လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ပဋိပက္ခ အရေးနှင့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ အခြေအနေများကို ဆွေးနွေး ဖလှယ်ရန် ရခိုင် အမျိုးသားပါတီ(ANP) ၏ ဗဟိုကော်မတီနှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို အောက်တိုဘာလ ၅ ရက်မှ ၈ ရက်အထိ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့၌ ကျင်းပလျက် ရှိသည်။
ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ၊ ဗဟို ဦးဆောင်ကော်မတီဝင်များနှင့် အလုပ် အမှုဆောင်များ ပါဝင် သည့် ထိုအစည်းအဝေး၏ ဒုတိယနေ့တွင် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒု ဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကို ဧရာဝတီ သတင်းဌာန တွဲဖက် အယ်ဒီတာက ငြိမ်းငြိမ်းက တွေ့ဆုံ မေးမြန်းထားသည်များမှ ကောက်နှုတ် ဖော်ပြ အပ်ပါသည်။
မေး။ ။ ရခိုင် အမျိုးသားပါတီ ဌာနချုပ်မှာ ကျင်းပတဲ့ အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပေးပါ။
ဖြေ။ ။ ကျမတို့ရဲ့ ၂၀၁၉ ညီလာခံ အပြီးမှာဆိုရင် ဒီအစည်းအဝေးဟာ ဒုတိယအကြိမ် မျက်နှာစုံညီ ကျင်းပတဲ့ အစည်း အဝေး ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ အခင်းအကျင်းတွေ၊ ပါတီ တည်ဆောက်ရေး အခင်းအကျင်းတွေ ရခိုင်ပြည် နယ် အတွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေ အကြောင်း၊ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကျမတို့ ဗဟိုကော် မတီဝင် အားလုံးရဲ့ အသံတွေ အကြံပြုချက်တွေကို နားထောင်ဖို့။ ပြီးရင် ပါတီရဲ့ တည်ဆောက်မှုတွေ မူဝါဒတွေကို အသေးစိတ် ဘယ်လို ဆက်လုပ်မလဲ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီ အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါတယ်။
မေး။ ။ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေက စစ်ဘေးရှောင် အရေး ပြောဆိုနေတာ၊ လုပ်ဆောင်နေတာတွေ ရှိတယ်။ စစ်ဘေးရှောင်အရေးနဲ့ ပတ်သက်ပြီး ရှေ့လျှောက် ပါတီက ဘာတွေများ ဆက်လုပ်သွားဖို့ ရှိလဲ။
ဖြေ။ ။ ကျမတို့မှာ ရေးရာ ကော်မတီ အဖွဲ့တွေ ရှိပါတယ်။ ပြည်ထောင်စု လွှတ်တော်ရယ် ရခိုင်ပြည်နယ် လွှတ်တော် ရယ်မှာ ကိုယ်စားလှယ်တွေ ရှိပါတယ်။ လွှတ်တော်ရဲ့ အခင်းအကျင်းမှာ ကိုယ့်ဒေသက ကိုယ့်မဲဆန္ဒရှင်တွေ ရခိုင် ပြည် သူတွေ ရခိုင်အမျိုးသား ပါတီကို ထောက်ခံတဲ့သူတွေ အတွက်ပဲ ဖြစ်စေ၊ မထောက်ခံတဲ့သူတွေ အတွက်ပဲ ဖြစ်စေ၊ ရခိုင်အရေးနဲ့ ပတ်သက်လာရင် လုပ်သင့်လုပ်ထိုက်တာ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာ ဟူသမျှကို လွှတ်တော် တွင်း လွှတ်တော်ပြင်ပ ဆောင်ရွက်မှုတွေနဲ့ ကျမတို့ ရှေ့ဆက်ပြီး အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပျက်နေတဲ့ စစ်ပဋိပက္ခတွေကြောင့် လူထုတွေ နစ်နာ ဆုံးရှုံးရတာ ရှိတယ်။ စစ် ဘေးရှောင် ကိစ္စတွေ ရှိတယ်။ ပါတီအနေနဲ့ အဲဒီဟာတွေမှာ တွန်းတွန်းတိုက်တိုက် ဘာတွေ ဆောင်ရွက်နေပါလဲ။
ဖြေ။ ။ ကျမတို့ကတော့ အဓိက ကူညီကယ်ဆယ်ရေး ကိစ္စကို ပြောတယ်။ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်ရသလဲ ဆိုတဲ့ ကောက်ချက်တွေကို ကျမတို့ ပွင့်ပွင့်လင်းလင်း ပြောသင့်ပြောထိုက်တဲ့ ဘောင်ထဲက ကျမတို့ ပြောတယ်။ ငြိမ်းချမ်းရေး ကို ဘယ်လို တည်ဆောက်ယူနိုင်မလဲ။ ဘာကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေးနေရသလဲ ဆိုတဲ့ အချက်တွေကိုလည်း ကျမတို့ ပြောတယ်။
မေး။ ။ လက်ရှိ အစိုးရရဲ့ စစ်ပဋိပက္ခ ဖြေရှင်းရေးနဲ့ စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ဘယ် လို ကိုင်တွယ်တာက ပိုမို ထိရောက်နိုင်မလဲ။
ဖြေ။ ။ ရခိုင်ပြည်နယ် အစိုးရရော၊ ဗဟို အစိုးရရော၊ ပြည်ထောင်စု အစိုးရပေါ့နော်။ စစ်ဘေးရှောင်ပဲ ပြောပြော၊ တိုက် ပွဲရှောင်ပဲ ပြောပြော၊ ဒီဒုက္ခရောက်နေကြတဲ့ လူထုနဲ့ ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းဟာ တော်တော်လေး ကို အားနည်းချက် ရှိတယ် ဆိုတာတော့ အားလုံး အမြင်ပါပဲ။
အဲဒီထဲမှာမှ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ စကားပြောပြီးတဲ့ နောက်မှာ သတင်းစာရှင်းလင်းပွဲတွေ လုပ်ရင် ပြောရေးဆိုခွင့်ရှိတဲ့ ဦးဇော်ဌေး တို့က Bilateral ထိုးဖို့ အတွက် ကြိုးစားနေပါတယ်။ အဲဒီလိုဆိုရင်တော့ အကူအညီပေး မယ်ဆိုတော့ ဆီပေးမှ ဆားရမယ် ဆိုတဲ့ အနေအထားမျိုး၊ မဆီမဆိုင်တဲ့ အနေအထားမျိုး။
နှစ်ဖက် တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့အစည်းတွေ ကြားမှာ ဒီသာမန် အရပ်သားတွေ ပြည်သူတွေကို တစုံတရာ ခုတုံး လုပ် တယ်လို့ပဲ ပြောမလား။ ကြားခံအနေနဲ့ အကြပ်ကိုင်တဲ့ အနေအထားပဲ ပြောမလား။ သူတို့ကပဲ bilateral မထိုးရင် ဒီလို ပဲ ဒုက္ခတွင်းမှာ ပစ်ထားမယ်ဆိုတဲ့ သဘောမျိုး၊ ထိုးမှပဲ ကူညီမယ်ဆိုတဲ့ အဆင့်မျိုးတွေက ဒီ ပြည်သူတွေအပေါ်မှာ တပြေးညီ သဘောထားရမယ့်ဟာ ပြည်ထောင်စု အစိုးရတရပ် အနေနဲ့ မလုပ်သင့်ဘူး။
မေး။ ။ အခု ရခိုင်ပြည်နယ်မှာ ကျမတို့ တွေ့ခဲ့တဲ့ စစ်ဘေးရှောင်တွေက တအားကို နေရပ်ပြန်ချင်ကြတယ်။ သူတို့ရဲ့ စိတ်ထဲမှာ မလုံခြုံမှု ခံစားနေရတယ်လို့လည်း ပြောကြတယ်။ သူတို့တွေအတွက် ပါတီဘက်ကနေ ဘာတွေ လုပ်ပေး နိုင်မလဲ။
ဖြေ။ ။ ကျမတို့ကတော့ နေရပ်ပြန်ချင်တဲ့ သူတွေ ပြန်ခွင့်ရအောင် ငြိမ်းချမ်းရေး ဆောင်ရွက်ပေးပါ။ အပစ်ခတ် ရပ်စဲ ရေးအတွက် သဘောထားကြီးနိုင်တဲ့ အဖွဲ့က စတင်ပြီးတော့ သဘောထားကြီးပေးပါ ဆိုတာပဲ ပြောနိုင်တယ်။ ကျမတို့ က ဒီလိုတိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေကို ပြောင်းရွှေ့ပေးနိုင်တာ မရှိဘူး။
ဒီလို ဒုက္ခဆင်းရဲ ရောက်နေကြတဲ့ စစ်ဘေးရှောင်စခန်းက လူတွေရဲ့ အခြေခံ စားဝတ်နေရေးကို မိမိတို့ ပါတီက တတ် နိုင်သမျှကို ကြိုးစားပမ်းစား ဆောင်ရွက်ပေးနေတာတွေ ရှိတယ်။
မေး။ ။ စစ်ပွဲတွေဖြစ်တော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်မှာ ရွေးကောက်ပွဲ ဖြစ်မှ ဖြစ်ပါ့မလားဆိုပြီး တချို့ သုံး သပ်မှု ရှိနေတယ်။ ဒီလိုအခြေအနေပေါ်မှာ ဆရာမတို့ အနေနဲ့ ဘယ်လောက်ထိ စိုးရိမ်မှုရှိလဲ။
ဖြေ။ ။ ကျမကတော့ စိုးရိမ်တယ်ဆိုတဲ့ စကားလုံးကို မသုံးချင်ဘူး။ ဒီအချုပ်အခြာ အာဏာပိုင်တဲ့ နယ်မြေတခုမှာ အခု လက်ရှိ အစိုးရတရပ်က နယ်မြေဒေသ အများစုကို ရွေးကောက်ပွဲတောင် မလုပ်နိုင်တော့ဘူးဆိုရင် အဲဒီ အစိုးရရဲ့ ဂုဏ် သိက္ခာနဲ့လည်း ဆိုင်တယ်လေ။
ဘာလို့လဲဆိုတော့ နိုင်ငံ တနိုင်ငံရဲ့ ရွေးကောက်ပွဲ ဖြစ် မဖြစ် ဆိုတာ အဲဒီနိုင်ငံရဲ့ ပြည်တွင်းရေး သပ်သပ်မဟုတ်ဘဲ ကမာ္ဘကကို အကဲဖြတ်စောင့်ကြည့်နေတဲ့ အချိန်မှာ အစိုးရ တရပ်ရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တယ်။ အဲဒါတော့ သိပ် အစိုးရိမ်ကြီး မစိုးရိမ်ဘူး။ ဒါပေမယ့် နိုင်ငံရေး ကလိမ်ကကျစ်တွေ နိုင်ငံရေး အနိုင်ကျင့်မှုတွေ အရ မလုပ်ကောင်းဘူး ဆိုတာ ရှိတယ်။
မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ဖို့ အတွက် ANP ပါတီ အနေနဲ့ ဘယ်လောက် အထိ မျှော်မှန်းထားလဲ။
ဖြေ။ ။ ကျမကတော့ ပါတီတခု ရပ်တည်ဖို့ ဆိုတာ နိုင်ငံရေး မူဝါဒ လမ်းစဉ် အပြင် ဥပဒေဘောင်ထဲက နိုင်ငံရေး ပါတီ မှာ လွှတ်တော် ကိုယ်စားလှယ် အများဆုံး အနိုင်ရခဲ့တယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပေဒထဲမှာ ပြည်နယ်၊ တိုင်းတွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ အရင်ဆုံး ပုဒ်မ ၂၆၁ ကို ပြောကြတယ်။
ဒါတွေ အခုထိ ပြင်ဆင်မှု မရှိသေးပေမယ့် အများစု အနိုင်ရခဲ့ရင်တော့ ကိုယ့်ကြမ္မာ ကိုယ်ဖွဲ့စည်းခွင့် ဆိုတဲ့ ဒီ ပြည်နယ် အစိုးရဖွဲ့ခွင့်ကို မျှော်မှန်းပြီးတော့ နိုင်ငံရေး လုပ်ကြတာ။ အဲဒီတော့ ကိုယ့်ပါတီ အများစု အနိုင်ရမယ့် နည်းကိုတော့ ကျမတို့က အမြဲတမ်း ကြံဆပြီးတော့ စဉ်းစားပြီးတော့ လုပ်နေကြတဲ့ အနေအထား ဖြစ်တယ်။
မေး။ ။ ဒီ ပုဒ်မ ၂၆၁ ကိစ္စ ပါလာတော့ အဲဒါကို ဖွဲ့စည်းပုံမှာ မပြင်နိုင်သေးဘဲနဲ့ ပြင်ဖို့ကာလလည်း သိပ်မကျန်တော့တဲ့ အချိန်မှာ ကိုယ်က၂၀၁၅ လိုပဲ အများစု အနိုင်ရခဲ့ရင်တောင် ဒီလို (လက်ရှိ) အခြေအနေလိုပဲ ဆက်ဖြစ်လာနိုင်သလား။ ဒီအတွက် ဆရာမတို့ ပြင်ဆင်မှု ကရော။
ဖြေ။ ။ ဒါတွေကြောင့်ပဲ ကျမတို့က လွှတ်တော် အတွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ၄၅ ဦး ကော်မတီက နုတ်ထွက်ရတဲ့ အဆင့်ဟာ တချိန်ချိန်မှာ ၂၀၀၈ ကို ပြင်ပါမယ်။ ၂၀၀၈ ကို မကြိုက်ဘူး။ ဒါပေမယ့် တချိန်ချိန်မှာတော့ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ လွှတ်တော် အခင်းအကျင်းထဲကို ဝင်ခဲ့ကြတာ။
တကယ်တမ်း ပြင်ဆင်ရမယ့် အချိန်မှာ တကယ်လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုလား၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုလား။ ဖက်ဒရယ်ဆိုတဲ့ တိုင်းနဲ့ ပြည်နယ်တွေ တန်းတူညီမျှမှု၊ တိုင်း ရင်းသား အများစု စုပေါင်းနေထိုင်ကြတဲ့ နေရာတွေ အဲဒီ အနေအထား အခင်းအကျင်းကို မျှော်မှန်းကြရဲ့သားနဲ့ ဒီဘက် မှာ ၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ရှိတယ်။ အဲဒီမှာလည်း တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့် ဒီဖက်ဒရယ် အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတယ်။
ဒါပေမယ့် တကယ်တမ်း ပြင်ဆင်မယ့် အချိန်မှာ အဲဒီ စကားလုံးလေး တလုံးလေးတောင်မှ မထည့်နိုင်တဲ့ အနေအထား တွေက၊ ဒီ ၂၆၁ လို ပုဒ်မတွေ ပြင်ဖို့ အနေအထားတွေ ကတော့ ပြည်သူတွေကို မျှော်လင့်ချက် ပေးခဲ့တာတွေ ကတိက ဝတ် ပေးခဲ့တာတွေ၊ နောက် ကိုယ်တို့ရဲ့ ရည်မှန်းထားတဲ့ ကိစ္စတွေ အရမ်းကို မှုန်ဝါးသွားတဲ့ အနေအထားမှာတော့ ပြင် ချင်တယ်။ ပြင်ဖို့ အတွက်လည်း ၈၅၈ ချက်တောင်မှ တင်ခဲ့တယ်။
ဒါပေမယ့် တကယ်တမ်း ပြင်သင့် ပြင်ထိုက်တဲ့ ညှိနှိုင်းမှုကိုတောင်မှ မရဘူး ဆိုတော့ ဒီ ပြင်ဆင်မှုမှာ ရေလိုက်ငါးလိုက် နေတာထက် သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ ခရီးမရောက်တော့ဘူး ဆိုရင် တခြား ရပ်တည်ချက် တခုခုကို ရပ်တည် ရလိမ့်မယ်။ ၄၅ ဦး ကော်မတီက အန်တီတို့ ပါတီ ကိုယ်စားလှယ်တွေ နုတ်ထွက်ခဲ့ရတဲ့ အနေအထားတွေ ဖြစ်တယ်။
ကိုယ်တို့ကတော့ ပြည်ထောင်စုမှာ အာဏာရတဲ့ ပါတီ မဟုတ်ဆိုတော့ ပြင်နိုင်မယ့် အခင်းအကျင်းတွေမှာ ပြင်နိုင်မယ့် အဖွဲ့အစည်းတွေနဲ့တော့ အမြဲတမ်း ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။
မေး။ ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီက နုတ်ထွက်လိုက်ပြီးတော ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဘယ်လို ပူးပေါင်း ဆောင်ရွက်မှု ဆက်လုပ်သွားမှာလဲ။
ဖြေ။ ။ ဒါကတော့ နိုင်ငံရေးဆိုတာ တိမ်တောင်သဖွယ် မင်းရေးကျယ်ပေါ့လေ။ ဒီလို ၄၅ ဦး ကော်မတီရှိရဲ့သားနဲ့ ပြည် ထောင်စုဘက်က တင်တာတွေ၊ တပ်မတော်ဘက်က တင်တာတွေ စသဖြင့် ဘယ်သူကပဲ တင်ရမယ်ဆိုတာ။ တကယ် တမ်း အားဖြင့် ပြည်သူကို မျက်နှာမူမယ့် ပြည်သူ့ အကျိုးကို ရှေးရှုမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အမှန်တကယ် ပြင်သင့် ပြင် ထိုက်တဲ့ အချက်အလက်ကို ပြင်ရမယ်။ ဒီ တန်းတူရေးကို မျှော်မှန်းပြီးတော့ ဒီမိုကရေစီကို မျှော်မှန်းပြီးတော့ ဆိုရင် အန်တီတို့ကလည်း ဘယ်အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ အဆင်သင့် ရှိပါတယ်။
You May Also Like These Stories:
Bilateral ထိုးနိုင်ရေး အောက်တိုဘာ ဆွေးနွေးပွဲ အလုပ်ဖြစ်မှာလား
တရုတ် လမ်းညွှန်မှုအောက်က ငြိမ်းချမ်းရေး ခရီးမရောက်
တရုတ်အထူးကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးယွက်စစ်ကို ဘာကြောင့်တွေ့တာလဲ