ဒီရက်ထဲ မြန်မာ့သတင်းစာမျက်နှာတွေကို ကိုင်လှုပ်လျက်ရှိတဲ့ သတင်းတွေထဲမှာ မူးယစ်ဆေးဝါးအမှုတွေလည်း အပါအဝင်ဖြစ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း အနုပညာသမားတွေဖြစ်တဲ့ ရွှေထိုက်၊ ရသ၊ ဒါရိုက်တာမိုက်တီး အစရှိသူတွေဖမ်းခံလိုက်ရချိန်မှာ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးတဲ့သတင်းတွေကို ကျနော်လည်း အာရုံစိုက်မိလာပါတယ်။
နောက်ထပ်သတိထားမိတာတစ်ခုက မူးယစ်ဆေးဝါးအမှုတွေ ဖမ်းဆီးတဲ့သတင်းတွေနဲ့အတူ တပြိုင်နက်ထဲ များလာတာက ရာဇဝတ်မှုတွေပါပဲ။ နောက်ဆုံးတက်လာတဲ့သတင်းအရ ကျောက်ဆည် GTI နောက်ဆုံးနှစ် MP တက်နေတဲ့ကျောင်းသားတဦး လုယက်တိုက်ခိုက်ခံလိုက်ရလို့ သေဆုံးသွားခဲ့တဲ့ သတင်းပါ။ ဒီသတင်းဟာ မူးယစ်သားကောင်တွေ ငွေလိုလို့လုပ်တယ်ဆိုပြီး တိုက်ရိုက်ဆက်စပ်ကြည့်လို့ ရ၊ မရ မသိရသေးပေမယ့် မနေ့က ဘီဘီစီရဲ့သတင်းတပုဒ်မှာတော့ သြဂုတ် ၂၇ နဲ့ ၂၈ ရက်အတွင်း ကျောက်ဆည်မှာ နှစ်ရက်အတွင်း မူးယစ်မှုနဲ့ ဖမ်းမိသူပေါင်း ၈၀ ရှိနေတယ်ဆိုတာ ဖတ်လိုက်ရပါတယ်။
မူးယစ်ဆေးဝါးစွဲလန်းခြင်းဟာ ရောဂါဝေဒနာတခုဖြစ်ပါတယ်။ မူးယစ်ဆေးစွဲနေတဲ့ရောဂါရှိရုံနဲ့ ထောင်ကျချင်မှ ကျမှာဖြစ်ပေမယ့် ထောင်ထဲမှာ မူးယစ်ဆေးစွဲလန်းမှုကို ကျားကန် ရုန်းထွက်နေရပြီး ကုသမှုခံယူဖို့ လိုအပ်နေတဲ့ အကျဉ်းသား အများအပြားရှိနေမှာ အသေအချာပါပဲ။
မူးယစ်ဆေးစွဲလန်းသူထောင်ကျရင် ကာယကံရှင်ရဲ့စွဲလန်းခြင်းရောဂါဟာ စနစ်တကျ မကုသဘဲ လျစ်လျူရှုခံထားရတတ်ပါတယ်။ ထောင်ထဲမှာလည်း တနေ့တနေ့ မူးယစ်စွဲလန်းရောဂါသည်တွေ ပိုများလာပါတယ်။ အချက်အလက်အရ ပြောရမယ်ဆိုရင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်အထိ အကျဉ်းသား ၇၆၉၃၁ ရှိပြီး အဲဒီထဲက ၃၉၃၀၁ ယောက်ဟာ မူးယစ်မှုနဲ့ ထောင်ချခံထားရသူတွေဖြစ်တယ်လို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ကို ကိုးကားပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။ အဲဒီအရေအတွက်ထဲမှာ သုံးစွဲသူ အရေအတွက်ဟာလည်း နည်းမယ် မထင်ပါဘူး။ အဲဒီသုံးစွဲသူတွေထဲကမှ ဘယ်နှစ်ယောက်လောက်မှာ မူးယစ်ဆေးစွဲလန်းတဲ့ရောဂါကို ရင်ဆိုင်ရုန်းကန်နေရသလဲဆိုတာ မေးခွန်းတခုဖြစ်လာပါတယ်။
မူးယစ်ဆေးစွဲလန်းရင် အမူအကျင့်ဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီပြောင်းလဲမှုတွေဟာ စွဲလန်းမှုရောဂါ ရင့်လာတာနဲ့အမျှ လျစ်လျူရှုထားဖို့ မဖြစ်နိုင်လောက်တဲ့အနေအထားကို ရောက်ရှိလာမှာပါ။ အစောပိုင်းမှာတော့ လူကမူမမှန်တာလောက်ပဲဖြစ်ပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ ကိုယ်နှုတ်အမူအရာ အကုန်ပြောင်းလဲလာပြီး အဆိုးဆုံးအနေအထားကိုရောက်တဲ့အခါ ရာဇဝတ်မှု ကျူးလွန်နိုင်ခြေ များလာမှာဖြစ်ပါတယ်။
မူးယစ်ဆေးကြောင့် နိုင်ငံရဲ့ရာဇဝတ်မှု ကိန်းဂဏန်းတွေ မြင့်တက်လာနိုင်ပါတယ်။ အထက်မှာလည်း ကိန်းဂဏန်းတွေ ဖော်ပြခဲ့ပြီးပါပြီ။ ဆိုတော့ မူးယစ်သားကောင်ဘဝရောက်ပြီး စွဲလန်းမှုရောဂါကြောင့် ရာဇဝတ်မှုကျူးလွန်သူတွေ ဘာကြောင့် များလာရသလဲ။ အဲဒီရာဇဝတ်မှုတွေက ဘယ်လိုဟာတွေလဲ။ ကျူးလွန်ရတဲ့ အကြောင်းအရင်းက ဘာလဲ။ ဆေးစွဲသူတွေကို ထောင်ချခြင်းက အဖြေလား အစရှိတဲ့မေးခွန်းတွေ ထပ်ရှိလာပြန်ပါတယ်။
လေ့လာမှုတခုအရ မူးယစ်ဆေးစွဲလန်းသူတွေ ရာဇဝတ်မှုကျူးလွန်ဖို့ တွန်းအားပေးတဲ့နောက်ကွယ်က အကြောင်းအရင်းတွေကို အပိုင်း ၃ ပိုင်းခွဲပြီး သတ်မှတ်လို့ရကြောင်း သိရပါတယ်။
(၁) သုံးစွဲခြင်းနဲ့ ဆက်စပ်ပြီး ကျူးလွန်ခြင်း။ ။ ဒီလိုကျူးလွန်ခြင်းကို မူးယစ်ဆေးလွန် (ဆေးကြောင်)ပြီး ကျူးလွန်တတ်ကြပါတယ်။ ဆေးလွန်၊ ဆေးကြောင်နေသူတွေဟာ ပြန်အသိဝင်လာချိန်မှာ ရာဇဝတ်မှုကျူးလွန်ပြီးသား ဖြစ်နေတတ်ပါတယ်။ ပြီးတော့ လုပ်လိုက်တဲ့ကိစ္စကို မမှတ်မိတတ်ကြတဲ့အဖြစ်မျိုးတွေ ရှိပါတယ်။
(၂) ငွေးကြေးနဲ့ ဆက်စပ်ပြီး ကျူးလွန်ခြင်း။ ။ ဒီလိုကျူးလွန်ခြင်းကတော့ ဆေးဝယ်ဖို့ပို က်ဆံရှာရင်း ရာဇဝတ်မှုကျူးလွန်မိလျက်သား ဖြစ်သွားတာပါ။ ဥပမာအနေနဲ့ပြောရရင် ဆေးဝယ်ဖို့ ငွေလိုတာကြောင့် လုယက်မှု၊ ပြည့်တန်ဆာမှု အစရှိတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခြင်းတို့ဖြစ်ပါတယ်။
(၃) စနစ်။ ။ ခြစားနေတဲ့စနစ်နဲ့ ဆက်စပ်နေပါတယ်။ ထုတ်လုပ်သူ၊ သယ်ယူပို့ဆောင်သူ၊ ရောင်းချသူတွေကို အသေအချာ ကိုင်တွယ်မယ့် စနစ် အားနည်းနေခြင်းကို ဆိုလိုပါတယ်။ ဥပဒေတွေရှိပေမယ့် ထိရောက်စွာ အသုံးပြုရဲ့လား၊ အသက်ဝင်ရဲ့လား၊ ဥပဒေက ကွက်ပြီး သက်ရောက်နေတာလားဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။
မူးယစ်ဆေးစွဲသူတွေ ဘာကြောင့် ရာဇဝတ်မှုကျူးလွန်သလဲဆိုတဲ့အချက်တွေကို အသေအချာ သဘောပေါက် နားလည်ခြင်းက သူတို့ကို ထောင်ပဲချသင့်လား သို့မဟုတ် ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတာကို ဆုံးဖြတ်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ရာဇဝတ်မှု ကျူးလွန်သူတွေကို ဥပဒေအလိုက် ပြစ်ဒဏ်ချမှတ်ဖို့ ဥပဒေက အသင့်ရှိပြီးသားပါ။ ဒါကြောင့်လည်း လက်ရှိစနစ်မှာ မူးယစ်ဆေးစွဲသူဖြစ်စေ၊ သာမန်လူဖြစ်စေ ရာဇဝတ်မှုကျူးလွန်တာနဲ့ တရားစွဲပြီး ထောင်တန်းချနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဆေးစွဲသူတွေ ဘာကြောင့် ရာဇဝတ်မှုကျူးလွန်သလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာ သိရှိခြင်းအားဖြင့် ထောင်ချခြင်းအပြင် ဆိုခဲ့သလို ပိုမိုထိရောက်မယ့် နည်းလမ်း တစုံတရာ ရှိကောင်းရှိလာနိုင်ပါတယ်။
မူးယစ်ဆေးစွဲလန်းနေတဲ့ သုံးစွဲသူတွေကို ထောင်ချလိုက်ခြင်းဟာ အဖြေမဟုတ်ဘူးလို့ ဆိုရတဲ့ အကြောင်းအရင်းတွေထဲမှာ အဲဒီလူထောင်ကထွက်လာရင် မူးယစ်ဆေးပြတ်ဖို့ မသေချာခြင်းကလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံပြီးလို့ ထွက်လာတဲ့ မူးယစ်ဆေးစွဲလန်းသူဟာ သူ့နည်းသူ့ဟန်နဲ့ ဖန်တီးပြီး ဆက်လက်သုံးစွဲဦးမှာပါ။
မြန်မာပြည်မှာ သုတေသနစစ်တမ်း မရှိလို့ မသိရသေးပေမယ့် မူးယစ်ဆေးစွဲလန်းသူ ၉၅ ရာခိုင်နှုန်းဟာ ထောင်ကလွတ်တာနဲ့ ပြန်လည်သုံးစွဲကြကြောင်း အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုအရ သိရပါတယ်။ အဲဒီထဲက ၆၀ နဲ့ ၈၀ ဟာ နောက်ထပ် အသစ်အသစ်သော ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ပါသတဲ့။ ဒါ့အပြင် ထောင်ထဲကိုလည်း မူးယစ်ဆေးတွေ မှောင်ခိုသွင်းလို့ ရသေးတယ် မဟုတ်ပါလား။ ဒါကြောင့် မူးယစ်ဆေးစွဲလန်းသူတွေ ရာဇဝတ်မှုကျူးလွန်လို့ ထောင်ချလိုက်ခြင်းဟာ ဥပဒေအရ သဘာဝကျပေမယ့် အဲဒီရာဇဝတ်မှုကို ကျူးလွန်ရတဲ့ အခြေခံအကြောင်းအရင်းကို ကိုင်တွယ်ဖြေရှင်းလိုက်ခြင်းတော့ လုံးဝ မဟုတ်ပါဘူး။
ဆေးစွဲသူကို ထောင်ချလိုက်ရုံနဲ့ ရာဇဝတ်မှုကျူးလွန်ခြင်းကို ဦးတည်စေတဲ့ စွဲလန်းခြင်းရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်စွမ်းမရှိပါဘူး။ ထောင်ထဲမှာ ဆေးဖြတ်တဲ့အခါ ကာယကံရှင်ရဲ့ကျန်းမာရေးအတွက်လည်း အန္တရာယ်ရှိဦးမှာဖြစ်ပါတယ်။ ဆေးစွဲသူကို ထောင်ချလိုက်ပြီးရင် အဲဒီလူ ဆေးပြတ်လို့ ခံစားရမယ့် “ယင်း”ကို ဘယ်သူမှ ဆက်လက်ပြီး ထည့်သွင်းစဉ်းစားပေးခြင်း မရှိတော့ပါဘူး။ အဖက်ဖက်က ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
မူးယစ်ဆေးစွဲလန်းခြင်းဟာ စိတ်ဆိုး၊ စိတ်ပျက်စရာကောင်းလှပါတယ်။ မူးယစ်ဆေးစွဲသူဟာ သူ့ကိုယ်သူထိခိုက်အောင် လုပ်နိုင်သလို သူ့ပတ်ဝန်းကျင်ကိုလည်း ထိခိုက်နစ်နာမှုဖြစ်စေနိုင်ပါတယ်။ ဒါကိုမငြင်းပါဘူး။ ဒါပေမယ့် အဲဒီထက် ပိုနက်နဲတဲ့ အကြောင်းတရားကို မြင်ဖို့လိုပါတယ်။
အဲဒါကတော့ မူးယစ်ဆေးဟာ ဦးနှောက်ကို အနုကြမ်းစီးလိုက်ပြီး စွဲလန်းတဲ့ရောဂါဖြစ်ပွားတယ် ဆိုတာပါ။ မူးယစ်ဆေးစွဲလန်းမှုကို ကိုင်တွယ်ဖြေရှင်းခြင်းက ရှုပ်ထွေးပြီး သိမ်မွေ့တဲ့ကိစ္စတခုပါ။ မူးယစ်ဆေးစွဲလန်းမှုနဲ့ဆက်စပ်ပြီး ရာဇဝတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးထောင်ချခြင်းဆိုတဲ့ ဖြေရှင်းနည်းထက် ပိုကောင်းတဲ့နည်းလမ်းများကို စဉ်းစားကြဖို့ မီးမောင်းထိုးပြလိုခြင်းပါ။
(စာရေးသူသည် မြန်မာဆရာဝန်တဦးဖြစ်ပြီး Population Services International, Myanmar တွင် Digital Media Officer အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသည်။)