ဧပြီလ ၂၁ ရက်နေ့စွဲဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက် တစောင် ထုတ်ပြန် လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပလက်ဝဒေသခံများ အတွက် ရိက္ခာဆန်များ ပေးပို့နိုင်ခဲ့သဖြင့် ဝမ်းသာကြောင်း၊ ပလက်ဝမြို့ နယ် တည်ငြိမ်အေးချမ်းလာပါက ဒေသခံ ပြည်သူများ၏ စားဝတ်နေရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ရေးသားထားသည်။
ထုတ်ပြန်ချက် အပိုဒ် သုံးတွင် COVID -19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးကို အစိုးရ၊ ပြည်သူ၊ စေတနာ့ ဝန်ထမ်းများ ဝိုင်း ဝန်း ကြိုးပမ်းနေကြစဉ်တွင် ရက္ခိုင်စစ်တပ် (ULA/AA) အကြမ်းဖက် အုပ်စုသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန် တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ အားလုံးကို အသိအမှတ်ပြု ချီးကျုးကြောင်း ဖော်ပြထား သည်။
ထိုပြင် ထုတ်ပြန်ချက် အပိုဒ် ၄ နှင့် ၅ တွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အရပ်သား ထိခိုက် သေ ဆုံးမှုများအတွက် အစိုးရ အနေဖြင့် ပံ့ပိုးထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်သည် အထိ မမှိတ်မသုန် ဆက်လက် ကြိုးပမ်းသွားမည်ဟု ဆိုထားသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကြိုဆိုကြသူများလည်း ရှိသကဲ့သို့၊ လိုအပ်ချက်များလည်း ရှိသည်ဟု ထောက်ပြသူ များလည်းရှိရာ ထုတ်ပြန်ချက်နှင့် ပတ်သက်သည့် အမြင်များ မည်သို့ရှိသည်ကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန် နိုင်ငံရေး လေ့ လာသူ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် တချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်အချို့အား ဧရာဝတီ သတင်းထောက် မင်းအောင်ခိုင်နှင့် ဇင်လင်းထက်တို့က ဆက်သွယ် မေးမြန်းထားသည်များကို စုစည်း ဖော်ပြလိုက်ပါသည်။
ဦးမောင်မောင်စိုး
တိုင်းရင်းသား အရေး လေ့လာ သုံးသပ်သူ
တကယ်တမ်းကျတော့ ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ တက်လာကတည်းကလေ။ KIA တို့ ဘာ တို့ မြောက်ပိုင်း အဖွဲ့တွေနဲ့ တိုက်ခိုက်လာတဲ့ တလျှောက်လုံးမှာ ကျနော်တို့ မြင်တာက NLD အစိုးရ ဝင်ပါခဲ့တာ မတွေ့ရ ဘူးဗျ။ ကျနော့်အထင်၂၀၁၇၊၂၀၁၈ မှာ မြောက်ပိုင်း လေးဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာရန် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က တင်တော့လည်း NLD က ကန့်ကွက်ခဲ့တာ တွေ့ရတယ်။
ဒါပေမယ့် ဒီနှစ်ထဲမှာ COVID ကာလလည်း ရောက်ရော AA ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာတာအပြင် မနေ့က ကြေ ညာချက် ထွက်လာတာ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ကြေညာချက် ထွက်လာတာ တွေ့ရတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ကြေညာချက်ပြီးတဲ့နောက် မနေ့ကပေါ့။ AA ကို တိုက်တဲ့ တပ်မတော်ကို NLD အစိုးရ အနေနဲ့ ရပ်တည်ကြောင်း ဖော်ပြ လိုက်တာ ဖြစ်တယ်။
အဲဒီအကျိုးဆက်ကြောင့် NLD အစိုးရ အနေနဲ့ ပြည်တွင်းစစ်ပွဲမှာ တဖက်ဖက်က ရပ်လိုက်ပြီဆိုရင်တော့ ဒီပြည်တွင်းစစ်ကို ရပ်ဖို့ စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ ခက်ခဲသွားလိမ့်မယ်။ လမ်းစလည်း မှေးမှိန်သွားလိမ့်မယ်လို့ ထင်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံရဲ့ ထုတ်ပြန်ချက်မှာ တကယ်တော့ အချက်သုံးနဲ့ အချက် ၅ က ပဋိပက္ခ ဖြစ်နေတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်မယ်ဆိုတော့ AA မပါဘဲနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှာလား။ ဒါလည်း ကျနော်တို့ ပွင့်ပွင့်လင်းလင်း မသိရဘူး။ AA ကို ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းထဲမှာ ထည့်ပြီးတော့ ဆွေးနွေးမှာလား။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန် ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဒါက NRPC အပိုင်း၊ သူတို့အပိုင်း မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီတော့ NRPC ဘက်ကလည်း ဒါနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း၊ ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ဖော်ပြောတာတော့ ကျနော်မကြားသေး ဘူးဗျ။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးပြီး ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ထဲကအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို အောင်မြင်အောင် ဆက်လုပ်သွားမယ်ဆိုတာက NCA ထိုးထားတဲ့ ၁၀ ဖွဲ့နဲ့ပဲ လုပ်မှာလား။ NCA မထိုးရသေးတဲ့ ၈ ဖွဲ့ ရော မပါဘူးလား ဆိုတာက မကွဲပြားဘူးလို့ပဲ ပြောရမယ်။
တဖက်က ပြောမယ်ဆိုရင် နံပါတ် ၃ အချက်မှာ AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတယ်။ ဒါကို ချေ မှုန်းတဲ့ တပ်မတော်သားတွေကို ဂုဏ်ပြုတယ်။ ထောက်ခံတယ် ဆိုတဲ့ဟာနဲ့ နံပါတ် ၅ ဖြစ်တဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ကြိုးပမ်းသွားမယ်ဆိုတာက ပဋိပက္ခဖြစ်နေတာတော့ အမှန်ပဲဗျ။ ဒါကို ဘယ်လို ဖြေရှင်းမလဲဆိုတာက NLD အစိုးရအတွက် အရေးကြီးပါတယ်။ ဒါကို မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ ငြိမ်းချမ်းရေးက လမ်းပျောက်နေလိမ့်မယ်လို့ ထင်ပါတယ်။
ဒေါက်တာ မင်းဇော်ဦး
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ၏ အမှုဆောင် ဒါရိုက်တာ
အဓိကကတော့ ရခိုင်မှာရှိတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရှိရင်တော့ အစိုးရရော၊ တပ်မတော်ရောက လမ်းကြောင်းတခု တည်းကို သွားနေတယ်ဆိုတဲ့ သဘောထားကို ပြောတာပေါ့။ ဒါက အရင်ကတည်းက ရှိပြီးသားပဲ။ ဒီသဘောထားက အခု အချိန်မှာ တရားဝင် ပိုပြီး ထင်ထင်ရှားရှား ဖြစ်အောင် ပြောတဲ့သဘောထားလို့ အဓိပ္ပာယ်ယူလို့ ရတာပေါ့။ နောက်တခုက ပြီးခဲ့တဲ့ အချိန်မှာ အကြမ်းဖက် အဖွဲ့အစည်းဆိုပြီး ကြေညာတာလည်း ရှိတာပေါ့။ အဲဒီကြေညာချက်ကလည်း အစိုးရရဲ့ သဘောထားမပါဘဲနဲ့ ကြေညာလို့ မရဘူး။ အဲဒီကြေညာချက်က အစိုးရ သဘောထားလည်း ပါတယ်။
နောက်တခုက ရခိုင်ပြည်မှာရှိတဲ့ AA ရဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်ရင် အစိုးရက မူတခုတည်းနဲ့ ကိုင်တွယ်သွား မယ် ဆိုတာကိုလည်း ပြောတာဖြစ်တယ်ပေါ့။ ထုတ်ပြန်ချက်ရဲ့ နောက်ဆုံး အပိုဒ်မှာကျတော့လည်း ဒီလို သဘောထား တွေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မထိခိုက်အောင် လုပ်သွားမယ်ဆိုတဲ့ ပုံစံမျိုးလည်း ပြန်ပြောတယ်လို့ ယူလို့ရ တာပေါ့။
အဲဒီ အနေအထားတွေကို ကြည့်မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်မှာတော့ ပဋိပက္ခတွေ ပိုပြီး များလာမယ်။ အချိန် အတိုင်း အတာတခုအထိ ပိုပြီး အရှိန်အဟုန်မြှင့်လာမယ်။ တပ်မတော်ဘက်ကလည်း ဒီပုံစံအတိုင်းဆိုရင် ပိုပြီး အင်နဲ့အားနဲ့ ဖိဖိစီးစီး လုပ်ကြမယ့် သဘောမှာ ရှိတယ်။ ကျန်တဲ့လတွေမှာ ဘာဆက်ဖြစ်မလဲ ဆိုတာတော့ ဆက်စောင့်ကြည့်ရမှာပေါ့။ ဒီလထဲ သတိထားမိတာတော့ AA ဘက်က တိုက်စစ်ဆင်တာတွေ အရမ်း နည်းသွားတယ်ပေါ့။ မရှိဘူးတော့ မဟုတ်ဘူး။ ရှိတယ်။ ဧပြီ ၁ ရက်မှာ အပစ်အခတ် ရပ်စဲတယ် ပြောပေမယ့် တိုက်ကွက်ဖော်တာတွေ ရှိတယ်။ ဒါပေမယ့် အရင်ကလိုပေါ့။ ကြီးကြီးမားမား လုပ်တာ မတွေ့ရဘူးပေါ့။
AA နဲ့ ငြိမ်းချမ်းရေး အခြေအနေက အရင်ကတည်းက အလှမ်း ဟ တာပဲ။ အခုမှ မဟုတ်ဘူး။ အဓိကကတော့ ရခိုင်ပြည် နယ်မှာ ပြေလည်ဖို့ ကိစ္စက အရမ်းခက်တယ် ဆိုတာ အရင်ကတည်းက တွက်ထားတယ်။ အဲဒါကြောင့်မို့ AA ဘက်က ခေါင်းဆောင်တွေနဲ့ အရင်တုန်းက တွေ့တဲ့ အခါမှာလည်း ပြောဖြစ်တယ်။ ဒီပုံစံအတိုင်းဆို ဆွေးနွေးတာက သိပ်ရှေ့ရောက် ဦးမှာ မဟုတ်ဘူးလို့ ပြောဖြစ်တယ်။ အခုကတော့ ပိုပိုပြီး ထင်ရှားလာတာပေါ့။ အခုကြည့်ရတာ တချို့ အဖွဲ့အစည်းတွေ ကလည်း ဒီကိစ္စမှာ ဝင်မပါဘူးဆိုတဲ့ ပုံစံမျိုးတွေ တွေ့ရတာပေါ့။
ပဒိုမန်းငြိမ်းမောင်
ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်
ကရင်အမျိုးသား အစည်းအရုံး (KNU)
AA နဲ့ ပတ်သက်ပြီး သိပ်မပြောချင်ဘူး။ AA က ကျနော်တို့နဲ့ ဘဝတူချင်း ဖြစ်တဲ့အခါကျတော့ သူတို့ခံယူချက်နဲ့ သူတို့ ရပ် တည်ချက် အပေါ်တော့ သဘောထား မပေးလိုပါဘူး။ သို့သော် အဖြေက ကရင်အမျိုးသားတွေရဲ့ အတွေ့အကြုံအရ ငြိမ်း ချမ်းရေး တည်ဆောက်မယ်ဆိုရင် စစ်မြေပြင်မှာ မရှိပါဘူး။ ကျနော်တို့ ဒီနေ့သွားနေတဲ့ လမ်းသာလျှင် တခုတည်းသော လမ်း ဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အခြေအနေ၊ ကျနော်တို့ဘဝရဲ့ အခြေအနေအရ ဒါထက်ကောင်းမွန်တဲ့ လမ်း မတွေ့သေးဘူး။ ကျနော်တို့ လျှောက်နေတဲ့ လမ်းက အခက်အခဲ ရှိတာ မှန်တယ်။ ဒါက သဘာဝလည်း ကျတယ်။
ဘာကြောင့်လည်း ဆိုရင် နှစ်ပေါင်း ၆၀၊ ၇၀ လောက် ပဋိပက္ခထဲမှာ နစ်ခဲ့တဲ့ တိုင်းပြည်တပြည်၊ လူ့အဖွဲ့အစည်း တရပ် အနေနဲ့ ဒီလိုဖြစ်တာ သဘာဝကျတယ်။ ဒီလိုပဲ မြင်တယ်။ ဒီအခက်အခဲတွေကို ကျနော်တို့ အားလုံး၊ ပတ်သက်တဲ့သူ အားလုံး နှိမ့်နှိမ့်ချချနဲ့ ခေါင်းဆောင်တွေ အားလုံးက ဒီအခက်အခဲကို ပူးတွဲပြီး ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ သံဓိဋ္ဌာန်ရှိ ကြတယ်ဆိုရင် နိုင်ငံတော် အတိုင်ပင်ခံပြောသလို ငြိမ်းချမ်းရေး ရအောင် မဖြစ်မနေ ကြိုးပမ်းမယ်ဆိုတဲ့ ဦးတည်ချက်ကို ရောက်လိမ့်မယ်လို့ ကျနော်က ဒီလိုပဲပြောချင်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံက တကယ်ကတော့ ဒီနေ့ ဗမာပြည်ရဲ့ နိုင်ငံရေး မျက်နှာစာမှာ သူက ရှေ့ဆုံးက တာဝန်အရှိဆုံး ခေါင်းဆောင်တဦး။ ဒါကို သူ နေ့ရောညရော အလုပ်လုပ်နေတယ်။ ဒါကို ကျနော်တို့ လေးစား အသိအမှတ်ပြုပါတယ်။ သို့သော် ရပ်တည်ချက်နဲ့ ပတ်သက်လို့ကတော့ တခြားလူတွေ မြင်သလိုပဲ ပဋိပက္ခတွေကြားထဲမှာ ကြားနေသင့်တယ်ပေါ့။
တပ်မတော် ဆိုတာကတော့ နိုင်ငံတော်က ချမှတ်ထားတာ ထိပါးရင် သူ့တာဝန်သူ လုပ်မှာပဲလေ။ ပဋိပက္ခတွေကို ကြားဝင် ပြီး စေ့စပ်ပေးရင် ပိုပြီး ပျော့ပြောင်းတဲ့ သဘောတွေ ဆောင်မှာပေါ့။ တဖွဲ့နဲ့တဖွဲ့ကြားထဲမှာ အပြုသဘောဆောင် လာမယ် လို့ မြင်ပါတယ်။
နောက်ပြောချင်တာက ဒီဟာက ငြိမ်းချမ်းရေးကို ရအောင် ယူမယ်။ ငြိမ်းချမ်းရေးကို နောက်လူတွေ အတွက် ချန်ထားပေးခဲ့ မယ် စသဖြင့် ကြားကောင်း၊ ပြောလို့ကောင်းအောင် လုပ်လို့ မရဘူးဗျ။ ငြိမ်းချမ်းရေးရဲ့ အခက်အခဲတွေက ဘာလဲဆိုတာ ကျနော်တို့ တိုင်းပြည်ကို ထုတ်ပြဖို့ လိုတယ်။ ငြိမ်းချမ်းရေး ဒီနေ့ သွားနေတာတွေက ဘာတွေကြောင့် အခက်အခဲ ရှိနေ တယ်။ ရပ်တန့်နေတယ် ဆိုတာ တိုင်းပြည်ကို ချပြဖို့ လိုတယ်။ တိုင်းပြည်ကို ချပြပြီး တိုင်းသူပြည်သားတွေရဲ့ အကြံဉာဏ် တွေကို ကျနော်တို့ ရယူရမယ်။ ကျနော်တို့လည်း ပြောတာပဲ နောက်မျိုးဆက်တွေ အတွက် ဒီပဋိပက္ခကို မချန်ထားခဲ့ချင် ဘူး။ ငြိမ်းချမ်းရေးပဲ ပေးချင်တယ်။
ဒါပေမယ့် ဒီအခက်အခဲတွေဟာ ဘာဖြစ်လဲ။ ဘယ်အခက်အခဲတွေက ရှေ့တိုးလို့ မရဘူးလဲ ဆိုတာ ကျနော်တို့ ကိုယ်တိုင် သိတယ်။ ကျနော်တို့လည်း ပြောတယ်။ နိုင်ငံတော် အနေနဲ့ အစိုးရအနေနဲ့ ဒါကို ချပြရမယ်။ တိုင်းရင်းသားတွေကိုလည်း ချပြရမယ်။ ဒီသဘောထားတွေ အတိုင်းဆိုရင် သွားလို့ မရဘူး။ တိုင်းသူပြည်သားတွေရဲ့ အကြံဉာဏ်ကို ရယူဖို့လိုတယ်။ ဒါက တတိုင်းပြည်လုံးရဲ့ အရေးအခင်း ဖြစ်တယ်။ တမျိုးသားလုံးရဲ့ အရေးအခင်းဖြစ်တဲ့ အခါကျတော့ ကျနော်တို့ တိုင်း ပြည်ရဲ့ ကံကြမ္မာလည်း ဖြစ်တယ်။ အနာဂတ်လည်း ဖြစ်တဲ့အတွက် ကျနော်တို့အားလုံးမှာ တာဝန်ရှိတယ်။
ဗိုလ်မှူးကြီးနော်ဘူ
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပြန်ကြားရေး တာဝန်ခံ
ကျနော်တို့ KIO အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက် အပေါ်မှာ ဘယ်လို သဘောထားရှိတယ်၊ ဘယ်လို မှတ်ချက်ရှိတယ် ဆိုတာက ဗဟိုကော်မတီရဲ့ သဘောထားမှတ်ချက်ကတော့ ဘာမှ ညွှန်ကြားထားတာ မရှိဘူး။ ကျနော် တဦး တယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပဋိပက္ခတွေမှာ တဖက်ဖက်ကို မယိမ်းဘဲ ကြားနေသင့်တယ်လို့ မြင်ပါတယ်။
ပြည်သူ လူထုတွေကတော့ သူ့ကို ထောက်ခံ ပြီးမှ ဖြစ်လာတဲ့ အစိုးရ ဖြစ်ပါတယ်။ ပြည်သူ လူထုဘက်မှာ ရပ်တည်ဖို့က တော့ အားလုံးက မျှော်မှန်းပါတယ်။ ဒါပေမယ့် အခုထက်ထိကတော့ သူကလည်း ဘာမှ အကောင်အထည် မဖော်နိုင်တဲ့ ကြားက အခုလိုမျိုး ဖြစ်ရတယ်။ တပ်မတော်ဘက်က စောင်းပေးပြီးမှ ရပ်တည်ပေးတာဆိုတော့ ကျနော်တို့ ပြည်တွင်း အရေးက ငြိမ်းချမ်းရေး ရဖို့တော်တော်လည်း အလှမ်းဝေးသွားနိုင်တဲ့ အနေအထားရှိတယ်လို့ သဘောထား ပေးလိုပါတယ်။ ဒါက ကျနော့် တဦးတယောက်ရဲ့မှတ်ချက် ဖြစ်ပါတယ်။
ကျနော်လည်း တွေ့ရပါတယ်။ သူက ငြိမ်းချမ်းရေး ရအောင် ဆက်လက်ကြိုးစားသွားမယ် ဆိုတဲ့ အချက်တော့ ပါတယ်။ ဒါပေမယ့် ဘယ်နည်း၊ ဘယ်ပုံစံနဲ့ ကြိုးစားမယ်ဆိုတာ မပါဘူး။ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာကလည်း AA ကို မတရား အသင်းလို့ ကြေညာလိုက်တယ်။ သောင်းကျန်းသူလို့ ကြေညာလိုက်တယ်။ သောင်းကျန်းသူလို့ သတ်မှတ်ထားပြီး နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာကတော့ ခွင့်ပြုနိုင်စရာ အကြောင်းမရှိဘူးပေါ့။ ပြည်တွင်း ငြိမ်းချမ်းရေး အတွက်က ဘယ် လောက်ပဲ ကြိုးစားကြိုးစား ပြောတာတခြား၊ လုပ်တာတခြား ဖြစ်နေတယ်လို့ မြင်ပါတယ်။
ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ကိစ္စမှာဆိုရင် အစိုးရနဲ့ တပ်မတော်သာ အဓိကလို့ မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေး ဆွေးနွေးမယ့် နည်းလမ်းနဲ့ အဆုံးသတ်ရမယ်လို့ ကျနော် ယုံကြည်ပါတယ်။ တိုင်းရင်းသား အဖွဲ့တွေ အားလုံးကလည်း နိုင် ငံရေး ဆွေးနွေးမယ် ဆိုတဲ့ဟာကတော့ လက်ခံပြီးသား ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဘက်ကို အကောင်အထည်ဖော် နိုင် ရင်တော့ လက်နက်ကိုင် ပဋိပက္ခတွေကလည်း သူ့ဟာသူ အောင်မြင်သွားနိုင်တယ်။ ပြီးဆုံးသွားနိုင်တယ်လို့ ပြောလိုပါ တယ်။
ဦးစိုးထက်
ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်ဝန်ကြီး
ဒီထုတ်ပြန်ချက်ကတော့ ကျနော်က ဒေသခံလည်း ဖြစ်တဲ့အတွက် ကျနော်ကတော့ အရမ်းကို ကြိုဆိုပါတယ်။ နိုင်ငံတော် အကြီးအကဲတွေ အထိပါ ဒီအနေအထားကို အမှန်အတိုင်း သိသွားတဲ့အတွက် ထုတ်တာလို့ ထင်ပါတယ်။ မြေပြင်မှာတော့ တော်တော်ကို ဒုက္ခရောက်နေတဲ့ အနေအထားပါ။ ဒါကဖြစ်ခဲ့တာလည်း ကြာပြီ ၂၀၁၅ ကနေ၊ ၂၀၂၀ အတွင်းဆိုရင် ၅ နှစ် လောက်ကို ခံစားနေရတာပေါ့။ အဓိက အဆိုးဆုံး အပိုင်းကတော့၂၀၁၉ ကနေ ၂၀၂၀ အစပိုင်းပေါ့။ အဆိုးဆုံး အခြေ အနေကို ရောက်သွားတယ်။
ဒီဟာတွေကို နိုင်ငံတော် အဆင့်ကနေ ကူညီဆောင်ရွက်ပေးမယ် ဆိုတာနဲ့တင် ကျနော်တို့ ဒေသခံလူထုက အင်မတန်မှကို ဝမ်းသာအားရ ဖြစ်ပါတယ်။ နယ်မြေကိုလည်း တကယ်ကို အေးချမ်းစေချင်တာပါ။ ကျနော်တို့ဒေသ ချင်းပြည်နယ် ပလက်ဝ ကတော့ နှစ်ပေါင်း မြောက်မြားစွာ အေးအေးချမ်းချမ်း နေခဲ့တာ။ ဘာမှ စိုးရိမ်ကြောင့်ကြစရာလည်း မရှိဘူး။
၂၀၁၅ နောက်ပိုင်းကျမှ တော်တော်ကို ခက်ခဲလာတဲ့ အနေအထား။ နယ်စပ်မှာ အရင်ဖြစ်တာပေါ့။ ပြီးတော့အခု မြို့ရွာကို ကူးလာ ပြီးတော့ မြို့ပေါ်ရွာအထိ စစ်ဘေးဒုက္ခသည်တွေ အများကြီး ဆိုးဆိုးဝါးဝါး ဖြစ်တဲ့အထိ လူတွေသေဆုံး ပျောက်ဆုံး၊ ဖမ်းဆီးခံရပြီး စိုးရိမ်ကြောင့်ကြနဲ့ ဘယ်သူမှကို အေးအေးချမ်းချမ်း မနေရတဲ့ အနေအထား ဖြစ်နေတယ်။ အဲဒါကို လူကြီး တွေက ကူညီမယ်ဆိုတော့ ကျနော်တို့ ဒေသခံတွေ အနေနဲ့ပဲ ဖြစ်ဖြစ် တာဝန်ရှိတဲ့ ပြည်နယ် အစိုးရဝန်ကြီး တပါးအနေနဲ့ပဲ ဖြစ်ဖြစ် ဝမ်းသာတယ်။ ကြိုဆိုပါတယ်။
ဒီထုတ်ပြန်ချက်ထုတ်လိုက်တဲ့ အကျိုးဆက် အနေနဲ့ကတော့ ပိုပြီး ဆိုးသွားစရာတော့ မရှိဘူး ထင်တယ်။ ပိုပြီး နယ်မြေကို တပ်မတော်က ထိန်းချုပ်လိုက်နိုင်ရင် နယ်မြေက ပိုပြီး အေးချမ်းလာမှာပါ။ နောက်ပြီးတော့ ငြိမ်းချမ်းရေး စားပွဲပေါ် မသွား ဘူးဆိုရင် စစ်ရေးကလည်း ကြာရှည်ဖြစ်နေမယ့် အနေအထားပေါ့။ ကြာရှည်ဖြစ်ရင် ဒေသခံတွေပဲ နစ်နာမှုတွေ ဆုံးရှုံးမှု တွေ ဖြစ်တဲ့ အနေအထား ဖြစ်တယ်ပေါ့။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းရေး ရရှိအောင်လုပ်ရင်တော့ အကောင်း ဆုံးလို့ ကျနော်တို့ ဒေသခံ အနေနဲ့ပဲ ဖြစ်ဖြစ်၊ တာဝန်ရှိသူ တဦးအနေနဲ့ပဲ ဖြစ်ဖြစ် သုံးသပ်မိပါတယ်။
ဆလိုင်းအိုက်ဇက်ခင်
ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးဟောင်း
အပိုဒ် ၁ ရယ်၊ ၂ ရယ်၊ ၄ တို့၊ ၅ တို့။ အဲဒါတွေကျတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ဒါက လို တာပဲလေ။ ပလက်ဝလည်း တော်တော်လေး ခက်ခဲတာပေါ့။ ဆန်ကို မဖြစ်မနေ ပို့ရတဲ့ အခါမှာ အခက်အခဲတွေ ရှိပါတယ်။ အဲဒီ ကြားထဲကနေ ရောက်အောင် ပို့ဖြစ်သွားတာ။ ပို့နိုင်သွားတာ ဒါက ဝမ်းသာစရာပေါ့။ အတိုင်ပင်ခံ ကိုယ်တိုင် သတင်း ထုတ်ပြန်ချက် လုပ်ပေးတာကိုတော့ ကျနော်တို့ အများကြီး ဝမ်းသာတာပေါ့။ ဒါပေမယ့် အပိုဒ် ၃ ကိစ္စကတော့ ဒါကတော့ သူ့ရဲ့ ရပ်တည်ချက်ပေါ့။ နိုင်ငံတော် အတိုင်ပင်ခံရဲ့ ရှုထောင့်ပေါ့။ သူ့ရဲ့ အမြင်လို့ပဲ အောက်မေ့တယ်။
ကျနော့် အနေနဲ့ကတော့ အဲဒီအနေအထား အထိ ဖြစ်သလား။ မဖြစ်ဘူးလား ဆိုတာကတော့ လူထုက သိတာပဲ။ ရှင်းရှင်း ပြောရရင် ချင်းပြည်နယ်မှာပဲ ဖြစ်ဖြစ်၊ ရခိုင်ပြည်နယ်မှာပဲ ဖြစ်ဖြစ် ကျနော်တို့ တပ်နဲ့ AA ဖြစ်တဲ့ကိစ္စမှာ တပ်ဘက်က ဘာ တွေ ချွတ်ချော်သလဲ၊ AA ဘက်က ဘာတွေ ချွတ်ချော်သလဲဆိုတာ လူထုက အသိဆုံးပဲ။ အဲဒီတော့ ပြောရမယ်ဆိုရင် လူထုတွေကြားထဲမှာ သိနေတဲ့ မြင်နေတဲ့ ဥစ္စာကတော့ ရှိနေပါတယ်။
တခုပြောမယ် ဆိုရင် ဒါက အတိုင်ပင်ခံဆီက ဒီနှစ်ထဲမှာ ပြတ်ပြတ်သားသား ကြားရတဲ့ သဘောထားလို့ ပြောလို့ရတယ် ပေါ့။ သို့သော်လည်း ကျနော်တို့က လက်ရှိ အနေအထားမှာ AA ကို အကြမ်းဖက် အနေနဲ့ သတ်မှတ်လိုက်ခြင်းက အပိုဒ် ၅ ဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လောက်အထိ အားကောင်းစေနိုင်မလဲ ဆိုတဲ့ ကိစ္စကတော့ မေးခွန်း ရှိတယ်။ အဲဒါ ကတော့ တော်တော်လေး ဆက်စပ်ယူရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက် ဆိုပြီး သတ်မှတ်လိုက်တဲ့အခါမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နိုင်ငံရေး စကားပြောဖို့ဆိုတာ တော်တော်လေး အလှမ်းဝေးသွားတယ်။ ကျနော်တို့ကတော့ အပိုဒ် ၅ မှာ ပြောထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်အောင် မမှိတ်မသုန် လုပ်ရမယ်ဆိုတာကတော့ သူ့ရဲ့နိုင်ငံရေးဆန္ဒပေါ့။ လုပ်လည်းလုပ်ရမယ်။
ဒါပေမယ့် အဲဒီ နိုင်ငံရေးဆန္ဒ ဖြစ်လာဖို့ဆိုရင် တော်တော်လေး အခင်းအကျင်းတွေက ပြန်ညှိယူရမယ့် အနေအထားရှိ လိမ့်မယ်လို့ အောက်မေ့တယ်။ အဲဒီအနေအထားမှာ ကိုဗစ်ကလည်း ဖြစ်နေတယ်။ အခုနေ ရခိုင်ပြည်နယ်မှာတော့ ကိုဗစ် က ဘာမှ မတွေ့ထားသေးဘူးပေါ့။ ပိုးတွေ့ လူနာမရှိသေးဘူးပေါ့။ ဒါပေမယ့် မနေ့တနေ့က ဖြစ်သွားတဲ့ WHO ဝန်ထမ်း အပစ်ခံရတဲ့ ကိစ္စတွေ၊ ဒါတွေထွက်လာတဲ့ အခါကျတော့ ကျနော်တို့က စစ်မျက်နှာ နှစ်ခုတိုက်နေရသလိုပဲ။ တခုက ပြည် တွင်း ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေး ရအောင် ကြိုးစားအားထုတ်ရတာပေါ့။
နောက်တခုက ကိုဗစ်ကိုကာကွယ် ထိန်းချုပ်နိုင်အောင် လုပ်ရတာပေါ့။ ဒီလို အလုပ်နှစ်ခုကို လုပ်ရတဲ့ အချိန်မှာ ဘာအရေး ကြီးလဲ ဆိုတော့ အားလုံးက အစုအဝန်း မကွဲဘဲ စုစုစည်းစည်းနဲ့ သွားရမယ့်ဟာမျိုး ဖြစ်ဖို့လိုတယ်။ အဲဒီလို ဖြစ်ဖို့ဆိုရင် အချင်းချင်းက အပြန်အလှန် လေးစားဖို့ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စဖြစ်ဖို့ လိုတယ်။ ကိုဗစ်ဖြစ်တဲ့အချိန်မှာ စစ်တွေ ရပ် ထား သင့်တယ်။ တိုက်ချင်ရင်တောင်မှ နောက်မှ ကိုဗစ်ပြီးမှ တိုက်ကြပါပေါ့။ ကိုဗစ်ဖြစ်တဲ့အချိန်မှာ ကျနော်ကတော့ အဆိုးထဲက အကောင်း အခွင့်အလမ်း အဖြစ် ယူစေချင်တဲ့ သဘောမျိုး ဖြစ်တယ်။
ဦးဖေသန်း
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (ရခိုင်အမျိုးသားပါတီ)
သူ့ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့သဘောထားတွေကို အဲဒီ ထုတ်ပြန်ချက်မှာ မြင်ရတယ်ပေါ့။ စစ်ပွဲဖြစ်နေတာတွေက ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်နေတာကို သူအနေနဲ့ ခြုံပြီး ပြောသင့်တယ်။ ပလက်ဝတခုကိုပဲ မပြောသင့် ဘူး။ စစ်ဖြစ်နေတဲ့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို စစ်ပွဲပြီးသွားတဲ့အခါ သူ့အနေနဲ့ စဉ်ဆက်မပြတ် ဖွွံ့ဖြိုးတိုးတက် ရေးကို လုပ်ပေးမယ် ဆိုတဲ့ စာသားမှာ ပလက်ဝ တခုတည်းကိုပဲ ကွက်ပြီးတော့ ပြောထားတာ တွေ့တယ်။ အဲဒါကလည်း ချင်းနဲ့ ရခိုင်ကို ခွဲခြားဆက်ဆံနေသလို မြင်နေရတယ်။
အဓိကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဘက်ကို ဦးတည်ဖို့ လိုတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမယ် ဆိုတဲ့ အသုံးအနှုန်းကို သုံးသင့်တယ်။ အဲဒါကြောင့် တဖက်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီးတော့ တပ်မတော် သားတွေကို ဂုဏ်ပြု ချီးကျူးတယ် ဆိုတာကတော့ သူ့အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဘက်ကို တွန်းပို့ရာ မရောက်ဘူး။ AA ကို အကြမ်းဖက်နေရာမှာ ထားပြီးတော့ တပ်မတော်ဘက်ပေါ် ရပ်တည်ပြတာကို တွေ့ရတယ်။
ကျနော်တို့ ဖြစ်စေချင်တာက နိုင်ငံရေးအရ သဘောထား ကွဲလွဲချက်ကို စားပွဲဝိုင်းမှာ ဖြေရှင်းသင့်တယ်ဆိုတဲ့ သဘောထား မျိုးကို သူ့အနေနဲ့ ပြောစေချင်တယ်။ ငြိမ်းချမ်းရေး စကားမျိူးကို မပြောဘဲနဲ့ ဒါက ဆွေးနွေးပွဲကို လမ်းမပွင့်အောင် တဖက် ကို အကြမ်းဖက်၊ တဖက်ကို သူရဲကောင်း ဆိုပြီး ခွဲခြားပြီး ပြောလိုက်တဲ့အခါမှာ ငြိမ်းချမ်းရေး လမ်းကြောင်းတွေ ပိုပြီးတော့ ပိတ်သွားတာပေါ့။
အဲဒါကြောင့် ကျနော်တို့က နိုင်ငံရေး ကိစ္စကို စားပွဲဝိုင်းမှာ ဆွေးနွေးစေချင်တယ် ဆိုပြီး တလျှောက်လုံး ပြောဆိုလာသော် လည်း သူ့အနေနဲ့ တဖက်ကို အကြမ်းဖက်၊ တဖက်ကို သူရဲကောင်းဆိုပြီး သူအနေနဲ့ ခံယူရပ်တည် ထားတဲ့အတွက် ကျနော် တို့ ငြိမ်းချမ်းရေး မျှော်လင့်ချက်လည်း နည်းသွားရတာပေါ့။ ခြုံပြီးပြောရမယ်ဆိုရင် သူ့ စတိတ်မန့်ဟာ သူ့ရဲ့ ရပ်တည်ချက် ကို ပြောပြသွားတာ ဖြစ်တယ်။
ကျနော်တို့ ရခိုင်ပြည်နယ်မှာ စစ်ဘေး၊ စစ်ဒဏ်သင့်နေတဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေး လမ်းစကို ရောက်ဖို့အတွက် သူ့အနေနဲ့ တွန်းပို့ဟာတွေ သူ့ သဘောထားမှာ လုံးဝ မတွေ့ရတဲ့အတွက် ဒီကြေညာချက်ဟာ အားနည်းတဲ့ ကြေညာချက် တခုလို့သာ ပြောချင်တယ်။ AA ကို ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ပေါ်ကို ရောက်နိုင်ဖို့ဆိုရင်တော့ ပထမဆုံးအနေနဲ့ သူတို့ တွေ(ဒေါ်အောင်ဆန်းစုကြည်) အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်တဲ့ ဆန္ဒရှိဖို့ လိုတယ်။
အရင်တုန်းတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာ ရှိတယ်။ AA ဘက်ကလည်း ကမ်းလှမ်းခဲ့တာ ရှိတယ်။ ဆွေးနွေး ဖို့ ဆိုတဲ့ ဆန္ဒတွေကို ဖော်ထုတ်ခဲ့တာလည်း ရှိတယ်။ သို့သော်လည်း နောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာပြီးတော့ အခုလို အကြမ်းဖက် အဖွဲ့အစည်း ကြေညာလိုက်ပြီးတော့ လမ်းဆုံးသွားတဲ့ အခြေအနေ ဖြစ်သွားတယ်။
ဒေါ်စောမြရာဇာလင်း
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၏ ဒုဥက္ကဋ္ဌ
ပြည်သူလူထုတွေရဲ့ ငတ်မွတ်ခေါင်းပါးနေမှုကို အကြောင်းပြုပြီးတော့မှ ရိက္ခာတွေ ထောက်ပံ့တယ် ဆိုတာ စာနာတဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမယ့် ကျမအနေနဲ့ ဖြစ်စေချင်တာက ဒီလို ဆိုးကျိုးတွေ ဖြစ်ပေါ်လာတဲ့ အကြောင်းတရားကိုပဲ ပြောချင်ပါတယ်။ ဘာကြောင့် ဆင်းရဲဒုက္ခတွေ ရောက်ရလဲ။ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်ရလဲဆိုတဲ့ အကြောင်းတရားပဲ ဖြစ်ပါတယ်။ စစ်ကြောင့်ပဲ လူတွေက ဒီလိုမျိုး ဆင်းရဲဒုက္ခတွေ ရောက်နေရတယ်။ စစ်ကြောင့်ပဲ အနိဋ္ဌာရုံတွေက ဖြစ်လာရ တယ်။
ဒါကို စဉ်းစားတဲ့အခါမှာ သုံးသပ်တဲ့အခါမှာ စစ်ရဲ့ အနိဋ္ဌာရုံတွေက ဆက်လက် ဖြစ်ပေါ်နေသလားပေါ့။ စစ်ကို ရပ်စဲတဲ့ နိုင်ငံ ရေး ဆွေးနွေးပွဲတွေကို စခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကို စစ်နဲ့ အနိုင်ယူတဲ့ ယဉ်ကျေးမှုကိုထက် စစ်ကို စစ်နဲ့ မဖြေရှင်းဘဲ စားပွဲပေါ်မှာ အဖြေရှာတဲ့ နိုင်ငံရေး ယဉ်ကျေးမှု တရပ်ကို ဖော်ဆောင်ဖို့ အတွက်ပဲ အဓိက ရည်မှန်းထားကြ တာ ဖြစ်ပါတယ်။ ဒီလိုပဲ ရှေ့ကို ဆက်သွားနိုင်ဖို့ ကြိုးပမ်းစေချင်တယ်။
မြန်မာနိုင်ငံရဲ့ တတိုင်းပြည်လုံး အေးချမ်းရေးကို ဖော်ဆောင်ဖို့ ဆိုရင် ပတ်သက်နေသူ အားလုံး စားပွဲဝိုင်းပေါ် ဘယ်လို ရောက်လာရမလဲ ဆိုတဲ့ စဉ်းစားချက်ကို အဓိက စဉ်းစားဖို့ လိုအပ်ပါတယ်။ အခုကတော့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ လည်း ပိုပြီးတော့ အရှိန်မြင့်သွားပြီလို့ မြင်ပါတယ်။ အရင်ကဆိုရင် ဆွေးနွေးပွဲတွေ ခေါ်ခဲ့ကြတာ ရှိတယ်။ ဆွေးနွေးပွဲတွေ ကို တွေ့ခဲ့ကြတာပေါ့။ အဲဒီနောက်ပိုင်းမှာ တိုက်ပွဲတွေက အရမ်းများလာတော့ ဒေါသတွေ၊ မောဟတွေ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်က တအားမြင့်သွားတဲ့ ပုံစံမျိုးကို ရောက်နေပြီလို့ သုံးသပ်ပါတယ်။
ငြိမ်းချမ်းရေးကို သွားဖို့ အားလုံးရဲ့ ပါဝင်မှုတွေရအောင် ဘယ်လို ဖော်ဆောင်နိုင်တယ်မလဲ ဆိုတာ စဉ်းစားလို့ မဖြစ်နိုင်တဲ့ အချက် မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျမတို့ တိုင်းရင်းသားတွေ အားလုံး ပါဝင်နိုင်ရေးကို တစိုက်မတ်မတ်ပဲ ပြောနေတာ ရှိ ပါတယ်။ ဖြစ်တာတော့ ဖြစ်ပြီးသွားပြီ။ ဖြစ်တာကို ဘယ်လို အဆုံးသတ်မလဲ ဆိုတာက ခေါင်းဆောင်တွေ စဉ်းစားရမယ့် အချက် ပဲ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။