ချင်းပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည့် အချိန်မှ စ၍ အစိုးရက ပေးသည့် မီးစက်ဖြင့်သာ လျှပ်စစ်မီး ရရှိကြပြီး တနေ့လျှင် ၃ နာရီသာ သုံးစွဲခွင့် ရကြရာ ထိုအခြေအနေက ချင်းပြည်နယ်က ဖွံ့ဖြိုးမှု နောက်ကျရခြင်း အကြောင်းအရင်းများထဲမှ ၁ ခု ဖြစ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။
၂၀၁၆ ခုနှစ် ကတည်းက လွှတ်တော်တွင် ချင်းပြည်နယ်အတွက် လျှပ်စစ် မီး ၅၀ ရာခိုင်နှုန်း ပေးမည်ဟု သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားထားသော်လည်း အမှန်တကယ် ရရှိ မှုက ၂၇ ရာခိုင်နှုန်းသာ ရှိသေးသည်။
ထို့သို့ မီးမရရှိမှုကြောင့် ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းတွင် များစွာ အခက်အခဲဖြစ်ရသည်ဟု ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် က ပြောထားသည်။
ထို့ကြောင့် ပြည်ထောင်စုက ချထားပေးသည့် ချင်းပြည်နယ် အတွက် ဘတ်ဂျက် ခွဲဝေမှု အခြေအနေ အပါအဝင် ရေအားလျှပ်စစ် ထုတ်လုပ်မှု၊ လက်ရှိ မီးရရှိမှုနှင့် ပတ်သက်ပြီး ချင်းပြည်နယ် စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်အား ဧရာဝတီ သတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ ချင်းပြည်နယ်ကို လျှပ်စစ်မီးလွှမ်းခြုံနိုင်မှုက ၅၀ ရာခိုင်နှုန်း ပြည့်မီသွားပြီလား။
ဖြေ ။ ။ ချင်းပြည်နယ် တခုလုံးကို လျှပ်စစ်ပေးနေတာ ၂၇ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ မြို့နယ် ၉ ခုမှာ ၅ မြို့နယ် ပဲ ရသေးတယ်။ မြောက်ပိုင်းမှာဆိုရင် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တောင်ပိုင်းမှာဆိုရင် ကန်ပလက်၊ မင်းတပ် ပဲ မီးရသေးတာ။ မကြာခင်ရမှာကတော့ မတူပီပေါ့။ ရဖို့ အနီးစပ်ဆုံးကတော့ မင်းတပ် ကနေဆွဲတဲ့ မတူပီ ကတော့ ဒီနှစ်ကုန်ရင် မီးရမှာပါ။ တီးတိန်၊ တွန်းဇံနဲ့ ပလက်ဝက မီးမရသေးဘူး။
သူတို့မရဘူးဆိုတာ ဂရစ်လိုင်း မရတာပါ။ အရင်ကတော့ မီးစက်နဲ့ ကတော့ ညနေ ၃ နာရီလောက်ဆို မောင်းတယ်။ ပြည်ထောင်စုက ပေးတာ က ၅ မြို့နယ်ပဲ ပေးတယ်။ ဒါတောင် မီးရတာ ၄ နှစ်လောက်ပဲ ရှိသေးတယ်။ မီးစက်နဲ့က အစိုးရက ပေးထား ရတာ။ လွတ်လပ်ရေး ရပြီးကတည်းက မီးစက်နဲ့ပဲ ပေးတာ။ ညနေ ၆ နာရီ လောက်ကနေ ည ၉ နာရီလောက် အထိကို ၁ ယူနစ်ကို အစိုးရနှုန်းထား အတိုင်း ကောက်ခံတယ်။ အဲဒီတော့ ကျနော်တို့ ရှုံးတာပေါ့။
မီးစက်အတွက် သူ့ပါဝါအလိုက် ဆီပေးတာပေါ့။ မီးက ရတယ်ဆိုရုံလေးပဲ။ ဘာမှ လုပ်လို့ မရဘူး။ ထမင်းလည်း ချက်လို့မရဘူး။ ၄ မြို့နယ်လုံးက တနေ့မှ ၃ နာရီလောက် မီးနဲ့နေရတယ်။ နှစ်ပေါင်း ၇၀ လုံးလုံးပဲ။ ၅ မြို့နယ် မီးရတာကလည်း အခုမှ ၃ နှစ်လောက်ပဲ ရှိသေးတယ်။
မေး ။ ။ ချင်းပြည်နယ်အတွင်း ရေအားလျှပ်စစ်လုပ်နေတာ ဘယ်နှခုလောက်များ ရှိပါလဲ။
ဖြေ ။ ။ ချင်းပြည်နယ်အတွင်း ရေအားလျှပ်စစ် လုပ်နေတာ ရှိတယ်။ ဆာဗေး တိုင်းပြီးသား ၂၄ ခု ရှိတယ်။ ရေအား လျှပ်စစ်မှာ ၃ မျိုး ခွဲထားတယ်။ အသေးစား ၁၀ မဂ္ဂါဝပ်အောက်၊ ၁၀ အထက် ၃၀ ကြား၊ ၃၀ က အကြီးစား။ အကြီးစား ကတော့ ဆာဗေး ဆင်းပြီးသား ၃ နေရာရှိတယ်။ မဏိပူရလျှပ်စစ်ဆိုတာ ဖလမ်းနယ် ထဲမှာ မဏိပူ ၃၈၀ ဆိုတာ ရှိတယ်။ အဲဒါက ၂၀၀၄ ကတည်းက ဆာဗေးဆင်းပြီး လုပ်ထားတာ ၁၉ ရာခိုင်နှုန်း လောက် ပြီးနေပြီ။
ဆည်မြောင်းနဲ့ လျှပ်စစ်နှစ်ခုပေါင်းပြီး လုပ်တာ စစ်ကိုင်းတိုင်းထဲမှာ လယ်မြေ ၅ သောင်းလောက် ရေပေးဖို့နဲ့ လျှပ်စစ်ပေးဖို့ လုပ်တာ။ အဲဒါက ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ရပ်လိုက်တယ်။ အဲဒါက အခုအထိ မပြီးဘူးပေါ့။
အခု ပြန်လုပ်ဖို့အတွက်ကို ပြည်ထောင်စုအစိုးရကို တင်ထားတယ်။ ကုမ္ပဏီက လုပ်မလား၊ အစိုးရက လုပ် မလားဆိုတာ။ အစိုးရကလုပ်မယ် ဆိုလည်း ကျပ် သန်း ၆၀၀ ကုန်မယ်။ အဲဒါဆို ဘတ်ဂျက် လည်း မထည့်နိုင်ဘူး။ လုပ်လည်း မလုပ်ဘူး ဆိုရင် ကျနော်တို့အစိုးရ အဖွဲ့အနေနဲ့တော့ လျှပ်စစ်မီးက ချင်း ပြည်နယ် တခုလုံးကို ၅၀ ရာခိုင်နှုန်း လွှမ်းခြုံပြီလို့ ပြောလို့မရသေးပါဘူး။ လက်ရှိမှာ ကျနော်တို့က လျှပ်စစ်မီး ၂၇ ရာခိုင်နှုန်း လောက်ပဲ ရသေးတာပါ။ ဒီဇင်ဘာကုန်မှာ ၂၉ ရာခိုင်နှုန်း ပြည့်မှာပါ။
အဲဒါလုပ်ဖို့အတွက်ကို နိုင်ငံတော်ကိုတင်တဲ့ အခါကျတော့ လျှပ်စစ်ကလည်း သူတို့လုပ်ချင်တယ်။ ဆည်မြောင်း ကလည်း သူတို့လုပ်ချင်တယ်။ ဒါပေမယ့် နိုင်ငံတော်က ဘတ်ဂျက် မချပေးနိုင်ဘူး။ အဲဒီလို မချပေးရင် ကြာမှာ ဆိုတော့ ကျနော်က နိုင်ငံတကာ ချေးငွေနဲ့လုပ်ပေးပါ။ World Bank ကဖြစ်ဖြစ် တခြားရင်းနှီးမြှုပ်နှံ နိုင်တဲ့ နေရာ က ဖြစ်ဖြစ် ချေးပေးပါ။ ဒါမှမဟုတ်ရင်လည်း လုံးဝ ကုမ္ပဏီကို ပေးလိုက် ပြည်တွင်းကုမ္ပဏီနဲ့ဆို တိုက်ရိုက်တော့ မရဘူး။
အရင်က ပြည်တွင်း ကုမ္ပဏီ စိန်အင်တာပရိုက်နဲ့ ချိုင်းနားဟာဘက် ကုမ္ပဏီ ၂ ခုပေါင်းပြီး လုပ်ဖို့ လျာထား တယ်။ ဒါပေမယ့် ဆာဗေး ဆင်းတဲ့အချိန်မှာ သူက MOU သက်တမ်းက ၁ နှစ်ပဲ။ ၁ နှစ်အတွင်းမှာ သူတို့က ဒေတာတွေကို အသေးစိတ် မပေးနိုင်ဘူးလို့ ရေအားလျှပ်စစ်က ပြောတယ်။ ကျနော်က အစောကြီး အချိန်မီ တင်တယ်။ ဒါပေမယ့် အစိုးရက အဲဒါကို ချမပေးဘူး။ ၆ လ သက်တမ်း ထပ်တိုးပေးဖို့ တောင်းတာကို ခွင့်မပြုတဲ့ အတွက် MOU သက်တမ်းက ကုန်သွားတယ်။ ကျနော်တို့က အစိုးရနဲ့ လုပ်သည်ဖြစ်စေ၊ နိုင်ငံခြားက ပိုက်ဆံ ချေးပြီး အစိုးရက လုပ်စေချင်တယ်။ ၃၈၀ မဂ္ဂါဝပ်ဆိုရင် မနည်းဘူးလေ။ ဒီမှာတောင် အခုသုံးနေတာ ၄၅၀၀ မဂ္ဂါဝပ် လောက်ပဲ ရှိတယ်။ ဒီက ၃၈၀ လောက် ရလိုက်မယ်ဆိုရင် အကုန်လုံးကို လွှမ်းခြုံသွားမှာပေါ့။
မေး ။ ။ ၂၀၂၀ ပြည်ထောင်စုဘတ်ဂျက်မှာ လျှပ်စစ်ကဏ္ဍကို ပိုပေးထားတာဆိုတော့ ချင်းပြည်နယ်အတွက် ပိုမပေးဘူးလား။ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ ဘယ်ပေးမလဲ။ နည်းနည်းလေးပဲထည့်တယ်။ ကျပ် သန်း ၆၀၀ လိုတဲ့ကိစ္စကို အခုဘယ် လောက် ထည့်ပေးထားသလဲဆိုတော့ ဆည်မြောင်းဆို အမေရိကန်ဒေါ်လာ သန်း ၅၀ ပဲထည့်တာ။ နောက်တခါ တကယ် အလုပ်လုပ်မယ့် လျှပ်စစ်ဌာန အဲဒါ ဒေါ်လာ သန်းပေါင်း ၁၉၇ သန်းပဲ ထည့်တာ။ အဲဒါ လျှပ်စစ် အတွက် ဘာမှလုပ်လို့မရဘူး။ လိုတာက ကုဋေပေါင်း အများကြီးလိုတာ။
လမ်းပန်းဆက်သွယ်ရေးက အခု ၂၀၁၆ နောက်ပိုင်းမှာ ပိုကောင်းလာတယ်။ ဒါကြောင့် ခရီးသွားတွေလည်း အများအပြား ဝင်ရောက်လာတယ်။ ခရီးသွားတွေ တိုးလာတယ်။ ကျနော်တို့ လွတ်လပ်ရေး ရပြီးကတည်းက ဒီဇယ်နဲ့ပဲ လာခဲ့ရတာ။ တချို့နေရာတွေမှာ ရေအားလျှပ်စစ်ရရင်တော့ သုံးလို့ရတာပေါ့။ လျှပ်စစ်မီးရတာက လူနေမှုစနစ်ကို ပြောင်းလဲစေတယ်။ ဂရစ်လိုင်း ရတာဆိုလို့ ၅ မြို့နယ်ပဲရှိသေးတာ။ မြောက်ပိုင်းမှာ ၃ မြို့နယ်နဲ့ တောင်ပိုင်းမှာ ၂ မြို့နယ်ပဲ မီးရသေးတာပါ။ တီးတိန်၊ တွန်းဇံ၊ ပလက်ဝကတော့ အခု မဟာဓါတ်အားလိုင်း ရအောင် လုပ်နေတယ်။
ဒီ ၃ မြို့နယ်ကို JICA နဲ့လုပ်မယ်ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီးပြီ။ အခု ၂၀၂၀ ထဲမှာ စာချုပ်ချုပ် MOU ထိုးပြီး တင်ဒါခေါ်တာ လုပ်လိမ့်မယ်ထင်တယ်။ ၂၀၂၁ လောက်မှာတော့ လျှပ်စစ်မီး ဂရစ်လိုင်း ရလိမ့်မယ်လို့ ထင်တယ်။ လျှပ်စစ်မီးရမှ ဟိုတယ်ခရီးလုပ်ငန်းတွေက ဖွံ့ဖြိုးလာတာ။ လျှပ်စစ်မီးမရတော့ ရေတင် လို့ မရတော့ဘူး။ ဝန်ဆောင်မှုတွေ ပေးလို့မရတော့ ခရီးသွားလုပ်ငန်းက လာသင့်သလောက် မလာတော့ဘူး။
မေး ။ ။ လျှပ်စစ်မီးရရှိဖို့အတွက် တင်ပြထားတာ ဘယ်အချိန်ကတည်းကလဲ။
ဖြေ ။ ။ ကျနော်တို့က ပြည်ထောင်စုကို မဟာဓါတ်အားလိုင်း ရဖို့အတွက် တင်ပြတဲ့အချိန်မှာ ဘတ်ဂျက်မပေးနိုင် တော့ဘူး။ ဘတ်ဂျက် မရတော့ ဂျပန်ချေးငွေနဲ့လုပ်မှာ။ သူများနိုင်ငံက ချေးငွေကတော့ ကြာတာကိုး။ အမှန်က ၂၀၁၆ ကတည်းက လွှတ်တော်မှာ လျှပ်စစ်မီး ၅၀ ရာခိုင်နှုန်း ရမယ်လို့ ဝန်ကြီးဌာနက အာမခံထားတယ်။ ဒါပေမယ့် အခုအချိန်အထိ မဖြစ်လာသေးဘူး။ အဲဒါကြောင့် ၂၀၁၉ မှာ မီးမပေးနိုင်ဘဲ ၂၀၂၀ စာချုပ်ချုပ်၊ တင်ဒါခေါ်တဲ့ အဆင့်ဆိုရင် ၂၀၂၁ လောက်မှ မြို့နယ်အကြီး ၃ ခုက ရမှာ။ တအားနောက်ကျတယ်။
အဲဒါကြောင့် ကျနော်ပြီးခဲ့တဲ့ လပိုင်းက မီတာခ နည်းနည်းတိုးလိုက်တယ်။ တိုးတာတော့ မဟုတ်ဘူး အခြေခံက ၃၅ ကျပ်ပဲ။ ကြားမှာ နည်းနည်းပါးပါး တိုးလိုက်တော့ လူတွေက ဆန္ဒပြကြတယ်။ ပြောရရင်တော့ ကျနော်တို့ တောင်တန်း ဒေသက လူတွေအတွက်ဆိုရင် မီတာခတိုးမှ လျှပ်စစ်မီး ထပ်ဖြန့်နိုင်တာလေ။ မီတာခ တိုးတဲ့ အတွက် လျှပ်စစ်ကို ချွေတာသွားကြမှာ။ ချွေတာတဲ့အတွက် မြို့ပေါ်မှာလည်း ပိုကောင်းသွားတယ်။ နယ်တွေကိုလည်း လျှပ်စစ်ပိုပေးနိုင်တာပေါ့။
တကယ်ဆိုရင် မီးရတဲ့မြို့တွေကို တယူနစ်ကို ၃၅ ကျပ်နဲ့ ကောက်ခံနေပေမယ့် တကယ့် လျှပ်စစ်က ထုတ်ပြန် ထားတာက ၁၁၅ ကျပ် လောက်ရှိတယ်။ အဲဒါကို ၃၅ ကျပ်နဲ့ နိုင်ငံတော်က လျော့ပေးထားတာ။ မြို့ပေါ်မှာ မီးရပြီး တော့ နယ်တွေမှာ မီးမရတာ လွတ်လပ်ရေး ရပြီးကတည်းကဆိုတော့ အရမ်း ကွာဟချက်တွေ ကြီးသွား တယ်။ ဒါကိုလည်း အများသူငါကို သိစေချင်တယ်။
မေး ။ ။ ပြည်ထောင်စုကနေ ချင်းပြည်နယ်အတွက် ပေးတဲ့ဘတ်ဂျက်က ဘယ်လောက်ရသလဲ။
ဖြေ ။ ။ နှစ်တိုင်းကို အတိအကျ ပေးတာမရှိဘူး။ မရှိတော့ အခုလုပ်နေတာက ၂၀၁၉- ၂၀၂၀ ဘတ်ဂျက်က အခု ချင်းပြည်နယ်၊ ပြည်နယ်ဘတ်ဂျက်ကနေ ၇.၃ ဘီလီယံရတယ်။ ၇.၃ ဘီလီယံဆိုတာ သူများမြို့နယ်မှာဆိုရင် တမြို့နယ်စာ ပဲရှိတယ်။ ပြည်နယ်တခုလုံးမှာ ၇.၃ ဘီလီယံပဲ သုံးနိုင်သေးတယ်။ ပြည်ထောင်စု ဘတ်ဂျက် ကတော့ ပုံမှန် မရှိဘူး။
ပြည်ထောင်စု ဘတ်ဂျက်က ဘယ်လိုလဲဆိုတာ့ ၁၁ ကေဗွီ နဲ့အောက်ဆိုရင် ပြည်နယ်ဘတ်ဂျက်နဲ့လုပ်တယ်။ ၃၃-၆၆ ကေဗွီ ကျရင် ပြည်ထောင်စုက လုပ်တယ်။ ဆိုတော့ အဲဒီ ၃၃- ၆၆ ကေဗွီ ဆိုရင်လည်း ပြည်ထောင်စုက လုပ်တာ ဆိုလည်း ပုံမှန ်မရှိဘူး။ အမှန်ဆိုရင် ပြည်ထောင်စု ဘတ်ဂျက်က မီးမရသေးတဲ့ မြို့ ၃ မြို့ကို ၆၆ ကေဗွီ ထည့်ပေးလိုက်မယ်ဆိုရင် ဘတ်ဂျက် ထည့်ပေးလိုက်မယ်ဆိုရင် မီးက ချက်ခြင်းရသွားမှာပါ။
ပလက်ဝမှာ မီးရဖို့အတွက်ဆိုရင် မြန်မာကျပ်ငွေ ၅ ဘီလီယံပဲ လိုတယ်။ စမီးမြို့ အတွက်ဆိုရင် ၆ ဘီလီယံ၊ တီးတိန် အတွက်ဆိုရင်လည်း ၅ ဘီလီယံလိုမယ်။ တွန်းဇံ အတွက်ဆိုရင် ၆ ဘီလီယံလောက်ပဲ လိုမယ်။ မြို့တမြို့ကို အဲဒီလောက်ပဲ ပြည်ထောင်စုက ထည့်နိုင်ရင်ကို ရနိုင်ပေမယ့် ကျနော်တို့ဒေသက အခုအချိန်အထိ မရနိုင်သေးဘူး။ ပြည်ထောင်စုဘတ်ဂျက်က မထည့်ပေးသေးဘူး။
မေး ။ ။ ဖွံ့ဖြိုးမှုနည်းတဲ့ နာဂတို့၊ ချင်းတို့ကို ဘတ်ဂျက်ပိုပေးဖို့ ပြောထားတာရှိတယ်လို့ ဝန်ကြီးချုပ်က ပြောတယ်။ အဲဒါ အခုပိုမပေးဘူးလား။
ဖြေ ။ ။ ဘတ်ဂျက်က ဟိုးအရင်တုန်းကလည်း အခွန်ပေါ့။ ကျနော်တို့ ချင်းပြည်နယ်က သယံဇာတ ဘာမှ မထွက်ဘူးလေ။ အဲဒီလို မထွက်တဲ့အတွက် ချင်းပြည်နယ်က နိုင်ငံတော်ကို အခွန်ဘဏ္ဍာသွင်းတာ နည်းလိမ့် မယ်။ နည်းတဲ့အပေါ် မူတည်ပြီးမှ ဘတ်ဂျက်ကို နည်းနည်းပဲ ပေးတဲ့အတွက် အဲဒါက ဖွံ့ဖြိုးမှု အနိမ့်ဆုံး ဖြစ်သွားစေတဲ့ ကိစ္စ ဖြစ်တယ်။ အမှန်က ဖွံ့ဖြိုးမှုနည်းတဲ့ဒေသကို ပိုထည့်ပေးရမှာ။
ကျနော်တို့ လွတ်လပ်ရေးရဖို့ ချင်းက ၃ ယောက်တောင်ပါတယ်။ တောင်တန်းဒေသနဲ့ ပူးတွဲပြီး လွတ်လပ်ရေး ယူမယ်။ တန်းတူညီမျှနေမယ်လို့ ပြောခဲ့တယ်။ အဲဒါတွေက အခုမဖြစ်လာဘူး။ နှစ်ပေါင်း ၇၀ လုံးလုံး ဖွံ့ဖြိုးမှု နောက်ကျပြီး ကျန်ခဲ့တယ်။
ဒါပေမယ့် အခု ဒီမိုကရေစီခေတ် ဖြစ်တယ်။ ၂၀၁၀ ကနေစပြီးတော့ အရင်ထက်စာရင် ဖွံ့ဖြိုးမှုရှိလာတယ်။ ၂၀၁၅ မှာ NLD ပါတီ အနိုင်ရတဲ့အချိန်မှာ ပိုပြီးဖွံ့ဖြိုးလာတယ်။ ဘာကြောင့်ဖွံ့ဖြိုးလာလဲဆိုတော့ ကျနော်တို့ ဆီကနေ ဒုသမ္မတ ၂ ခန့်ပေးတဲ့ အချိန်ကျမှ ကျနော်တို့ရဲ့ လိုအပ်ချက်တွေကို တင်ပြ တောင်းခံပြီး ဖြည့်ဆည်း ပေးတဲ့အတွက် အခုဆိုရင် အရင်ထက်စာရင် ဘတ်ဂျက်တွေ နည်းနည်းများလာတယ်။
ဒါတောင်မှ လျှပ်စစ်မီးက မြို့နယ် ၉ ခုလုံး မရသလို လမ်းပန်းဆက်သွယ်ရေးကလည်း အခုမှ ကောင်းလာတာ။ ချင်းပြည်နယ်ကို မြို့နယ် ၉ ခုပတ်ဖို့က တပတ်လောက်တောင် မလောက်ဘူး။ ဘာလို့လည်းဆိုတော့ လမ်းတွေ မကောင်းသေးဘူး။ လျှပ်စစ်လည်း ၂၇ ရာခိုင်နှုန်းပဲ လွှမ်းခြုံသေးတာ ဖြစ်တဲ့အတွက် ပြည်ထောင်စုက ဘတ်ဂျက် ထည့်ပေးရင် ကောင်းတာပေါ့။ ဒါပေမယ့် ဦးစားပေးအဆင့်က မြို့ပေါ်မှာချည်းပဲ ကျသလိုပဲ ဖွံ့ဖြိုးပြီး သား နေရာကိုပဲ ဦးစားပေးသလိုပဲ။ အဲဒါကြောင့် တိုင်းရင်းသားတွေက တချို့နေရာမှာ ဖက်ဒရယ် ဆိုတာကို ပြောလာကြတာ။ တောင်းဆိုလာတာပေါ့။
မေး ။ ။ ဒါဆိုရင် ၂၀၂၁ မှာ ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ ခုလုံး ပေးနိုင်မယ့် အနေအထားရှိလား။
ဖြေ ။ ။ ဒါကို ကျနော်တို့ ယုံကြည်တာ။ ဒါပေမယ့် planning ဆိုတာ အမျိုးမျိုးပြောင်းတာလေ။ တကယ်က ၉ မြို့နယ်လုံးကို ၂၀၁၆ ကတည်းက လျှပ်စစ်မီးရမယ်လို့ ပြည်ထောင်စုဝန်ကြီးတွေကလည်း ဖြေခဲ့တယ်။ အခုအချိန်အထိ မီးမရဘူး။ အဓိက ဘတ်ဂျက် မချပေးလို့ပေါ့။ ဘတ်ဂျက်ချပေးရင်တော့ ခဏလေးနဲ့ ပြီး သွားမယ့်ကိစ္စပဲ။
သူတို့ဘတ်ဂျက် ချမပေးနိုင်တာကလည်း သူတို့မှာ ဦးစားပေးရမယ့် အဆင့်တွေ အများကြီးရှိမှာပါ။ တခြားကို ဦးစားပေးရမယ့် ဟာတွေများတော့ ကျနော်တို့ဘက်ကို မပေးနိုင်တာလည်း ဖြစ်မှာပါ။ ပြည်ထောင်စု ဘတ်ဂျက်နဲ့ ဆိုရင် ရသွားနိုင်တယ်။ ၅ ဘီလီယံဆိုတာ နိုင်ငံတော်အတွက် ဘာမှ မရှိဘူး။ အခုဆိုရင် မီတာခ နည်းနည်း တိုးမြှင့်လိုက်တဲ့အတွက် သက်သာသွားတာပေါ့။
အရင်ကဆို လျှပ်စစ်မီးက ဘီလီယံပေါင်း ၄၅၀၊ ၅၀၀ လောက် အရှုံးခံနေတာ။ အဲဒီလိုအရှုံးခံတဲ့အတွက် တိုင်းရင်းသားဒေသတွေကို ပေးလို့မရတော့ဘူး။ အခုက မရှုံးတော့ဘဲနဲ့ အရင်းလောက် ဖြစ်သွားမယ်ဆိုရင် ပိုလာတဲ့ လျှပ်စစ်အတွက် ကုန်ကျမယ့်ငွေတွေကို ကျန်တဲ့နေရာတွေကို ဖြည့်ဆည်းလို့ရနိုင်တာပေါ့။
မေး ။ ။ ချင်းပြည်နယ် ဖွံ့ဖြိုးမှုအတွက် ဝန်ကြီးအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ချင်းပြည်နယ်က လမ်းပန်းဆက်သွယ်ရေး အင်မတန်မှ ခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အတွက်လည်း အခုလို တောတောင်တွေ ကျန်နေတာပေါ့။ အခုမှ လမ်းတွေ ဖောက်ရလို့ တောင်ကြောပေါ်မှာ မြေအနီကြီးတွေ တွေ့နေရတာဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့တဲ့အတွက် သယံဇာတ တောတောင်တွေ ကျန်နေသေးတာပါ။ ကျနော်တို့ ချင်းတွေက ရွေ့ပြောင်းတောင်ယာ စိုက်တယ်။
စိုက်တဲ့အတွက် ဆင်းရဲနေတာ။ ဝမ်းစာလည်း မဖူလုံဘူး။ တောင်ယာအလုပ်က ၃ ပုံ ၁ ပုံလောက်ပဲ ဝမ်းစာ ရတော့ ၃ လလောက်ပဲ စားလို့ရတယ်။ အဓိကကတော့ နယ်မြေ မအေးချမ်းတာရယ်၊ လမ်းပန်းဆက်သွယ် ရေး မကောင်းတာရယ်၊ ဖွံ့ဖြိုးမှု မရှိတာရယ်ကြောင့် ကျနော်တို့ဒေသမှာ ရှိတဲ့လူငယ်၊ လူရွယ်တွေ အကုန်လုံး နိုင်ငံခြား ထွက်သွားပြီ။
မိဘတွေလည်း ထွက်သွားတယ်။ သားသမီးတွေလည်း ထွက်သွားတယ်။ လူဦးရေက ၅ သိန်းကျော်ဆိုတာ အဲဒါကြောင့်ဖြစ်နေတာ။ နိုင်ငံပေါင်းစုံကို သွားရောက်အလုပ်လုပ်ကြပြီး အဲဒီလူတွေက ပို့တဲ့ပိုက်ဆံနဲ့ ရပ်တည် ထမင်းစားနေကြတာ များတယ်။ နောက်တောင်စောင်းတွေမှာ အိမ်ဆောက်နေရတယ်ဆိုတာ ပြည်မနဲ့ မတူဘူး။ ခက်ခက်ခဲခဲနဲ့ ဘဝကို ရှင်သန်နေရတဲ့ ပတ်ဝန်းကျင်ဖြစ်တယ်။ သွပ်မိုးသွပ်ကာနဲ့ပဲ နေကြရတယ်။ ပြည်မမှာဆို သွပ်မိုးသွပ်ကာက ပူလို့ နေနိုင်မှာတောင် မဟုတ်ဘူး။ ဒီမှာက အေးတဲ့ရာသီမို့ နေနိုင်တာ။
ကျနော်တို့ ချင်းပြည်နယ် ဖွံ့ဖြိုးဖို့အတွက် ရေနဲ့ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမယ်ဆိုရင် ကျနော်တို့က ဟိုတယ်ခရီးလုပ်ငန်းကို ဖွံ့ဖြိုးအောင် လုပ်ချင်တယ်။ အခုလည်း ပြည်တွင်း၊ ပြည်ပ ခရီးသွား တွေက ချင်းပြည်နယ်ကို ပိုပြီး အာရုံစိုက်လာကြတယ်။
နောက် အိန္နိယဘက်ခြမ်း မတူပီနယ်စပ်မှာရှိတဲ့ လွိုင်လင်ပူမြို့မှာ လေယာဉ်ကွင်းလေး လုပ်နေတယ်။ သူက နိုင်ငံတကာ အကူအညီနဲ့လုပ်တာ။ အဲဒီလေယာဉ်ကွင်း ၂ ကွင်း ဖွင့်ပြီးသွားပြီ ဆိုရင်တော့ ခရီးသွားတွေ အများကြီးလာဖို့ အဆင်ပြေမယ်။
You may also like these stories:
ပညာရေးကဏ္ဍတွင် ဗဟိုချုပ်ကိုင်မှုများ ရှိနေဆဲဟု ဝေဖန်ခံရ
တိုင်းရင်းသားရေးရာ ကော်မတီကို NLD ဘာအတွက် ဖွဲ့တာလဲ
ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီရဲ့ လုပ်ငန်းတွေကို တပ်မတော် ဘာကြောင့် ကန့်ကွက်သလဲ