ တကယ့် စီးပွားဖြစ်ထုတ်နိုင်တဲ့ အကြီးတွေ လုပ်နိုင်ဖို့ လုံလောက်တဲ့ ငွေကြေးထောက်ပံ့မှုတွေ ရှိမယ်ဆိုရင် ကုန်ကျစရိတ် ကျသွားနိုင်တယ်။
မေး။ ။ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုပေါ့နော်၊ ကြက်မွေးမြူရေး ကနေ ဆက်စပ်ပြီး ဘယ်လောက်ပေး နိုင်ပြီလဲ။
ဖြေ။ ။ နံပါတ် ၁ ကျနော် ဦးစားပေးတာကတော့ ကျနော်တို့နဲ့ ပတ်သက်တဲ့ လယ်သမား၊ မွေးမြူရေးသမားတွေပေါ့။ သူတို့ ကို ကျနော်လုပ်ငန်းရှင်လို့ပဲ သုံးတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမွေးမြူရေးလုပ်တဲ့ ခြံတွေ၊ မြေတွေက ကျနော်ပိုင်တာ မဟုတ်ဘူး။ သူတို့ ပိုင်တာ။ ကျနော်တို့ နည်းစနစ်တွေနဲ့ လုပ်လာနိုင်အောင် ကျနော်တို့က ပံ့ပိုးပေးတာ ဖြစ်တယ်။ သူတို့ကို လုပ်ငန်းရှင်တွေ ဖြစ်လာအောင် ပံ့ပိုးပေးတာ။ ဒီလုပ်ငန်းမှာ စိုက်ပျိုး၊ မွေးမြူသူ အပါအဝင် သယ်ယူရတဲ့သူတွေ ဖြန့်ဖြူးရတဲ့ တွေ ခြင်းတောင်းလေးတွေ ယက်ရတဲ့သူတွေ ပါရှိတယ်။
မေး။ ။ တခြား ဖြည့်စွက် ပြောချင်တာများ ရှိပါသေးလားရှင့်။
ဖြေ။ ။ Free Range Egg လို့ သွားတဲ့နေရာမှာ မြန်မာနိုင်ငံက သူတွေက ဒါကို ဘာမှန်း မသိသေးဘူး။ လယ်သမားတွေ မွေးမြူရေး သမားတွေကလည်း သူတို့မသိသေးတဲ့ ဒါက လမ်းကြောင်းတခု ဖြစ်တယ်။ အဲဒါကို ကျနော့်ကို ယုံကြည်တဲ့ အတွက် အားလုံးက လုပ်ဆောင်ခဲ့တဲ့ အတွက် ဒီကျေးဇူးတရားတွေက သူတို့ အားပေးမှုကြောင့် ရခဲ့တာပါ။ ဒါကြောင့် လယ်သမားတွေ မွေးမြူရေးသမားတွေ စားသုံးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။
You may also like these stories:
အခွန်တံဆိပ်ခေါင်း ကပ်ရန် ပျက်ကွက်ပါက ကျပ် သိန်း ၂၀ အထိ တိုးမြှင့် ဒဏ်ရိုက်မည်
LNG လျှပ်စစ်မီး စီမံကိန်း တကယ် အလုပ်ဖြစ်မလား
မြန်မာ့စီးပွားရေးကို ပြုပြင်ရန် မဟာခြေလှမ်းလှမ်းခြင်း